ပါကစ္စတန်တွင် အမျိုးသမီးသီးသန့် စက်ဘီးစီးပြိုင်ပွဲများ ကျင်းပ

April 4, 2017

ပါကစ္စတန်တွင် အမျိုးသမီးသီးသန့် စက်ဘီးစီးပြိုင်ပွဲများ ကျင်းပ

ဧပြီ ၂ ရက်နေ့က ပါကစ္စတန်နိုင်ငံ အဓိကမြို့ကြီးတွေမှာ အမျိုးသမီးသီးသန့် စက်ဘီးစီးပြိုင်ပွဲတွေ ကျင်းပခဲ့ပြီး အမျိုးသမီး ဒါဇင်နဲ့ချီ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ဒါဟာ ပါကစ္စတန်မှာ အမျိုးသားတွေ ကြီးစိုးနေတာကို စိန်ခေါ်တဲ့ လှုပ်ရှားမှုတခု ဖြစ်ပါတယ်။ ဒီစက်ဘီးစီးပြိုင်ပွဲဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပြုလုပ်ခဲ့တဲ့ “ဒါဘာမိန်းကလေးများ” လှုပ်ရှားမှုတွေထဲက တခုဖြစ်ပါတယ်။ “ဒါဘာမိန်းကလေးများ” ဆိုတာဟာ လမ်းဘေးစားသောက်ဆိုင်တခုအမည်ဖြစ်ပြီး လူမြင်ကွင်းတွေမှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်ခွင့်ကို တိုးမြှင့်ပေးဖို့ပဲ ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ အသက် ၃၀ အောက် ဖြစ်ကြပေမယ့် အမျိုးသမီးငယ်တွေဟာ အလုပ်အကိုင်ရရှိရေးမှာ အတားအဆီးတွေနဲ့ ကြုံနေရပါတယ်။ သူတို့ဟာ မကြာခဏဆိုသလို အမျိုးသားကြီးစိုးတဲ့ နေရာတွေမှာ စိတ်အနှောင့်အယှက် ကြုံရကြောင်း အဲဒီလှုပ်ရှားမှုကို စီစဉ်သူက ပြောပါတယ်။ “ဒါဘာမိန်းကလေးများ” အဖွဲ့ဝင်တွေက သူတို့ဟာ အမျိုးသမီးဝါဒီ မျိုးဆက်သစ်ဖြစ်ကြောင်း၊ ရှေ့ကလူတွေ လုပ်သွားတာကို တိုးတက်အောင်လုပ်ဖို့ သန္နိဋ္ဌာန်ချထားကြောင်း ပြောခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ အမျိုးသမီးလှုပ်ရှားမှု အနည်းငယ်ရှိပေမယ့် အမျိုးသမီးစံနှုန်းတွေအကြောင်း ပြောဆိုကြသူတွေဟာ အဝေဖန်ခံရပြီး အနောက်တိုင်းယဉ်ကျေးမှု ကူးစက်သူ ဒါမှမဟုတ် အစ္စလာမ်စံနှုန်း မလိုက်နာသူအနေနဲ့ ရှုမြင်ခံရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up