မိုးအကြီးအကျယ် ရွာခဲ့လို့ ပါကစ္စတန်နိုင်ငံမြောက်ပိုင်းမှာ ရုတ်တရက် ရေကြီးခဲ့ပြီး သေဆုံးသူ အရေအတွက်က ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့က ၅၅ ဦး ရှိပြီလို့ အရာရှိတွေက ပြောပါတယ်။
Khyber Pakhtunkhwa ခရိုင်အတွင်း မြစ်ကမ်းဘေးမှာ စုရုံးနေတဲ့ လူအုပ်ကို ရေက ဖြတ်စီးနေပါတယ်။
အိမ်ခြေ ၁၅၀ နီးပါး ပျက်စီးခဲ့ပြီး အိုးအိမ်မဲ့ ဖြစ်ရသူတွေကို ယာယီတဲတွေနဲ့ စောင်တွေ ဝေပေးနေတယ်လို့ ကပ်ဘေး စီမံခန့်ခွဲရေးအရာရှိ ယူဆွတ်ဖ် ဇီယာက ပြောပါတယ်။
သူ့ခရိုင်တခုတည်းမှာတင် လူ ၄၇ ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရတယ်လို့ သူက ဆက်ပြောပါတယ်။
အိန္ဒိယနဲ့ ပိုင်နက်အငြင်းပွားနေတဲ့ ကတ်ရှ်မီးယားဒေသမှာ လူ ၈ ဦး သေဆုံးတယ်လို့ ကက်ရှ်မီးယား အရာရှိတွေက ပြောပါတယ်။
မြေပြိုမှုကြောင့် ကက်ရှ်မီးယားဒေသ ပါကစ္စတန်ဘက်အခြမ်းမှာ လမ်းတွေနဲ့ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦတွေ အကြီးအကျယ် ပျက်စီးတယ်လို့ သူတို့က ပြောပါတယ်။
သည်းထန်တဲ့မိုးတွေက အရှေ့မြောက်ပိုင်းကနေ အိန္ဒိယမြောက်ပိုင်းကို ဆက်ရွေ့လျား ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။
ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ နောက်ထပ် မုန်တိုင်းတွေ ထပ်လာဖို့ရှိတယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။
ဆွပ်တောင်ကြားဟာ အဆိုးရွားဆုံး ထိခိုက်တဲ့ ခရိုင်တွေထဲက တခုပါ။
ဧပြီ ၃ ရက်နေ့က မိုးရေချိန် ၄ ဒသမ ၇၆ လက်မ ရွာသွန်းခဲ့တယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။
5 years Ago