ပါကစ္စတန်

July 26, 2019

ပါကစ္စတန် ဝန်ကြီးချုပ်ကို အတိုက်အခံပါတီများ ဆန္ဒပြ

ပါကစ္စတန်နိုင်ငံတလွှားက မြို့တွေမှာ ဇူလိုင် ၂၅ ရက်က အတိုက်အခံပါတီတွေ ဆန္ဒပြ လူထုစုဝေးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိဝန်ကြီးချုပ် အမ်ရန်ခန်း ဦးဆောင်တဲ့ ပါကစ္စတန်အစိုးရဟာ နိုင်ငံစီးပွားရေးကို  ထိခိုက်အောင်လုပ်နေပြီး အတိုက်အခံတွေကိုလည်း ခြိမ်းခြောက်ဖို့ ကြိုးစားနေတယ်လို့ အဓိက အတိုက်အခံပါတီတွေက စွပ်စွဲခဲ့ကြပါတယ်။ လက်ရှိ ပါကစ္စတန်နိုင်ငံမှာ စီးပွားရေး အကျပ်အတည်းနဲ့ နိုင်ငံရေးရေချိန် ပြဿနာတွေ တိုးမြင့်လာနေချိန်မှာ "Black Day" လို့ခေါ်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာပါ။ ပါကစ္စတန်ရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ကရာချိမှာ အဓိက အတိုက်အခံပါတီတခုဖြစ်တဲ့  PPP ပါတီကို ထောက်ခံသူတွေ ထောင်ချီ စုဝေးခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် အမ်ရန်ခန်းရဲ့ အာဏာရ PTI ပါတီလက်ထက်မှာ  ကုန်ဈေးနှုန်းတွေတက်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း နည်းပါးလာတယ်လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်လာကြပါတယ်။ ဒါ့အပြင် လာဟိုးမြို့နဲ့ ပီရှာဝါမြို့တွေမှာလည်း အလားတူ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။ ဝန်ကြီးချုပ် အမ်ရန်ခန်း ဦးဆောင်တဲ့ အစိုးရအနေနဲ့ လက်ရှိ တိုင်းပြည်အခြေအနေနဲ့ ပတ်သက်ပြီး မကြာခင် တာဝန်ခံရမှာ ဖြစ်တယ်လို့ အဓိကအတိုက်အခံပါတီ တခုဖြစ်တဲ့ Pakistan Muslim League-Nawaz ပါတီခေါင်းဆောင် ရှာဘတ်ရှာရိဖ်က ဆန္ဒပြလူအုပ်ကို ပြောခဲ့ပါတယ်။
2 years Ago

July 18, 2019

အိန္ဒိယ ရေတပ်ကွန်မန်ဒါဟောင်းကို သေဒဏ်ချမည့်ကိစ္စ ပြန်သုံးသပ်ရန် နိုင်ငံတကာတရားရုံး အမိန့်ချ

အိန္ဒိယ ရေတပ်ကွန်မန်ဒါဟောင်းကို သူလျှိုလုပ်မှုနဲ့ ပါကစ္စတန်က သေဒဏ်ချမယ့် ကိစ္စအပေါ် ပြန်သုံးသပ်ဖို့ နိုင်ငံတကာ တရားရုံးက ဇူလိုင် ၁၇ ရက်မှာ အမိန့်ချလိုက်ပါတယ်။ နိုင်ငံတကာတရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်နေကြပါတယ်။ နိုင်ငံတကာ တရားရုံးက ပါကစ္စတန်ဟာ ကောင်စစ်ဝန်ဆက်ဆံရေးဆိုင်ရာ ဂျနီဗာကွန်ဗန်းရှင်းအရ အိန္ဒိယရေတပ် ကွန်မန်ဒါဟောင်း ဂျာဗတ်ရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။ အထောက်အထားတွေအရ ပါကစ္စတန်ဟာ အိန္ဒိယသံတမန်တွေကို ဂျာဗတ်နဲ့ တွေ့ခွင့်မပြုဘူးလို့ဆိုပြီး ထောက်ခံမဲ ၁၅ မဲ၊ ကန့်ကွက်မဲ ၁ မဲနဲ့ နိုင်ငံတကာတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ အလားတူ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးကလည်း ပါကစ္စတန် အနိုင်ရတယ်လို့ ဇူလိုင် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ခွတ်ရှီက “ကွန်မန်ဒါ ဂျာဗတ်ဟာ ပါကစ္စတန်မှာ ဆက်ရှိပြီး ပါကစ္စတန် ဥပဒေနဲ့အညီ အရေးယူမှာမို့ ဒါဟာ ပါကစ္စတန်အတွက် အောင်ပွဲဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ တရားသူကြီး ၁၆ ဦးပါဝင်တဲ့ ခုံအဖွဲ့က ပါကစ္စတန်အနေနဲ့ ဒီအမှုနဲ့ပတ်သက်လို့ ထိရောက်တဲ့ သုံးသပ်ချက်ကို တင်ပြရမှာဖြစ်ပြီး အဲဒီလိုဖြစ်ဖို့ရာ ဂျာဗတ် သေဒဏ်စီရင်မှုကို ဆက်လက်ဆိုင်းငံ့ထားဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
2 years Ago
More News
Up