ပါကစ္စတန်ဝန်ကြီးချုပ်

May 28, 2022

နိုင်ငံဒေဝါလီခံရခြင်းမှ ကာကွယ်ရန် လောင်စာဈေးနှုန်းမြှင့်ခြင်းဖြစ်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ပြော

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်စ်ရှရစ်ဖ်က  သူ့နိုင်ငံမှာ ဒေဝါလီခံရခြင်းကနေ ကာကွယ်ဖို့ မလွှဲမရှောင်သာ လောင်စာဆီဈးနှုန်းမြှင့်လိုက်ရတာ ဖြစ်တယ်လို့  မေ ၂၇ ရက်မှာ ပြောလိုက် ပါတယ်။

တိုင်းပြည်မှာ “ခက်ခဲတဲ့ စီးပွားရေးအခြေအနေ” ကို မျက်မြင်ကြုံတွေ့နေရလို့ အခုလို ဆုံးဖြတ်ချက်ချခဲ့ရတာဖြစ်ကြောင်း  အစိုးရထုတ်ပြန်ချက်ထဲမှာ သမ္မတရှရစ်ဖ်က ပြောထားပါတယ်။ 

အစိုးရဟာ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ( IMF) နဲ့  လောင်စာဆီ ထောက်ပံ့မှု ရပ်ဆိုင်းရေး အပါအဝင် သဘောတူညီချက်တခု အပြီးမှာ လောင်စာဆီဈေးနှုန်းတွေ တက်လာမှာ ဖြစ်ကြောင်း မေ ၂၆ ရက်နှောင်းပိုင်းမှာ အစိုးရကကြေညာခဲ့ပြီး ဒါဟာ ၂၀၁၉ ခုနှစ်က IMF နဲ့ လက်မှတ်ရေးထိုးထားတဲ့ ဒေါ်လာ ၆ ဘီလီယံ ထောက်ပံ့မှုအကူအညီကို ပြန်စတင်နိုင်မယ်လို့ ဆိုပါတယ်။ 

ဧပြီလမှာ တာဝန် စယူခဲ့တဲ့ ပါကစ္စတန်အစိုးရသစ်ဟာ အမြင့်ဈေး ရောက်နေတဲ့ လောင်စာဆီ ဈေးနှုန်းတွေကို ဖယ်ရှားပစ်ဖို့ တွန့်ဆုတ်နေခဲ့ပြီး ၁၆ လအတွင်း မျှော်မှန်းထားတဲ့ ရွေးကောက်ပွဲ တွေနဲ့ အတူ နိုင်ငံရေးအကျိုးဆက်တွေကို ကြောက်ရွံ့နေပါတယ်။

စီးပွားရေးကို အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲခံခဲ့ရပြီး ပြီးခဲ့တဲ့လက အစိုးရကနေ ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းက လောင်စာဆီဈေး ထိုးတက်နေမှုဟာ ပါကစ္စတန်သမိုင်းမှာ တခုတည်းသော အကြီးဆုံးကိစ္စ လို့ ဝေဖန်ထားပါတယ်။ 

ခန်းဟာ ဂဏန်းနှစ်လုံးထိ ငွေကြေးဖောင်းပွမှုဒဏ်ကို ရင်ဆိုင်နေရတဲ့ ပါကစ္စတန်ပြည်သူတွေ စိတ်သက်သာစေဖို့ သူ့ရဲ့အာဏာလက်ရှိ နောက်ဆုံးနေ့ရက်တွေမှာ လောင်စာဆီထောက်ပံ့မှုကို အကောင်အထည်ဖော်ခဲ့ပါသေးတယ်။ 

ဒါပေမဲ့ အဲဒါဟာ ၂၀၁၉ သဘောတူညီချက်ရဲ့စည်းကမ်းချက်တွေကနေ သွေဖည်သွားတယ်လို့ IMF က  ပြောကြားခဲ့ပါတယ်။ 

3 months Ago

May 26, 2022

ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို ထောက်ခံသူများအား မျက်ရည်ယိုဗုံး၊ နံပါတ်တုတ်များဖြင့် ပါကစ္စတန်ရဲတပ်ဖွဲ့ ဖြိုခွင်း

ရာထူးဖြုတ်ချခံ ပါကစ္စတန်ဝန်ကြီးချုပ် အင်မ်ရန်ခန်းကို ထောက်ခံသူတွေ မြို့တော် အစ္စလမ္မာဘတ်ကို ရောက်မလာအောင် ပါကစ္စတန်ရဲတပ်ဖွဲ့က မေ ၂၅ ရက်က မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်းခန်းက ထောက်ခံသူတွေကို မြို့တော်ကိုချီတက်ပြီး အစိုးရသစ် မတက်မချင်းနဲ့ ရွေးကောက်ပွဲအသစ် ကျင်းပမယ့်ရက်ကို ကြေညာတဲ့အထိ အဲဒီမှာပဲနေဖို့ တောင်းဆိုထားတာပါ။

ဝန်ကြီးချုပ်ဟောင်းဟာ ပြီးခဲ့တဲ့လက ညွန့်ပေါင်းအစိုးရမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို ဆုံးရှုံးခဲ့ပြီးနောက်မှာ စည်းလုံးကြတဲ့ အတိုက်အခံတွေက အယုံအကြည်မရှိ အဆိုတင်မဲခွဲပြီး သူ့ကို ရာထူးက ဖြုတ်ချခဲ့ကြပါတယ်။

တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ပြည်တွင်းရုပ်သံ ဗွီဒီယိုဖိုင်မှာတော့ ရဲတွေက ခန်းကို ထောက်ခံသူတွေနဲ့ တိုက်ခိုက်ပြီး ရိုက်နှက်နေတာတွေ၊ တချို့နေရာတွေမှာ သူတို့ယာဉ်တွေရဲ့ လေကာမှန်တွေကို ချိုးဖျက်ပြီး ရဲတပ်ဖွဲ့ဗင်ကားထဲကို ထိုးထည့်နေတာတွေ ပြသထားပါတယ်။

အစ္စလမ္မာဘတ်ရဲ့ အဝင်အထွက် လမ်းကြောင်းတွေ၊ ပါလီမန်လွှတ်တော်၊ အစိုးရရုံးတွေနဲ့ သံတမန်အဆောက်အဦတွေ အပါအဝင် အရေးကြီးနေရာတွေ အားလုံးကို လမ်းပိတ်ဆို့ထားကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ်ရှိ အဓိကမြို့ကြီးအားလုံးရဲ့ အဝင်အထွက်ဂိတ်တွေ အားလုံးနဲ့ တောင်အာရှဒေသမှာ သက်တမ်းအကြာဆုံးနဲ့ အရှည်ဆုံးလမ်းတခုဖြစ်တဲ့ Grand Trunk (GT) လမ်းမကြီးတို့ကိုလည်း ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့ အရန်တပ်ဖွဲ့ဝင်တွေကိုလည်း မေ ၂၄ ရက် ညနေပိုင်းကတည်းက ထူထူထပ်ထပ် တပ်ဖြန့်ချထားတယ်လို့ ဆိုပါတယ်။

ခန်းဟာ အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့မှာ စတင်ခဲ့တဲ့ လူထုစုဝေးပွဲကို ဦးဆောင်နေပြီး GT လမ်းကိုဖြတ်ပြီး မြို့တော် အစ္စလမ္မာဘတ်ကို ရောက်အောင် ကြိုးစားနေပါတယ်။

ခန်းရဲ့ချီတက်ပွဲကို အစိုးရက တားမြစ်ထားပြီး သူဟာ ဆန္ဒပြသူတွေကို အစ္စလမ္မာဘတ်မြို့ဆီ ဆိုးဆိုးရွားရွားပုံစံနဲ့ ခေါ်ဆောင်လာတယ်လို့ စွပ်စွဲထားပါတယ်။

ခန်းရဲ့ပါတီဟာ အစိုးရကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးဖို့ တရားရုံးချုပ်ကို အသနားခံစာ တင်ထားပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဒေါ်လာ ၆ ဘီလီယံ ကယ်ဆယ်ရေး အစီအစဉ်ကို ပြန်စတင်နိုင်မလားဆိုတဲ့ ကိစ္စအပေါ် ကြေညာချက်မထုတ်ပြန်ခင်နေ့ နှောင်းပိုင်းမှာ ပါကစ္စတန်နိုင်ငံအတွင်း နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။

3 months Ago
More News
Up