ပါကစ္စတန်နိုင်ငံ

December 12, 2019

ပါကစ္စတန် ဆေးရုံ ၁ ခုကို ရှေ့နေများ စီးနင်းတိုက်ခိုက်၊ လူနာ ၁ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့က ဆေးရုံတရုံကို ရှေ့နေ အယောက် ၁၀၀ ကျော် ဒီဇင်ဘာ ၁၁ ရက်က ဝင်စီးနင်းခဲ့လို့ လူနာအမျိုးသမီး တဦး သေဆုံးခဲ့ပါတယ်။ ရှေ့နေ တယောက်ကို ဆရာဝန်တွေ စော်ကားလို့ လက်တုံ့ပြန်တာဖြစ်ပြီး အခုလုပ်ရပ်ကြောင့် အသက် ၇၀ အရွယ် အဘွားအို လူနာ သေဆုံးခဲ့ရတယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။ အဓိကရုဏ်းသမားတွေဟာ ဆေးရုံနှလုံးရောဂါဌာန အထူးကြပ်မတ် ကုသဆောင်ထဲကို ဝင်စီးနင်းချိန်မှာ ရှိသမျှ အားလုံးကို ရိုက်ချိုးခဲ့တယ်လို့ ဆေးရုံဝန်ထမ်းတွေက အခိုင်အမာ ပြောပါတယ်။ အကြမ်းဖက်မှုအတွင်း ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း ဆေးရုံထဲက ထွက်ပြေး ခဲ့ရပါတယ်။  ဆန္ဒပြသူတွေဟာ သေနတ်တွေလည်း ပစ်ဖောက်ခဲ့ပြီး ကျောက်တုံးတွေ အုတ်ခဲတွေနဲ့ လည်း ပစ်ပေါက်ခဲ့တဲ့အပြင်  ရဲကားတစီးလည်း မီးရှို့ခံရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဆန္ဒပြလူအုပ်စုကို အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေသုံး လူစုခွဲခဲ့ပြီး ရှေ့နေအတော်များများကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ လူနာတွေ တန်းစီနေတဲ့နေရာမှာ တန်းစီဖို့ ငြင်းဆန်တဲ့ ရှေ့နေတယောက်ကို ဆရာဝန်တွေက ရိုက်ခဲ့တယ်ဆိုပြီး ရှေ့နေတွေက လက်စားချေခဲ့တာလို့ လာဟိုးမြို့ ဒေသန္တရအစိုးရအရာရှိ ခမ်ရမ်အလီက ပြောပါတယ်။ ရိုက်နှက်ပုံကို ဆရာဝန်တွေက လက်ကိုင်ဖုန်းနဲ့ ရုပ်သံရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့လို့ ရှေ့နေတွေက ဆရာဝန်တွေကို ဒေါသထွက်ခဲ့တာလို့လည်း သူက ပြောပါတယ်။  လူတချို့က ဆေးရုံဆီသွားပြီး တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ ရှက်စရာလို့ ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရက ပြောပါတယ်။ လတ်တလောမှာတော့ ပါကစ္စတန်ဝန်ကြီးချုပ်ရုံးက ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေး နေပါတယ်။ 
1 year Ago

October 31, 2019

ပါကစ္စတန်တွင် ရထားမီးလောင်မှုကြောင့် ၆၄ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ အောက်တိုဘာ ၃၁ ရက်နေ့က ရထားတစီး မီးလောင်တာကြောင့် လူ ၆၄ ယောက် သေဆုံးခဲ့တယ်လို့ မီးရထားဝန်ကြီးက ပြောပါတယ်။  ရထားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေဟာ ဂက်စ်ဘူးနဲ့ မနက်စာချက်ရင်း အခုလို မီးထလောင်ခဲ့တာပါ။  ပန်ဂျက်ပြည်နယ်တောင်ပိုင်း ရာဟင်မ်ယာခန်မြို့နားမှာ ရထားမီးလောင်ခဲ့တာဖြစ်ပြီး တွဲသုံးတွဲ မီးလောင်ပျက်စီးခဲ့ပါတယ်။  အဲဒီရထားဟာ ကရာချီမြို့ကနေ ရာဝါလ်ကင်ဒီမြို့ကို ထွက်ခွာလာတာဖြစ်ပြီး မတော်တဆမှုကြောင့် ခရီးသည်တွေ တော်တော်များများလည်း ဒဏ်ရာရခဲ့ကြပါတယ်။  ရထားမီးလောင်မှုအတွင်း စုစုပေါင်း ၆၄ ယောက်သေဆုံးခဲ့တယ်လို့ မီးရထားဝန်ကြီး ရှိတ်ခ်ရာရှိ အာမတ်က ရုပ်သံမိန့်ခွန်းမှာ အတည်ပြုပြောကြားခဲ့ပါတယ်။
2 years Ago
Up