ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

October 13, 2021

ဆီဆိုင်မြို့တွင် ပရဟိတသမား ၁ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့က မေတ္တာရောင်ခြည် ပရဟိတအသင်းမှာ လူမူကူညီရေးတွေ လုပ်ဆောင်နေတဲ့ ဦးစံဝင်းမောင်ကို အောက်တိုဘာ ၁၁ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်‌က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ အသက် ၆၀ အရွယ် ဦးစံဝင်းမောင်ဟာ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး အာဏာသိမ်းကာလအတွင်း ငြိမ်ချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)နဲ့  ဖေဖော်ဝါရီလမှာ အမှုဖွင့်ခံထားရသူတစ်ဦး ဖြစ်ပါတယ်။

တိမ်းရှောင်နေစဉ် စစ်ကောင်စီရဲ့ အမှုရုပ်သိမ်းပေးမယ်ဆိုတဲ့ ကြေညာချက်ကြောင့် နေအိမ်မှာ ပြန်လည်နေထိုင်စဉ် ဖမ်းဆီးခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူ့ကို ၅၀၅ (က) ထုတ်ထားလို့ ရှောင်နေတာ (၅) လလောက်ရှိပြီ။ အဲ့ဒါကို စစ်ကောင်စီက အမှုတွေ ရုပ်သိမ်းတယ်လို့ ကြေညာပြီးနောက်ပိုင်း သူ ဆီဆိုင်ကို ပြန်လာပြီး ပရဟိတအလုပ်တွေ ပြန်လုပ်နေတာကို လာဖမ်းသွားတာပဲ။” 

ဦးစံဝင်းမောင်ရဲ့ ဇနီးဖြစ်သူဟာလည်း မတ်လပိုင်းက ဖမ်းဆီးခံခဲ့ရပြီး ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) မှာ ချုပ်နှောင်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 weeks Ago

November 2, 2020

ဆီဆိုင်မြို့နယ်၌ ကြိုတင်မဲပေးချိန် မဲရုံပရဝဏ်အတွင်း မဲဆွယ်စည်းရုံးမှုများ ရှိနေ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့မှာ ကြိုတင်မဲပေးနေတဲ့အချိန် မဲရုံပရဝဏ်အတွင်း ပါတီအချို့ မဲဆွယ်စည်းရုံးမှု ရှိနေပါတယ်။ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု မဲရုံအမှတ် (၁) မှာ ကြိုတင်မဲလာပေးတဲ့ အသက် ၆၀ နဲ့အထက် အဘိုးအဘွားတွေကို PNO ပါတီထုတ် နဂါးတံဆိပ် မဲဆွယ်ပညာပေးစာအုပ်နဲ့ ပညာပေးစေခိုင်းမှုတွေ ပြုလုပ်နေတယ်လို့ မဲရုံလေ့လာသူတွေက ပြောပါတယ်။ မဲရုံလေ့လာသူ ခွန်လေခမ်းက “မဲရုံပရဝဏ်အတွင်းမှာ မဲရုံရှေ့မှာပေါ့၊ ရွာသားက မဲလာပေးတဲ့ အဘိုးအဘွားတွေကို PNO ပါတီကထုတ်တဲ့ မဲပညာပေးစာအုပ်နဲ့ အဘိုးအဘွား တွေကို ပညာပေးနေတယ်။ နဂါးကို တံဆိတ်ရိုက်နှိပ်ခိုင်းတာပေါ့။ ပါတီကခိုင်းတာလား၊ ဘယ်သူခိုင်းတာလဲမသိဘူး။ တာဝန်ကျရပ်ကျေးကော်မရှင်ကိုပြောပြတော့ မဲရုံင်အပြင်ဘက်က ရတယ်လို့ ပြောနေတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် တချို့မဲရုံမှာ မဲပေးနေတဲ့ အဘိုးအဘွားတွေကို လျှို့ဝှက်မဲပေးခန်းအထိ နှစ်ယောက်သုံးယောက် စောင့်ကြည့်ပြီး ဟိုပါတီ၊ ဒီပါတီကို ထည့်ဖို့ ညွန်ကြားနေတာလည်း ရှိနေတယ်လို့ဆိုပါတယ်။ ကြိုတင်မဲပဲဖြစ်ဖြစ်၊ မဲပေးတဲ့နေ့ပဲဖြစ်ဖြစ် မဲရုံပရဝဏ် ကိုက် ၅၀၀ အတွင်း နိုင်ငံရေး ပါတီမဲဆွယ်ခြင်းမပြုလုပ်ရပေမယ့် ဒီလိုဖြစ်ပွားမှုက တိုင်ကြားမှုရှိမှ ကော်မရှင်က ဖြေရှင်းပေးမယ်လို့ ဆီဆိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်နိုင်က ပြောပါတယ်။ “အရင်ကတည်းက နည်းဥပဒေမှာ မဲရုံနဲ့ ကိုက် ၅၀၀ အတွင်းမှာ ဘာမှမရှိရဘူးလေနော်၊ ကြိုတင်မဲလည်း အဲလိုပဲပေါ့။ ဖြစ်ပွားရင်တိုင်ကြားမှ အရေးယူလို့ရတာ၊ မတိုင်ကြားရင် ဖြေရှင်းလို့ရရင် မြို့နယ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့နဲ့ ဖြေရှင်းလိုက်တာပေါ့။” ဆီဆိုင်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁ သိန်း ၆ သောင်းကျော်ရှိပြီး အသက် ၆၀ နှစ်နဲ့အထက် သက်ကြီးရွယ်အို အပါအဝင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ ၁၁,၀၀၀ ဦးခန့်ရှိကာ အောက်တိုဘာ ၃၀ ရက်နေ့အထိ ကျား ၉၄၇ ဦး၊ မ ၁၂၄၉ ဦး စုစုပေါင်း ၂၁၉၆ ဦး ကြိုတင်မဲပေးပြီးပြီလို့ သိရပါတယ်။ ခွန်ရာဇာ
12 months Ago
More News
Up