ပလိပ်​ပန်​ဒါချည်​မျှင်​စက်ရုံ

August 4, 2018

ပလိပ်​ပန်​ဒါချည်​မျှင်​စက်ရုံက အလုပ်​သမား ၉၇ ဦးကို အလုပ်​ထုတ်

မန္တ​လေးတိုင်း စဥ့်ကိုင်​မြို့နယ်​ ပလိပ်​ပန်​ဒါချည်​မျှင်​နဲ့ အ​ချောကိုင်​စက်​ရုံက EC စာချုပ် မချုပ်​တဲ့ အလုပ်သမား ၄၀၀ ​ကျော်​ထဲက ​​အလုပ်​သမား ၉၇ ​ယောက်​ကို အလုပ်​ ထုတ်​ပယ်​​ကြောင်း ပန်​ဒါကုမ္ပဏီက တရားဝင်​​ကြေညာချက်​ အမိန့်​စာထုတ်​ပြန်​လိုက်​ပါတယ်​။ အခုလို အလုပ်​က​နေ အလုပ်​သမားအများစုကို အလုပ်​ကထုတ်​လိုက်​တာဟာ ဥပ​ဒေနဲမညီညွတ်​ဘဲ ဥပ​ဒေကို လက်​တလုံးခြားလုပ်​နေတာလို့ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး မဇာခြည်​ဝင်းက​ ပြောပါတယ်​။ ပန်​ဒါကုမ္ပဏီရဲ့ အ​ထွေ​ထွေမန်​​နေဂျာ ​ဒေါ်တင်​တင်​​ရွှေက​ “EC စာချုပ်​ကို ပြန်​လည်​မချုပ်​ဆိုချင်​တဲ့ အလုပ်​သမား​တွေကိုသာ ကျမတို့က အလုပ်​ကထုတ်​တာပါ။ EC စာချုပ်​ကို ချုပ်​ဆိုမယ့် အလုပ်​သမား​တွေကို ကျမတို့က လက်​ခံသွားမှာပါ။ ဥပ​ဒေနဲ့အညီ EC စာချုပ်​ကို ချုပ်​ဆိုတဲ့အလုပ်​သမား​တွေနဲ့ပဲ ကျမတို့စက်​ရုံက ​ရှေ့ဆက်​သွားမယ်​” လို့ ပြောပါတယ်​။ အလုပ်​ရှင်​က အခုလို အလုပ်​သမားအများစုကို အလုပ်​ကထုတ်​ပယ်​လိုက်​တာတဲ့အတွက်​ နှစ်​ဦးနှစ်​ဖက် ​အဆင်​​ပြေ​အောင်​ ညှိနှိုင်း​ပေး​နေတယ်​လို့ စဥ့်ကိုင်​မြို့နယ်​ တိုင်​​ဒေသကြီး လွှတ်​​တော်​ကိုယ်စားလှယ် ​ဦးလှိုင်​ဝင်းက​ ပြောပါတယ်​။ ပလိပ်​ပန်​ဒါချည်​မျှင်​စက်​ရုံက အလုပ်​သမား ၂၅၀ ဟာ ဇူလိုင်​ ၂၉ ရက်​က  အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ် EC စာချုပ်​ ပြန်​မချုပ်​ဆိုဖို့ကို ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်က အမှတ် ၂ ပလိပ် ချည်မျှင်စက်ရုံကို ပန်ဒါကုမ္ပဏီဟာ အစိုးရဆီကနေ ၂ဝ၁၃ ခုနှစ် ဧပြီလက လွှဲပြောင်းရယူပြီး နှစ် ၃၀ စာချုပ်နဲ့ ငှားရမ်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။
3 years Ago
Up