ပလတ်စတစ်အိတ်

December 6, 2018

ထိုင်းနိုင်ငံရှိ ကုန်တိုက်ကြီးများတွင် ပလတ်စတစ်အိတ် အသုံးမပြုရေး အစီအစဉ် စတင်

ထိုင်းနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ ပလတ်စတစ်အိတ်တွေ နည်းနိုင်သမျှ နည်းပါးသွားဖို့ ပလတ်စတစ်လျော့ချရေး လှုပ်ရှားမှုကို စတင်လုပ်ဆောင်နေပါတယ်။ ထိုင်းအမျိုးသားသဘာဝသယံဇာ ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့ ကုန်တိုက်ပိုင်ရှင်များအသင်း၊ စူပါမားကတ်နဲ့ ကုန်စုံဆိုင်တို့ဟာ ပလတ်စတစ်အိတ် အသုံးပြုမှု လျော့ချရေးအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဒီဇင်ဘာ ၄ ရက်နေ့မှာ ကျရောက်တဲ့ ထိုင်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကစလို့ လုပ်ဆောင်နေတာပါ။ လှုပ်ရှားမှုအစီအစဉ်အရ ဈေးဝယ်သူတွေကို ပလတ်စတစ်အိတ်နဲ့ ကျွတ်ကျွတ်အိတ်တွေ ထည့်မပေးတော့ဘဲ စက္ကူအိတ်တွေနဲ့သာ ထည့်ပေးခဲ့ကြတယ်လို့ mthai တီဗွီသတင်းမှာ ဖော်ပြပါတယ်။ ဈေးဝယ်လာသူတွေ အနေနဲ့လည်း ဖြစ်နိုင်ရင် ချည်သားတွေနဲ့ လုပ်ထားတဲ့ မိမိကိုယ်ပိုင်အိတ်တွေ ယူဆောင်လာဖို့၊ မိမိဆီမှာ အပိုရှိရင်လည်း ကုန်တိုက်ရှိ အိတ်အလှူလက်ခံရာဌာနမှာ လာလှူထားပြီး တပါးသူကို ဆက်လက်ဝေမျှပေးဖို့ပါ နှိုးဆော်ထားပါတယ်။ ဒါ့အပြင် ဆေးရုံတွေမှာလည်း ပြင်ပလူနာတွေကို ဆေးထည့်ပေးလိုက်တဲ့အခါ ခါတိုင်းလို ပလတ်စတစ်အိတ်နဲ့ မထည့်ဘဲ စက္ကူအိတ်နဲ့သာ ထည့်ပေးခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံမှာ အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းပမာဏဟာ နှစ်စဉ် တန်ချိန်ပေါင်း ၂၇ သန်းရှိနေပြီး အမြင့်တွေပုံလိုက်ရင် တိုက်အိမ်အလုံးပေါင်း ၁၄၀ စာလောက် ရှိနေတာပါ။ နေ့စဉ် စွန့်ပစ်ပစ္စည်းပမာဏ တန်ချိန် ၇ သောင်းလောက်ရှိပြီး ပျှမ်းမျှ လူတဦးကို အမှိုက် ၁ ဒသမ ၄ ကီလိုဂရမ် စွန့်ပစ်နေတယ်လို့ ဆိုပါတယ်။ အမှိုက်တွေကို အမျိုးအစားအလိုက် ခွဲကြည့်ရင် မြေကြီးထဲပျော်ဝင်နိုင်တဲ့ အထွေထွေအမှိုက်က ၆၄ ရာခိုင်နှုန်း၊ ပြန်အသုံးပြုနိုင်တဲ့ ရီဆိုင်ကယ်အမှိုက်က ၃၀ ရာခိုင်နှုန်း၊ ပြန်သုံးလို့ရတဲ့ အမှိုက်နဲ့ အသုံးပြုလို့မရတဲ့ အမှိုက်ဆိုပြီး ခွဲခြားစွန့်ပစ်ထားတဲ့ အမှိုက်က ၃ ရာခိုင်နှုန်း၊ မြေထဲပျော်ဝင်နိုင်စွမ်းမရှိတဲ့ အန္တရာယ်ရှိ ဓာတ်မီးအဟောင်း၊ မီးလုံး၊ မီးချောင်း၊ စက်ရုံအလုပ်ရုံအမှိုက်၊ ဖော့ဘူးနဲ့ ပလတ်စတစ်အိတ်တွေက ၃ ရာခိုင်နှုန်းရှိတယ်လို့ သဘာဝ သယံဇာတ ထိန်းသိမ်းရေးဌာန စာရင်းအရ သိရပါတယ်။ သဘာဝဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းတောင်ပိုင်း စူရတ်ဌာနီနဲ့ ကော့စမွီကျွန်းရှိ ပြည်သူတွေက ပင်လယ်ကမ်းခြေတလျှောက် အမှိုက်တွေ လိုက်လံကောက်ယူ ရှင်းလင်းခဲ့ပါတယ်။
3 years Ago

June 3, 2018

သေဆုံးခဲ့သည့် ဝေလငါးဝမ်းဗိုက်အတွင်းမှ ပလတ်စတစ်အိတ်ပေါင်း ၈၀ ကျော်တွေ့ရှိ

ပလတ်စတစ်အိတ် ၈၀ ကျော်ကို မျိုချမိမှုကြောင့် ဝေလငါးတစ်ကောင် သေဆုံးသွားခဲ့တယ်လို့ The Guardian သတင်းဌာနက ဖော်ပြပါတယ်။ သေဆုံးသွားတဲ့ ဝေလငါးပေါက်လေးဟာ မလေးရှားနယ်စပ်အနီးမှာ ရှိတဲ့ ထိုင်းကမ်းခြေတခုမှာ သောင်တင်နေခဲ့တာဖြစ်ပြီး သူ့ကို စတွေ့ချိန်ကတည်းက အသက်မျှင်းမျှင်းလေးသာ ရှိတော့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ဝေလငါးလေးရဲ့ အသက်ကို ကယ်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း၊ ရင်ခွဲစစ်ဆေးမှုပြုလုပ်စဉ် ဝေလငါးရဲ့ အစာအိမ် အတွင်း ၈ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ပလတ်စတစ်အိတ်ပေါင်း ၈၀ ကျော်ကိုတွေ့ခဲ့ရကြောင်း ထိုင်းကမ်းရိုးတန်းဌာနက ပြောပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်မှာ ငါးပါးစပ်ထဲက ပလတ်စတစ်အိတ် ၅ လုံးနီးပါး အန်ထွက်ခဲ့တယ်လို့လည်း သိရပါတယ်။ “အစားအိမ်ထဲရောက်နေတဲ့ ပလတ်စတစ်အိတ်တွေကြောင့်  ဝေလငါးဟာ အဟာရဖြစ်မယ့် တခြားအစားအစာကို မစားနိုင်တော့တာပါ” လို့ ပင်လယ်ဆိုင်ရာ သတ္တဗေဒ ပညာရှင် သွန်းက ပြောပါတယ်။ “ခင်ဗျားဗိုက်ထဲမှာ ပလတ်စတစ်အိတ်အလုံး ၈၀ လောက်ရှိနေတယ်ဆိုရင် ခင်ဗျားလည်း အသက်ရှင်ဖို့ ခက်ခဲပါလိမ့်မယ်” လို့ သူကဆက်လက်ပြောကြားပါတယ်။ ထိုင်းနိုင်ငံဟာ ပလတ်စတစ်အိတ်အသုံးပြုမှုအများဆုံး ကမ္ဘာ့နိုင်ငံတွေထဲကတခုဖြစ်ပြီး ပလတ်စတစ်အိတ်တွေကြောင့် ဝေလငါး၊ လင်းပိုင်နဲ့ ပင်လယ်လိပ်တွေအပါအဝင် ထိုင်းရေပိုက်နက်တွင်းက ရေနေသတ္တဝါ အနည်းဆုံး ကောင်ရေ ၃၀၀ လောက် နှစ်စဉ်သေဆုံးနေရပါတယ်။
4 years Ago
Up