ပလက်ဝမြို့နယ်

October 27, 2020

ပလက်ဝမြို့နယ်ရှိ ကျေးရွာအုပ်စု ၉၄ အုပ်စုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ကြေညာ 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၉၄ အုပ်စုမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေမရှိတဲ့အတွက် ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့က ကြေညာထားတဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက ကျေးရွာအုပ်စု တချို့မှာတော့ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြန်လည် ထုတ်ပြန် ကြေညာထားပါတယ်။ ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမယ့်နယ်မြေစာရင်းကနေ ပယ်ဖျက်ပြီး ရွေးကောက်ပွဲ ကျင်းပမယ့် ကျေးရွာအုပ်စုတွေထဲမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲက ဂုံးချိန်ကျေးရွာအုပ်စု၊ စစ်တော ကျေးရွာအုပ်စု၊ အဝတောင် ကျေးရွာအုပ်စု၊ အမ်းမြို့နယ်ထဲက အမ်းမြောက်ကျေးရွာ အုပ်စု၊ အောက်ကျေးရွာအုပ်စု၊ လုံးကောက်ကျေးရွာအုပ်စုနဲ့ အမ်းတောင် ကျေးရွာအုပ်စုတို့ ပါဝင်ပါတယ်။ အလားတူ  ရှမ်းပြည်နယ် မူဆယ်မြို့နယ် မူဆယ်မြို့ တော်ရွက်ရပ်ကွက်၊ လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာအုပ်စုနဲ့ ကွမ်းလုံမြို့နယ် မန်ပြိန်းကျေးရွာအုပ်စုတို့မှာလည်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြန်လည်ကြေညာလိုက်ပါတယ်။  အဆိုပါရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ လွတ်လပ်တရားမျှတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ထပ်မံစိစစ်တင်ပြချက်အရခုလို ကြေညာလိုက်တာလို့လည်း ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း လက်မှတ်နဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
1 year Ago

October 23, 2020

ပလက်ဝမြို့နယ် ပြင်ပရောက်နေသူများ ကြိုတင်မဲထည့်နိုင်ရန် ချင်းပြည်နယ်အစိုးရ စီစဉ်ပေးနေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပြင်ပရောက်ရှိနေသူတွေ ကြိုတင်မဲထည့်နိုင်ဖို့ ချင်းပြည်နယ်အစိုးရက သက်ဆိုင်ရာမြို့နယ်တွေနဲ့ ညှိနှိုင်းစီစဉ်ပေးနေတယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှု လက်မှု ဝန်ကြီးဦးစိုးထက်က ဒီဗွီဘီကိုပြောပါတယ်။ "ပလက်ဝ ပြင်ပ ရောက်ရှိနေသူတွေကို သူတို့ရောက်နေတဲ့ မြို့နယ်တွေမှာ ပုံစံ ၁၅ ထုတ်ပြီး ကြိုတင်မဲပေးလို့ရအောင် ကျနော်တို့ဘက်က သက်ဆိုင်ရာမြို့နယ်တွေနဲ့ညှိနှိုင်းပြီး စီစဉ်ပေးနေပါတယ်။” ကြိုတင်မဲလက်မှတ်တွေကို ပလက်ဝမှာ မဲစာရင်းပါဝင်သူတွေသာ မဲထည့်နိုင်မှာဖြစ်ပြီး တခြားမြို့တွေမှာ ပုံစံ ၃ (က) ဝင်ပြီးသူတွေ အနေနဲ့ ပုံစံ ၁၅ ​လျှောက်ထားခွင့် မရှိကြောင်း၊ ကြိုတင်မဲလက်မှတ်ပုံစံ ၁၅  လျှောက်ထားရမယ့်နောက်ဆုံးရက်က အောက်တိုဘာလ ၂၅ ရက် ဖြစ်ပြီး ပလက်ဝမြို့နယ်ကော်မရှင်မှ မဲလက်မှတ်နောက်ဆုံး ​ပေးပို့ရမှာက နိုဝင်ဘာ ၁ ရက်နေ့အထိဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ ပလက်ဝမြို့နယ်မှာ မဲပေးမှုအနေအထားနဲ့ပတ်သက်ပြီး ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC) ဒုဥက္ကဋ္ဌစောမြက "မဲရုံတွေအတွက် လိုအပ်တဲ့ပစွည်းတွေတော့ ပြည့်စုံအောင်ရောက်နေပါပြီ။ ရွေးကောက်ပွဲကော်မရှင်က အကောင်းဆုံး ပြင်ဆင်နေတာတွေတော့ရှိပါတယ်" လို့ ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပလက်ဝမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၂၈၀၀ ‌ကျော်ရှိပြီး မဲရုံ ၁၇၉ ရုံထားရှိဖို့ လျာထားတယ်လို့ ချင်းပြည်နယ်အစိုးရဆီက သိရပါတယ်။ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင်ဆန္ဒမဲလျှောက်လွှာတွေကို အောက်တိုဘာ ၂၅ ရက် နောက်ဆုံးထား တင်သွင်းရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားပါတယ်။ သတင်း - Pra Jaw
1 year Ago
More News
Up