ပလက်ဝဒေသခံ

March 17, 2020

တိုက်ပွဲကြောင့် ပလက်ဝဒေသခံ ၂၀၀၀ ကျော်ထွက်ပြေးလာ

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်ဘက်ကနေ ဆမီးမြို့ပေါ်ကို စစ်ဘေးရှောင်၂၀၀၀ ကျော် ထွက်ပြေးလာကြပါတယ်။ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပလက်ဝမြို့နယ်အောက်ပိုင်း မိတ်စာဝ၊ ဝက်မ၊ ပြိုင်းတင်းစတဲ့ ကျေးရွာအသီးသီးကနေ့ ဆမီးမြို့ကို စစ်ဘေးရှောင် ၂၀၀၀ ကျော်ထွက်ပြေးလာကြတယ်လို့ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထိုက်က ဒီဗွီဘီကို ပြောပါတယ်။ “မနေ့ညအထိဆိုရင် ၁၄၀၀ ကနေ ၁၅၀၀ အထိရှိတာပေါ့နော်။ ဒီကနေ့မနက်ပိုင်းအထိ တဖွဲ့ဖွဲ့လာနေကြတယ်။ ဒီနေကနေ့ နေ့လယ်ပိုင်းအထိ စာရင်းကတော့ စစ်ဘေးရှောင် ၂၀၀၀ ကျော်နေပြီးဗျ၊ မနေ့က ထွက်ပြေးလာ့တဲ့လူပေါင်း ၃၀၀ ကျော်လောက်ကိုတော့ ရပ်ကွက် ၃ ဘုးရာကျောင်းတွေနဲ့ လပ်တဲ့နေရာတွေမှာထားတယ်။ ကယ်ဆယ်ရေးပေးမယ်ဟာတွေနဲ့ ပတ်သက်လို့ ကော်မတီဖွဲ့ပြီတော့ လုပ်ဆောင်နေကြတာရှိတယ်။” ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေကိုတော့ ဆမီမြို့ပေါ်က အခြေခံကျောင်း၊ အိုးအိမ်၊ ထွေအုပ်ရုံး၊ ဆောက်လုပ်ရေးနဲ့ ဘာသာရေး အဆောက်အအုံတွေမှာနေရာချပေးဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ ပလက်ဝမြို့နယ်မှာ အခုရက်ပိုင်းတွေအတွင်း တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၁ ဦး သေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထိုက်က “သေဆုံးတာကတော့ ၂၁ ဦးပါ၊ ထိခိုက်ဒဏ်ရာတာ ၂၈ ယောက်ရှိပါတယ်။ ၁၄ ရက်နေ့ကတုန်းက ၁၂ ဦး သေဆုံးခဲ့တာပေါ့။ ၁၅ ရက်ညနေပိုင်းမှာတော့ ဝက်မအုပ်စုမှာ ၈ ယောက် နေရာမှာပဲ သေတယ်။ ပြိုင်းတင်းကျေးရွာ ကျောင်းသူ ၁ ယောက်သေတယ်။ အားလုံးစုစုပေါင်း၂၁ ယောက်ပေါ့နော်သေဆုံးတာ။”လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ ထွက်ပြေးလာတာ တဖြည်းဖြည်းနဲ့ များပြား လာလို့ နေထိုင်စားသောက်ရေးအတွက် ကော်မတီတွေဖွဲ့ လုပ်ဆောင်နေပေမယ့် ဆန်ရိက္ခာတွေ အရေးတကြီးလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီတဲ့ ပရဟိတအဖွဲ့ကပြောပါတယ်။
2 years Ago

March 11, 2020

တိုက်ပွဲကြောင့် ဆန်ပြတ်လပ်နေသည့် ပလက်ဝဒေသခံများအတွက် ဆန်လှူဒါန်းမည် 

တပ်မတော်နဲ့ အေအေတို့ရဲ့တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝဒေသမှာ ကုန်သွယ်ရေးလမ်းပိတ်နေပြီး ဒေသခံတွေ ဆန်ပြတ်လပ်နေတဲ့အတွက် ကလေးဒေသရှိ အရပ်ဖက်အဖွဲ့အစည်းတွေက ဆန်အိတ် ၁၀၀ လှူဒါန်းဖို့ စီစဉ်နေပါတယ်။ ကလေးမြို့ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)၊ ကလေးမြို့ဆန်စက်လုပ်ငန်းရှင်များအသင်းနဲ့ ချင်းတိုင်းရင်းသားတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းပြီး ဆန်အိတ် ၁၀၀ လှူဒါန်းဖို့ ကလေးမြို့ရှိ တီးတိန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပူးကျင်ရှင်းထန်ရဲ့ နေအိမ်မှာ ပြီးခဲ့တဲ့မတ်လ ၈ ရက်ကစပြီး အလှူခံဌာန ဖွင့်လှစ်ခဲ့ပါတယ်။ ကလေးဒေသခံလူငယ် ကိုကြည်ရအောင်က “ခုလို ကူညီလှူဒါန်းဖို့ တောင်ပေါ်ကားလိုင်းက ကိုသန်းနိုင်ကတဆင့် ပလက်၀ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ ချင်းအမျိုးသားနေ့မှာ ချိတ်ဆက်မိပြီး စစ်ဘေးသင့်ပြည်သူ တွေကိုကူညီဖို့ ဖြစ်လာတာ” လို့ ပြောပါတယ်။ ကလေးဒေသကနေ ဆန်တင်ပို့ဖို့အတွက် သက်ဆိုင်သူအားလုံး ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး အနည်းဆုံး ဆန်အိတ် ၁၅၀ လောက် လှူဒါန်းနိုင်ဖို့ လျာထားတယ်လို့လည်းသိရပါတယ်။ ကလေးမြို့ခံ ၈၈ မျိုးဆက်အဖွဲ့၀င်တဦးက “ကျနော်တို့တတွေဟာ လူမျိုးကွဲပေမယ့် လူဆိုတာတော့ အတူတူပါပဲ။ တနိုင်ငံထဲသားတွေ ဒုက္ခရောက်တာကို  ကျနော်တို့ကူညီရတာ ကုသိုလ်ရပါတယ်။ ဘယ်သူပဲ ချင်း၊ ဗမာ ခွဲနေနေ ကျနော်တို့အချင်းချင်း လူကို လူလို့ မြင်နေဖို့ပဲ လိုတယ်” လို့ ပြောပါတယ်။ ကလေးမြို့က အလှူခံရရှိတဲ့ ဆန်တွေကို ပလက်၀အထိ သွားရောက်ဖို့ မဖြစ်နိုင်တာကြောင့် အနီးဆုံးနေရာအထိ ပေးပို့ လှူဒါန်းသွားမှာ ဖြစ်ပြီး ပလက်၀မှာ ဆန်ဈေး တအိတ်ကို တစ်သိန်းထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ သတင်း- မင်းရဲစစ်နိုင်
2 years Ago
Up