.ပရီးမီးယားလိဂ်

February 4, 2021

ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်မခေါ်နိုင်တော့ဟု လီဗာပူးနောက်ခံလူ ဝန်ခံ

လက်ရှိအနေအထားအရ လီဗာပူးအသင်းဟာ ပရီမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အနေအထား မရှိတော့ဘူးလို့ နောက်ခံလူအန်ဒီရော်ဘတ်ဆန်က ဝန်ခံပါတယ်။ 

ဗုဒ္ဓဟူးနေ့ အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့အပြီးမှာ အခုလို ဝန်ခံခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒီပွဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို စတီဗင် အယ်လ်ဇာတီက ပွဲချိန် ၅၆ မိနစ်မှာ သွင်းယူခဲ့ ပါတယ်။ 

ဒီပွဲမှာ လီဗာပူးအသင်းရဲ့ တိုက်စစ်ကစားပုံဟာ တော်တော်လေးဆိုးရွားခဲ့ပြီး ပွဲချိန်အတွင်း ဂိုးပေါက်တည့်မှုဟာ ၁ ကြိမ်သာ ရှိခဲ့ပါတယ်။ 

ဒီရှုံးပွဲကြောင့် လီဗာပူးအသင်းဟာ ထိပ်ဆုံးက မန်စီတီးအသင်းနဲ့ ၇ မှတ်အထိ ကွာဟ သွားခဲ့ပြီဖြစ်ပြီး မန်စီတီးက ပွဲကျန်တစ်ပွဲရှိနေပါသေးတယ်။ 

လီဗာပူးအသင်းဟာ ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီအတွင်း သူတို့ လုပ်ပြနိုင်ခဲ့တာတွေကို လိုက်မီဖို့ ရုန်းကန်နေရပြီး အိမ်ကွင်း တိုက်စစ်စွမ်းဆောင်ရည်ကလည်း သိသိသာသာကျဆင်းနေပါတယ်။

လီဗာပူးဟာ ၁၉၈၄ နောက်ပိုင်း ပထမဆုံးအဖြစ်အိမ်ကွင်း ၃ ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့ ခြင်းမရှိဘဲ အန်ဖီးလ်မှာ သူတို့ရဲ့ ဂိုးမဲ့အနေအထားဟာ ၃၄၈ မိနစ်အထိရှိလာပြီလည်း ဖြစ်ပါတယ်။

ပွဲအပြီး ဘီဘီစီသတင်းနဲ့တွေ့ဆုံရာမှာရော်ဘတ်ဆန်က “ဘရိုက်တန်က ပိုကောင်းခဲ့ပါတယ်။ ဒီအခြေအနေကြောင့် စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ အသင်းက ကျနော်တို့ ဖြစ်စေချင်တဲ့အတိုင်း ကစားကာ အခွင့်အရေးတွေလည်း ဖန်တီးခဲ့တာကြောင့် ချီးကျူးဖို့တော့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ ရှုံးပွဲမရှိ စံချိန်ဟာလည်း ကျိုးပျက်သွားခဲ့ပြီဖြစ်ပြီး မစွမ်းဆောင်နိုင်ဘူးဆိုရင် လိုချင်တဲ့ ရလဒ်ကို ရမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာ မန်စီတီးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမယ့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၂ နှစ်ဆက်တိုက် ရယူရေး စိန်ခေါ်နိုင်ဖို့ အဝေးမှာ ကျန်ခဲ့ပြီလို့ ဝန်ခံပါတယ်။

2 years Ago
Up