ပရီးမီးယားလိဂ်အဖွဲ့ချုပ်

October 7, 2020

ပရိသတ်များ ကွင်းထဲဝင်ကြည့်ရှုခွင့်ပြုရန် ပရီးမီးယားလိဂ်အဖွဲ့ချုပ် တောင်းဆို

ပရိသတ်တွေကွင်းထဲ ဝင်ရောက်ကြည့်ရှုခွင့်ကို တတ်နိုင်သမျှ အမြန်ဆုံးဆောင်ရွက်ပေးဖို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဗြိတိန်အစိုးရထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပါတယ်။  ဒီပေးစာကို အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် (EFL)၊ ဘောလုံးအဖွဲ့ချုပ် (FA)၊ အမျိုးသမီး FA တို့က ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးခဲ့ပြီး စမ်းသပ်မှုရလဒ်တွေမှာ ပရိသတ်တွေကို အရေအတွက်ကန့်သတ်ပြီး ဘေးကင်းစွာနဲ့ ကွင်းထဲဝင်ရောက် ကြည့်ရှုဖို့ အဆင်ပြေကြောင်း တွေ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် ရည်ရွယ်တဲ့ အစိုးရရဲ့ ကန့်သတ်မှု အသစ်တွေဟာ နောက်ထပ် ၆ လအထိ ကြာမြင့်နိုင်တယ်လို့ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ပြီးခဲ့တဲ့လမှာ ပြောခဲ့ပါတယ်။  ဒါ့ကြောင့် အောက်တိုဘာ ၁ ရက်နေ့မှာ ပရိသတ်တွေ ကွင်းထဲဝင်ရောက်ကြည့်ရှုခွင့်ပြုဖို့ အစီအစဉ်တွေဟာလည်း ရွှေ့ဆိုင်းခဲ့ရပြန်ပါတယ်။ ဂျာမနီ အပါအဝင် ဥရောပနိုင်ငံတချို့မှာ ပရိသတ်တွေကို အရေအတွက် ကန့်သတ်ချက်နဲ့ ကွင်းထဲကို ပြန်လည်ဝင်ရောက်ခွင့်ပြုထားပြီဖြစ်ပြီး UEFA က ကျင်းပတဲ့ ကလပ်အသင်းပြိုင်ပွဲတွေနဲ့ နိုင်ငံတကာပွဲတွေမှာလည်း ဝင်ရောက်ခွင့်ပြုထားပါတယ်။ ဗြိတိန်မှာတော့ ဒီလိုခွင့်ပြုထားခြင်းမျိုး မရှိပေမယ့် စမ်းသပ်လုပ်ဆောင်ခဲ့တဲ့ ပွဲစဉ် ၁၁ ပွဲရဲ့ ရလဒ်အရ ပရိသတ်တွေကို ကွင်းထဲကို ပြန်ဝင်ခွင့်ပြုဖို့ အဆင်ပြေနေပြီလို့ အစိုးရထံ ပေးပို့ခဲ့တဲ့စာမှာ ဖော်ပြထားပါတယ်။  “EFL၊ ပရီးမီးယားလိဂ်၊ အမျိုးသမီးစူပါလိဂ်နဲ့ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွေက ပွဲစဉ် ၁၁ ခုမှာ ပရိသတ်တွေကို ကွင်းထဲ အန္တရာယ်ကင်းစွာ ပြန်ဝင်ခွင့်ပြုနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ပရိသတ်တွေကို ကွင်းထဲ မြန်မြန်ဝင်ရောက်ခွင့်ပြုလေ ဒေသတွင်း အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်း၊ စီးပွားရေးနဲ့ နိုင်ငံတော်စီးပွားရေးတို့အတွက် ပိုပြီးအကျိုးရှိလေ ဖြစ်လိမ့်မယ်” လို့လည်း ဒီစာမှာ ရေးသားထားပါတယ်။ အနုပညာနဲ့ ဂီတပွဲတော်တွေမှာ ပရိသတ်တွေကို ဝင်ရောက်ခွင့်ပြုခဲ့ရာ ကောင်းမွန်တဲ့ရလဒ်တွေကို ရရှိခဲ့တာကြောင့် ဘောလုံးအားကစားမှာလည်း ဒီလိုခွင့်ပြုပေးစေဖို့ တိုက်တွန်းကြောင်းလည်း ရေးသားထားပါတယ်။ ပရီးမီးယားလိဂ်ကနေ အစိုးရထံ တင်ပြခဲ့တဲ့စာမှာ ပရိသတ်တွေ ဝင်ရောက်ခွင့်ပြုမယ်ဆိုရင် ကလပ်အသင်းတွေဘက်က လုပ်ဆောင်ဖို့လိုအပ်တဲ့ အချက်အလက်တွေကိုလည်း အသားပေး ရေးသား ဖော်ပြထားပါတယ်။
7 months Ago
Up