ပရီးမီးယားလိဂ် ပွဲကြိုခန့်မှန်းချက်

October 17, 2015

ပရီးမီးယားလိဂ် ပွဲကြိုခန့်မှန်းချက်

ကမ္ဘာ့ဖလားနဲ့ ယူရို ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲတွေ အပြီးမှာတော့ မရိုးနိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ဘောလုံး ပရိသတ်တွေ ပြန်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒီတပတ် ပရီးမီးယားလိဂ်ရဲ့ ၉ ပွဲမြောက်ပွဲစဉ်တွေထဲမှာ အဲဗာတန်-မန်ယူ၊ တော့တင်ဟမ်-လီဗာပူး၊ လက်စတာ-ဆောက်သင်တန်တို့ ပွဲစဉ်တွေကတော့ ကြည့်ကောင်းမယ့် ပွဲစဉ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒီနှစ်ပရီးမီးယားလိဂ်မှာတော့ ရှုံးပွဲမတွေ့ဖူးသေးတဲ့ အသင်းတွေ မရှိသလို နိုင်ပွဲမရတဲ့ အသင်းနဲ့ သရေ မကျဖူးတဲ့ အသင်းတွေကတော့ ရှိနေတာကို တွေ့ရပါတယ်။ ၉ ပွဲကစားအပြီး နယူးကာဆယ်၊ ဆန်းဒါးလန်းအသင်းဟာ နိုင်ပွဲမရသေးသလို၊ မန်စီးတီး၊ ခရစ္စတယ်ပဲလေ့စ်အသင်းတွေကတော့ သရေမကျဘူးသေးပါဘူး။ ဒီတပတ် ၉ ပွဲမြောက်မှာတော့ နိုင်ပွဲမရသေးတဲ့ အသင်းတွေနိုင်သွားမလား၊ သရေမကျဘူးသေးတဲ့ အသင်းတွေ သရေကျသွားမလား ဆိုတာကို အားကစားကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ချင်ပါတယ်။ တော့တင်ဟမ်ဟော့စပါး- လီဗာပူး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ နံပါတ် ၈ စပါးနဲ့ ၁၀ လီဗာပူးတို့ ကစားမယ့်ပွဲစဉ်ကတော့ ကြည့်ကောင်းမယ့် ပွဲတပွဲဖြစ်မယ်ဆိုရင်တော့ မမှားပါဘူး။ ၈ ပွဲကစားအပြီးမှာတော့ ဒီ ၂ သင်းလုံးက ၃ ပွဲနိုင်ထားပါတယ်။ စပါးက ၄ ပွဲသရေ ၁ ပွဲရှုံး၊ လီဗာပူးကတော့ ၃ ပွဲသရေ ၂ ပွဲရှုံးထားပါတယ်။ ဒီနှစ် ပရီးမီးယားလိဂ် ဇယားမှာ ၂ သင်းလုံးက နံပါတ် ၅ နေရာမှာ အမြင့်ဆုံး ရပ်တည်ခဲ့ဖူးပါတယ်။ စပါးအသင်းရဲ့ ဂိုးသွင်းအားကတော့ တပွဲကို ၁.၃၈ ဂိုးနှုန်း ရှိပေမယ့် လီဗာပူးကတော့ တပွဲကို ၁ ဂိုးနှုန်းပဲရှိနေပါတယ်။ ဒီ ၂ သင်းနောက်ဆုံးတွေ့ဆုံစဉ်ကတော့ လီဗာပူးက ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ထားပါတယ်။ လီဗာပူးနည်းပြသစ် ကလော့ ပရီးမီးယားလိဂ်မှာ နည်းပြ အဖြစ် ပထမဆုံးပွဲထွက်မယ့် ပွဲလည်း ဖြစ်ပါတယ်။ စကိုင်းစပေါ့က ပေါလ်မာဆန်ကတော့ စပါး နိုင်မယ်လို့ မှန်းထားပါတယ်။ ဘီဘီစီက ဘောလုံးအရေး ကျွမ်းကျင်သူ မတ်ခ်လော်ရင်ဆန်ကတော့ သရေကျမယ်လို့ မှန်းပါတယ်။ လက်ဝှေ့သမား အာမီခမ်းကတော့ လီဗာပူး နိုင်မယ်လို့ ဆိုပါတယ်။ ချဲလ်ဆီး-အက်စ်တွန်ဗီလာ ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်မှာပါ ရှုံးပွဲဆက်နေလို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ချဲလ်ဆီးက နိုင်ပွဲ ၁ ပွဲသာ ရသေးတဲ ဗီလာနဲ့ ကစားကြမှာ ဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာတော့ ချဲလ်ဆီးက ၁၆၊ ဗီလာက ၁၈ နေရာမှာ ရပ်တည်နေပါတယ်။ ချဲလ်ဆီးကတော့ ၄ ပွဲရှုံး၊ ၂ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ အဆင့် ၁၆ မှာရှိနေပြီး ဗီလာကတော့ ၆ ပွဲရှုံးပြီး ၁ ပွဲသရေကျထားပါတယ်။ နောက်ဆုံးကစားစဉ်ကတော့ ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရထားပါတယ်။  ချဲလ်ဆီးအသင်း နိုင်မယ်လို့ အားကစားကလောင်ရှင်းအားလုံးက ခန့်မှန်းထားပါတယ်။ ခရစ္စတယ်ပဲလေ့စ်-၀က်စ်ဟမ်း ပရီးမီးယားလိဂ် နံပါတ် ၄ နဲ့ ၆ နေရာက ပဲလေ့စ်နဲ့ ၀က်စ်ဟမ်းတို့ ကစားကြမှာ ဖြစ်ပါတယ်။ အသင်းငယ်တွေဖြစ်ပေမယ့် ဇယားမှာ နံပါတ် ၁၀ အတွင်း ရပ်တည်ထားနိုင်ပြီး ခြေစွမ်းတက်နေတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ၂ သင်းစလုံးဒီနှစ် ဘောလုံးရာသီ အမှတ်ပေး ဇယားမှာ နံပါတ် ၂ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။  ၂ သင်းမှာ နံပါတ် ၁ က မန်စီးတီးကို ပဲလေ့စ်က ရှုံးထားပေမယ့် ၀က်စ်ဟမ်းက အနိုင်ကစားထားပါတယ်။ ၀က်စ်ဟမ်းအသင်းရဲ့ ဂိုးသွင်းအားကတော့ တပွဲကို ၂ ဂိုးနှုန်းသွင်းထားပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ် ပဲလေ့စ်က ၀က်စ်ဟမ်းကို ၃ဂိုး ၁ ဂိုးနဲ့နိုင်ထားပါတယ်။ လော်ရိုရော မာဆန်ပါ ပဲလေ့စ်ကို အနိုင်ပေးထားပါတယ်။ အဲဗာတန်-မန်ယူ ဒီပွဲကတော့ ကြည့်ကောင်းမယ့်ပွဲတပွဲဖြစ်ပါတယ်။ စက်တင်ဘာလအကုန် ဇယား နံပါတ် ၁ နေရာကနေ နံပါတ် ၃ နေရာကို ဆင်းပေးလိုက်ရတဲ့ မန်ယူနဲ့ အဆင့် ၇ အဲဗာတန်တို့ ကစားကြမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးလို အသင်းကို ၃ ဂိုးသွင်းယူထားနိုင်တဲ့ အဲဗာတန်ရဲ့ ခြေစွမ်းကတော့ ခန့်မှန်းရ ခက်ပါတယ်။ ၂ သင်းလုံးရဲ့ ဂိုးသွင်းအားကတော့ တပွဲကို ၁.၅ ဂိုးနှုန်းနဲ့ တူနေပါတယ်။ နောက်ဆုံးကစားခဲ့စဉ်မှာတော့ အဲဗာတန် အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ မန်ယူကို နိုင်ထားပါတယ်။ မာဆန်ရော လော်ရိုပါ ဒီပွဲကို သရေပွဲလို့ ခန့်မှန်းထားပါတယ်။ မန်စီးတီး-ဘုန်းမောက် မန်စီးတီးနိုင်မယ်လို့ အားလုံးက မကစားခင်ကတည်းက တွက်ဆထားပြီးသား ဖြစ်ပါလိမ့်မယ်။ ဇယား နံပါတ် ၁ နေရာကို ပြန်လည်ရယူနိုင်တဲ့ မန်စီးတီးကတော့ ကစားသမားတွေ ဒဏ်ရာ ပြဿနာကြောင့် ရုန်းကန်ရမယ့် အနေအထားရှိပါတယ်။ အဂွီရိုရော ဆေးဗားပါ နိုင်ငံပွဲစဉ် ကိုယ်စားပြု ကစားခဲ့အပြီးမှာတော့ ဒဏ်ရာတွေ ရရှိထားလို့ နားနေရပါတယ်။ ဒါပေမယ့် အဂွီရိုနေရာမှာ ဘိုနီကစားနိုင်မှာ ဖြစ်ပါတယ်။ အလားတူ ဘုန်းမောက်မှာလည်း ဒဏ်ရာ ပြဿနာတွေရှိနေပါတယ်။ ကစားသမား အနေအထားကို ယှဉ်ကြည်ရင် မန်စီးတီးက  အစစ သာလွန်နေသလို ရပ်တည်မှုကလည်း ဇယားနံပါတ် ၁ နဲ့ နံပါတ် ၁၅ ဘုန်းမောက်တို့က ကွာဟချက်တွေ များနေပါတယ်။ လော်ရိုနဲ့ မာဆန်ကလည်း ဒီပွဲမှာတော့ မန်စီးတီးလို့ ဆိုပါတယ်။ ဆောက်သမ်တန်-လက်စတာ အသင်းငယ်တွေဖြစ်ပေမယ့် ခြေစွာနေလို့ ဒီနှစ်မှာ ၂ သင်းလုံးက အမှတ်ပေးဇယားမှာ နံပါတ် ၁၀ အတွင်း ရပ်တည်နေပါတယ်။ ဆောက်သမ်တန်က နံပါတ် ၉ နဲ့ လက်စတာက နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။ လက်စတာအသင်း ဂိုးသွင်းအားက တပွဲကို ၂.၁၃ ဂိုးနှုန်းရှိပြီး ဆောက်သမ်တန်က ၁.၆၃ ဂိုးဖြစ်ပါတယ်။ နောက်ဆုံးတွေ့ဆုံချိန်မှာတော့ လက်စတာက ဆောက်သမ်တန်ကို ၂ ဂိုး ဂိုးမရှိနဲ့နိုင်ထားပါတယ်။ ဆောက်သမ်တန်က ချဲလ်ဆီးကို အဝေးကွင်းမှာ ၃ ဂိုးသွင်းပြီး အနိုင်ကစားထားတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုကတော့ မြင့်မားနေမှာ သေချာပါတယ်။ လော်ရိုနဲ့ မာဆန်ကတော့ ဆောက်သမ်တန်ကို ရွေးထားပါတယ်။ ၀က်စ်ဘရွန်း-ဆန်းဒါးလန်း အသင်းကြီးတွေကိုသာ ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက်တော့ ဒီပွဲကို စိတ်ဝင်စားမှု နည်းနိုင်ပါတယ်။ ပရီးမီးယားလိဂ် ဇယားအောက်ခြေက အဆင့် ၁၇ ၀က်စ်ဘရွန်းနဲ့ အဆင့် ၁၉ က ဆန်းဒါးလန်းတို့ ကစားကြမှာ ဖြစ်ပါတယ်။ ၀က်စ်ဘရွန်းကတော့ ၈ ပွဲကစား ၂ ပွဲနိုင်ထားပါတယ်။ ဆန်းဒါးလန်းကတော့ ဒီဘောလုံးရာသီမှာ နိုင်ပွဲပျောက်နေပါတယ်။  နောက်ဆုံးကစားခဲ့ရာမှာတော့ ၂ သင်းလုံးက ဂိုးမရှိသရေ ကျထားပါတယ်။  လော်ရိုရော မာဆန်ပါ ၀က်စ်ဘရွန်းကို အနိုင်ပေးထားပါတယ်။ ၀က်ဖို့ဒ်- အာဆင်နယ် သြဂုတ်လဇယားနံပါတ် ၁၉ နေရာကနေ နံပါတ် ၂ နေရာကို တက်လှမ်းလာတဲ့ ခြေစွမ်း တက်နေတဲ့ အာဆင်နယ်နဲ့ ၁၂ က ၀က်ဖို့ဒ်တို့ ကစားကြမှာပါ။ အာဆင်နယ်က မန်ယူကို ကစားသွားတဲ့ ခြေမျိုးပါဆိုရင် ၀က်ဖို့ဒ်တို့ ဂိုးမပြတ်အောင် ကြိုးစားရမယ့်အနေအထားဖြစ်ပါတယ်။ တန်းတက် ၀က်ဖို့ဒ်နဲ့ အာဆင်နယ် အရင်နှစ် ပရီးမီးယားလိဂ်မှာတော့ ဆုံတွေ့ခဲ့ဖူးခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း အားကစားကလောင်ရှင်တွေက အာဆင်နယ်ကို ကြိုက်တယ်လို့ ဆိုပါတယ်။
6 years Ago

October 3, 2015

ပရီးမီးယားလိဂ် ပွဲကြိုခန့်မှန်းချက်

၇ ပွဲမြောက် ပရီးမီးယားလိဂ် ပွဲစဉ်တွေအပြီး အမှတ်ပေးဇယား နံပါတ် ၁ နေရာ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ဒါကတော့ မန်ချက်စတာယူနိုက်တက် အသင်းက မန်ချက်စတာစီးတီးလက်ထဲကနေ အမှတ်ပေး ဇယား နံပါတ် ၁ နေရာကို ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၇ ပွဲမြောက် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အများမျှော်လင့်မထားတဲ့ ရလဒ်တချို့ထွက်ခဲ့ပါတယ်။ မန်စီးတီးအသင်းက တော့တင်ဟမ် ဟော့စပါးကို ၄ ဂိုး ၁ ဂိုး၊ ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့ ၂ ဂိုးစီ သရေကျခဲ့တာက အများထင်မှတ်ထားတဲ့ ခန့်မှန်းချက်နဲ့ လွဲချော်ခဲ့ပါတယ်။ ၈ ပွဲမြောက် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အောက်တိုဘာ ၃ ရက်မှာ ၇ ပွဲအထိ ကစားမှာ ဖြစ်သလို အောက်တိုဘာ ၄ ရက်မှာတော့ ၃ ပွဲကစားမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၃ ရက် ကစားမယ့်ပွဲထဲမှာတော့ မန်စီးတီး-နယူးကာဆယ်၊ ချဲလ်ဆီး- ဆောက်သင်တန်တို့ပွဲတွေက စိတ်ဝင်စားဖို့ ကောင်းသလို အောက်တိုဘာ ၄ ရက်မှာတော့ အဲဗာတန်-လီဗာပူးလ်၊ အာဆင်နယ်-မန်ယူ အသင်းတို့ရဲ့ ပွဲစဉ်တွေကတော့ ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် ပွဲစဉ်တွေ ဖြစ်မှာပါ။ ဒီတပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာရော ဘယ်လို အဖြေတွေထွက်လာမှာလဲ။ ဘောလုံးပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ဘောလုံး ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်း သုံးသပ်ချက်ကို စုစည်း တင်ဆက်ပေးလိုက်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်-၀က်စ်ဘရွန်း ၇ ပွဲကစား ၃ ပွဲရှုံး ခရစ္စတယ်ပဲလေ့စ်နဲ့ ၇ ပွဲမှာ ၂ ပွဲနိုင်ထားတဲ့ ၀က်စ်ဘရွန်းတို့ ကစားကြမှာ ဖြစ်ပါတယ်။ ပဲလေ့စ်က ရာသီအစောပိုင်း အမှတ်ပေးဇယားမှာ နံပါတ် ၂ နေရာကနေ ၆ အထိ ကျသွားပါတယ်။ ဒီနောက် နံပါတ် ၂ နေရာကို ပြန်ရောက်သွားပြီး နောက်ပိုင်းမှာတော့ နံပါတ် ၇ နေရာကို ရပ်တည်နေတာဖြစ်ပါတယ်။ ၀က်စ်ဘရွန်းကတော့ ရာသီအစမှာ နံပါတ် ၁၅ ဒီနောက်မှာတော့ ၁၉ အထိ ကျသွားသလို နောက်ဆုံး ၁၀ အထိ ပြန်တက်လာခဲ့ပါတယ်။ လက်ရှိမှာတော့ နံပါတ် ၁၅ မှာ ရပ်တည်နေပါတယ်။ လက်ရှိအခြေအနေကို သုံးသပ်ကြည့်ရင်တော့ ပဲလေ့စ်ကသာသလိုရှိနေပါတယ်။ ဒါပေမယ့် နောက်ဆုံးအကြိမ် ဆုံတွေစဉ် ၀က်စ်ဘရွန်းက ၂ ဂိုးဂိုးမရှိနဲ့ ပဲလေ့စ်ကို အနိုင်ယူထားတာကိုတော့ မေ့လို့မရပါဘူး။ ဘီဘီစီရဲ့အားကစားကလောင်ရှင် မတ်လော်ရင်ဆန်(လော်ရို)ကတော့ ဒီပွဲကို သရေကျမယ်လို့ ခန့်မှန်းပါတယ်။ စကိုင်းစပေါ့က ပေါလ်မာဆန်ကတော့ ပဲလေ့စ်နိုင်မယ်လို့ ဆိုပါတယ်။ အက်စ်တွန်ဗီလာ-စတုတ် တန်းဆင်းဇုန်မှာ ကပ်နေတဲ့ ဇယားနံပါတ် ၁၈ ဗီလာနဲ့ ၁၇ က စတုတ်တို့ကစားကြမှာ ဖြစ်ပါတယ်။ အသင်းငယ် ၂ သင်းကစားမှာ ဖြစ်တဲ့အတွက် ပရိသတ် စိတ်ဝင်စားမှု နည်းပေမယ့် ရုန်းကန်နေရတဲ့ အသင်း ၂ သင်းဖြစ်တဲ့ အတွက် ကြည့်ကောင်းမယ့် ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။ ဗီလာက ရာသီအစ ဇယား နံပါတ် ၃ ကနေ လက်ရှိ နံပါတ် ၁၈ ကို ရောက်လာတာဖြစ်သလို စတုတ်ကတော့ နံပါတ် ၁၄ ကနေ ၂၀ အထိကျဆင်းခဲ့ဖူးပြီး အခုတော့ ၁၇ ကို ပြန်ရောက်လာတာဖြစ်ပါတယ်။ ၇ ပွဲကစားပြီး ၁ ပွဲသာ အနိုင်ရထားတဲ့ အသင်း ၂ သင်းဆုံတဲ့ပွဲလည်း ဖြစ်ပါတယ်။ စတုတ်က ၃ ပွဲရှုံးထားပေမယ့် ဗီလာက ၅ ပွဲအထိ ရှုံးထားပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ် စတုတ်က ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ထားပါတယ်။ စတုတ်နိုင်မယ်လို့ လော်ရိုက ခန့်မှန်းသလို မာဆန်ကတော့ သရေကျမယ်လို့ မှန်းထားပါတယ်။ ဘုန်းမောက်- ၀က်ဖို့ဒ် ပွဲခန့်မှန်းအားကစား ကလောင်ရှင် လော်ရိုက ဘုန်းမောက်ကို အနိုင်ပေးပြီး မာဆန်ကတော့ ၀က်ဖို့ဒ်ကို အနိုင်ပေးထားတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ အမှတ်ပေးဇယား ရပ်တည်မှုအရ ၀က်ဖို့ဒ်က ၁၃မှာ ရှိနေသလို ဘုန်းမောက်တော့ ၁၆ မှာ ရပ်တည်နေပါတယ်။ ၇ပွဲကစားရာမှာ ၂ ပွဲအနိုင်ရထားတဲ့ အသင်းတွေ ဖြစ်သလို ၀က်ဖို့ဒ်က ၂ ပွဲရှုံးပြီး ဘုန်းမောက်က ၄ ပွဲရှုံးထားပါတယ်။ နောက်ဆုံး တွေ့ဆုံစဉ်ကတော့ ဘုန်းမောက်က ၀က်ဖို့ဒ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ မန်စီးတီး-နယူးကာဆယ် ဒီတပတ်အတွက် စိတ်ဝင်စားစရာကောင်းတဲ့ ပွဲဖြစ်ပါတယ်။ မန်စီတီးက အနိုင်ကို မဖြစ်မနေ ကစားရမှာ ဖြစ်ပါတယ်။ မန်စီးတီး ဂိုးပြတ်နဲ့ အနိုင်ရမယ်လို့ ဘောလုံးပွဲကလောင်ရှင် လော်ရိုရော မာဆန်ပါ ခန့်မှန်းထားပါတယ်။ အရင်တပတ် ချဲလ်ဆီးနဲ့ နယူးကာဆယ်တုန်းကလည်း ဒီလိုခန့်မှန်းထားပေမယ့် ဒီပွဲကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ မန်စီးတီးကတော့ ဇယား နံပါတ် ၂ နေရာမှာ ရပ်တည်နေသလို နယူးကာဆယ်ကတော့ ဇယားနံပါတ် နောက်ဆုံးကနေ ရေတွက်ရင်တော့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မန်စီးတီးကတော့ ၇ ပွဲမှာ ၅ ပွဲနိုင်ထားပြီး ၂ ပွဲရှုံးထားပါတယ်။ နယူးကာဆယ်ကတော့ နိုင်ပွဲမရသေးတဲ့အပြင် ၄ ပွဲရှုံးထားပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ မန်စီးတီးက ၅ ဂိုးဂိုးမရှိ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။ နော်ဝှစ်ခ်ျ-လက်စတာ တန်းတက်နော်ဝှစ်ခ်ျနဲ့ လက်စတာတို့ ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးခြင်းမရှိပါဘူး။ လက်စတာနဲ့ နော်ဝှစ်ခ်ျတို့ ကစားခဲ့ဖူးခြင်းမရှိပေမယ့် ၂ သင်းစလုံးက ဘုန်းမောက်၊ ၀က်စ်ဟမ်းတို့နဲ့ ကစားထားပါတယ်။ ဒီလိုကစားရမှာ လက်စတာက ၀က်စ်ဟမ်းကို အနိုင်ကစားပြီး ဘုန်းမောက်ကို သရေကျထားပါတယ်။ နော်ဝှစ်ခ်ျကတော့ ၀က်စ်ဟမ်းကို သရေနဲ့ ဘုန်းမောက်ကို နိုင်ထားပါတယ်။ လက်စတာအသင်းက ဇယားနံပါတ် ၁ နေရာကနေ အခုဆိုရင်တော့ နံပါတ် ၈ အထိ ကျလာပါတယ်။ နော်ဝှစ်ခ်ျကတော့ နံပါတ် ၁၂ မှာ ရပ်တည်နေပါတယ်။ လက်စတာကတော့ ၇ ပွဲမှာ ၁ ပွဲသာရှုံးထားပါတယ်။ နော်ဝှစ်ခ်ျကတော့ ၇ ပွဲမှာ ၂ ပွဲရှုံးထားပါတယ်။ လော်ရိုနဲ့ မာဆန်က  နော်ဝှစ်ခ်ျနိုင်မယ်လို့ မှန်းထားပါတယ်။ ဆန်းဒါးလန်း-၀က်စ်ဟမ်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားက အဆင့် ၂၀ နဲ့ အဆင့် ၃ ရပ်တည်နေတဲ့ အသင်းတွေ ကစားကြမယ့်ပွဲဖြစ်ပါတယ်။ ၀က်စ်ဟမ်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ အောက်ခြေကနေ တဖြည်းဖြည်းနဲ့ အဆင့် ၂  အထိ တက်လှမ်းနိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်ဘောလုံးရာသီမှာ ရှုံးပွဲမရှိသေးတဲ့ မန်စီးတီးကို ၀က်စ်ဟမ်းက အနိုင်ကစားပြလိုက်တဲ့ ပထမဆုံးအသင်းဖြစ်ပါတယ်။ ၇ ပွဲမှာ ၄ ပွဲနိုင်ထားပါတယ်။ ဆန်းဒါလန်းကတော့ ဒီနှစ်ရာသီမှာ ရုန်းကန်နေရပါတယ်။ အမှတ်ပေးဇယားမှာ ၁၉ နဲ့ ၂၀ နေရာကနေ အထက်ကို တက်လာခဲ့ခြင်း မရှိသေးပါဘူး။ နောက်ဆုံးဆုံတွေ့စဉ်ကတော့ ၀က်စ်ဟမ်းက ဆန်းဒါးလန်းကို ၁ ဂိုးဂိုးမရှိနဲ့ နိုင်ထားပါတယ်။ ဒီပွဲအပေါ် ဘောလုံးပွဲသုံးသပ်သူတွေရဲ့ ခန့်မှန်းချက်ကတော့ ဆန့်ကျင်ဖက် ဖြစ်နေပါတယ်။ လော်ရိုကတော့ ဆန်းဒါးလန်းကို အနိုင်ပေးထားပေမယ့် မာဆန်က ၀က်စ်ဟမ်းကို အနိုင်ပေးထားပါတယ်။ ချဲလ်ဆီး-ဆောက်သမ်တန် ချန်ပီယံလိဂ်မှာ ရှုံးပွဲကြုံ၊ နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်မှာ သရေကျထားတဲ့ ချဲလ်ဆီးအတွက်တော့ ဒီပွဲကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ နည်းပြဘ၀မှာ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ချဲလ်ဆီးနည်းပြ မော်ရင်ဟိုကိုယ်တိုင် ၀န်ခံထားပါတယ်။ ၂ သင်းစလုံးက ၇ ပွဲမှာ ၂ ပွဲအနိုင်ရထားပါတယ်။ ဆောက်သမ်တန်ကတော့ ရာသီအစမှာ ဇယားအောက်ခြေကနေ တဖြည်းဖြည်းနဲ့ အထက်ကို တက်လာတဲ့ အသင်းတသင်းဖြစ်ပါတယ်။ မန်ယူအသင်း ဆောက်သမ်တန်နဲ့ ကစားစဉ် နောက်ကနေလိုက်ကစားခဲ့ရတဲ့ ပွဲစဉ်ကလည်း ဆောက်သမ်တန်ရဲ့ ခြေစွမ်းကို မပေါ့ဖို့ သတိပေးနေသလိုပါပဲ။ အမှတ်ပေးဇယား ရပ်တည်မှုအရ ဆောက်သမ်တန်က ၁၀ နဲ့ ချဲလ်ဆီးက ၁၄ မှာ ရပ်တည်နေပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်ကတော့ ဒီ ၂ သင်း ၁ ဂိုးစီ သရေကျထားပါတယ်။ ချဲလ်ဆီးနိုင်မယ်လို့ ဘောလုံးပွဲခန့်မှန်းသူတွေက မှန်းထားပါတယ်။ အဲဗာတန်-လီဗာပူး ဒီပွဲတွေက ကြည့်လို့ကောင်းမှာ ဖြစ်သလို ခန့်မှန်းရလည်း ခက်ပါလိမ့်မယ်။ အဲဗာတန်ကတော့ ဒီနှစ် ပရီးမီးယားလိဂ် တာထွက်ကောင်းခဲ့ပြီး ဇယား နံပါတ် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ဒီနှစ် အမှတ်ပေးဇယားမှာ အဆင့် ၃  အထိ တက်လှမ်းခဲ့ဖူးပါတယ်။ ချဲလ်ဆီးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူထားတဲ့ အဲဗာတန်ရဲ့ ခြေစွမ်းကိုတော့ ကြိုးကြာနီတွေ အလေးထားဖို့လိုပါတယ်။ နောက်ခံလူ စတုန်းကလည်း အသင်းအတွက် အားကိုးရတဲ့ ခံစစ်သမား တဦးဖြစ်ပါတယ်။ ၇ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲရှုံးထားပါတယ်။ ကြိုးကြာနီတွေကတော့ ဒီနှစ်ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၅ အထိ အမြင့်ဆုံး တက်လှမ်းခဲ့ပါတယ်။ ဒီနှစ်အတွက် လီဗာပူးရဲ့ ခြေစွမ်းက အားရလောက်တဲ့ အခြေအနေမှာ မရှိသေးပါဘူး။ ၇ ပွဲမှာ ၃ ပွဲနိုင် ၂ ပွဲရှုံးထားပါတယ်။  ဒီနှစ်ဘောလုံးရာသီမှာ အဲဗာတန်ရဲ့ တပွဲပျှမ်းမျှ ဂိုးသွင်းနှုန်းက ၁.၅ ဂိုးရှိပေမယ့် လီဗာပူးကတော့ ၁ ဂိုးပဲ ရှိနေပါတယ်။ နောက်ဆုံးဆုံတွေ့စဉ်ကတော့ သရေကျထားပါတယ်။ လော်ရိုရော မာဆန်ပါ ဒီပွဲကို သရေပွဲဖြစ်မယ်လို့ ခန့်မှန်းပါတယ်။ အာဆင်နယ်-မန်ယူ ဇယားနံပါတ် ၁ မန်ယူနဲ့ ၄ က အာဆင်နယ်တို့ ကစားမယ့်ပွဲဟာ ပရိသတ်တွေ မျှော်လင့်နေတဲ့ ပွဲတပွဲလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ရာဇ၀င်တွင်မယ့် ပြိုင်ဘက်တွေ တွေ့ဆုံကြတာ ဖြစ်ပါတယ်။ သရဲနီတွေကို အမြောက်တပ်သားတွေက ချေမှုန်းနိုင်မလား။ အမြောက်တပ်သားတွေကို သရဲနီတွေက မှော်ပညာနဲ့ လှည့်စားသွားမလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီ ၂ သင်းကို ယှဉ်ကြည်မယ်ဆိုရင်တော့ ဘောလုံးရာသီအစမှာ မန်ယူအသင်းဟာ ဇယား နံပါတ် ၄ နေရာအထိ ရောက်ရှိခဲ့ဖူးပေမယ့် အာဆင်နယ်ကတော့ ဇယား နံပါတ် ၁၉ အထိ ရောက်သွားခဲ့ဖူးပါတယ်။ မန်ယူရဲ့ ပျှမ်းမျှ ဂိုးသွင်းနှုန်းက ၁.၇ ရှိသလို အာဆင်နယ်ကတော့ ၁.၄ ရှိနေပါတယ်။ ရှေ့တန်းတိုက်စစ်မှူးတွေကတော့ မန်ယူအသင်း မာရှယ်က ၃ ဂိုးသွင်းထားပါတယ်။ ဒါပေမယ် အာဆင်နယ်က ဆန်းချက်ကလည်း ၃ ဂိုး၊ ဂျီရှုက ၃ ဂိုး၊ ၀ဲလ်ကော့က ၂ ဂိုးသွင်းထားတဲ့ အတွက် ဂိုးသွင်းနှုန်းကတော့ အာဆင်နယ်အသာရတယ်လို့ ဆိုနိုင်ပါတယ်။ ၇ ပွဲကစားရာမှာ မန်ယူက ၁ ပွဲသာ ရှုံးထားပြီး အာဆင်နယ်ကတော့ ၂ ပွဲရှုံးထားပါတယ်။ နောက်ဆုံး ဆုံတွေ့စဉ်ကတော့ ၁ ဂိုးစီသရေကျထားပါတယ်။ လော်ရိုရော မာဆန်ကပါ  အာဆင်နယ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ တော့တင်ဟမ် ဟော့စပါး-ဆွမ်ဆီး ကြည့်ကောင်းမယ့် ပွဲတပွဲဆိုရင်တော့ မမှားပါဘူး။ ၂ သင်းစလုံးက ပရီးမီးယားလိဂ်ကို ခန့်မှန်းရခက်အောင် လုပ်ခဲ့ဖူးပါတယ်။ မန်စီးတီးကို ၄ ဂိုးအထိ စပါးက သွင်းယူခဲ့သလို ဆွမ်ဆီးက မန်ယူကို အနိုင်ကစားပြထားပါတယ်။ စပါးက ၇ ပွဲမှာ ၁ ပွဲရှုံးထားသလို ဆွမ်ဆီးကတော့ ၂ ပွဲရှုံးထားပါတယ်။ စပါးကတော့ ရာသီအစ အမှတ်ပေးဇယားနံပါတ် ၁၈ ကနေ ၅ အထိ တက်လှမ်းလာနိုင်တဲ့ အသင်းဖြစ်ပါတယ်။ ဆွမ်ဆီးကတော့ ဇယား နံပါတ် ၄ ကနေ ၁၁ အထိကျဆင်းလာတဲ့ အသင်းဖြစ်ပါတယ်။ ၂ သင်းလုံးရဲ့ တပွဲပျှမ်းမျှ ဂိုးသွင်းနှုန်းက မကွာဟပေမယ့် ဆွမ်ဆီး ရှေ့တန်းတိုက်စစ်မှူးတွေက ဂိုးပိုသွင်းထားပါတယ်။  နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ စပါးက ဆွမ်ဆီးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရထားပါတယ်။ အားကစားကလောင်ရှင်တွေကတော့ သရေကျမယ်လို့ မှန်းထားပါတယ်။
6 years Ago
Up