ပရီးမီးယားလိဂ်ပွဲစဉ်များ (ရုပ်သံဟိုက်လိုက်)

April 28, 2018

တန်းဆင်းဇုန်အသင်းများ ရုန်းကန်မည့် စနေ ပရီးမီးယားလိဂ်ပွဲစဉ်များ

အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲ မပြီးဆုံးခင်မှာပဲ မန်စီးတီးက ချန်ပီယံဖလား သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီတပတ် ယှဉ်ပြိုင်မယ့် ပွဲစဉ် ၃၆ မှာတော့ ချန်ပီယံအတွက် ရင်ခုန်စရာမရှိတော့ပေမယ့် ဥရောပချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရဖို့၊ လာမယ့်ရာသီ ချန်ပီယံရှစ်ကို တန်းမဆင်းရဖို့ ရုန်းကန်ရမယ့် အသင်းတွေကြောင့် ပွဲတွေဟာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပရိသတ်အကြိုက်တွေ့မယ့်ပွဲတွေ ပါဝင်နေပါသေးတယ်။ ဒီစနေမှာ တွေ့ဆုံနေတဲ့ အသင်းတွေကတော့ လီဗာပူး-စတုတ်၊ ဘန်လေ-ဘရိုက်တန်၊ ပဲလေ့စ်-လက်စတာ၊ ဟတ်ဒါဖီးလ်ဒ်-အဲဗာတန်၊ နယူးကာဆယ်-ဝက်စ်ဘရွန်း၊ ဆောက်သမ်တန်-ဘုန်းမောက်နဲ့ ဆွမ်ဆီး-ချဲလ်ဆီး ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။ လီဗာပူး-စတုတ် ပုံမှန်အားဖြင့်တော့ ဒီနှစ်သင်းရဲ့ အဆင့်အတန်းနဲ့ ခြေစွမ်းက ကွာခြားလွန်းလှပါတယ်။ ဒါပေမယ့်လည်း လီဗာပူးဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်နေပြီး နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်နိုင်ရေး ကြိုးစားနေတာပါ။ ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ရိုးမားနဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ လီဗာပူးက ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အိမ်ကွင်းမှာ ၂ ဂိုးပြန်ပေးထားရလို့ ဒုတိယအကျော့ပွဲစဉ်ကိုလည်း သတိထားပြီး ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် အဲဒီပွဲမှာ အဓိကတိုက်စစ်မှူးတဦးဖြစ်တဲ့ မာနေး ဒဏ်ရာရသွားတဲ့အတွက်လည်း စတုတ်နဲ့ပွဲကို လီဗာပူး လူစုံထုတ်ဖွယ်မရှိဘဲ အရန်ကစားသမားတချို့နဲ့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။ စတုတ်ကတော့ လက်ရှိ အမှတ်ပေးဇယားမှာ ၂၉ မှတ်နဲ့ အဆင့် ၁၉ နေရာရောက်နေပြီး လာမယ့်ရာသီ တန်းဆင်းရမယ့် အခြေအနေ ဖြစ်နေတာပါ။ တန်းဆင်းဇုန်က လွတ်မြောက်ဖို့အတွက် စတုတ် ရာခိုင်နှုန်း နည်းပေမယ့်လည်း နောက်ပိုင်းပွဲစဉ်တွေမှာ တတ်နိုင်သလောက် ကြိုးစားကစားနေတာကို တွေ့ရပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ယှဉ်ပြိုင်ခဲ့စဉ်က လီဗာပူး ၃ ဂိုးပြတ်နဲ့ နိုင်ခဲ့ပေမယ့် အခု ဒီပွဲရှုံးရင် တန်းဆင်းရဖို့ သေချာသွားမယ့် စတုတ်စီးတီး ရှိသမျှအားနဲ့ ရုန်းကန်ကစားလာမှာကြောင့် လီဗာပူးအခက်တွေ့ဖွယ်ရှိပြီး အမှတ်ခွဲပေးရဖို့ ရှိနေပါတယ်။ ဘန်လေ-ဘရိုက်တန် ဘန်လေဟာ ရမှတ် ၅၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၇ မှာ ရပ်တည်နေပြီး လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ရဖို့အတွက် မျှော်လင့်ချက်ရှိနေပါတယ်။ ဘရိုက်တန်ကတော့ ရမှတ် ၃၆ မှတ်နဲ့ အဆင့် ၁၃ မှာ ရှိနေပြီး တန်းဆင်းဇုန်နဲ့လည်း လွတ်ကင်းနေတာမို့ ဒီရာသီမှာ အလယ်အလတ်အဆင့်နဲ့ပဲ ရာသီသိမ်းဖို့ ရှိနေတာပါ။ ဒီနှစ်သင်း ပထမအကျော့ ဘရိုက်တန်ကွင်းမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် အခု ဘန်လေကွင်းမှာတော့ ယူရိုပါလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေတဲ့ ဘန်လေပဲ အနိုင်ရအောင် စွမ်းဆောင်သွားလိမ့်မယ်လို့ ယူဆမိပါတယ်။ ပဲလေ့စ်-လက်စတာ လက်စတာဟာ လက်ရှိ ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး ယူရိုပါလိဂ် ဝင်ခွင့်ရမယ့် အဆင့် ၇ နေရာက အသင်းနဲ့ ၉ မှတ်ကွာဟနေသလို တန်းဆင်းဇုန်အန္တရာယ်လည်း မရှိတဲ့အတွက် သက်သောင့်သက်သာပဲ ကစားလာမယ်လို့ မျှော်လင့်ရပါတယ်။ ပဲလေ့စ်ကတော့ ရမှတ် ၃၅ မှတ်နဲ့ အဆင့် ၁၄ မှာ ရပ်တည်နေပြီး တန်းဆင်းဇုန်က အသင်းနဲ့ ၆ မှတ်ပဲ ကွာဟနေတာမို့ ဒီပွဲမှာသာ နိုင်ပွဲရခဲ့ရင် လာမယ့်ရာသီ တန်းမဆင်းရရေး စိတ်ချရနိုင်တဲ့အတွက် လက်စတာကို ဖိအားပေးသွားမှာပါ။ လက်စတာကွင်းမှာ ပထမအကျော့ ယှဉ်ပြိုင်ခဲ့စဉ်ကလည်း ပဲလေ့စ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို အခုပွဲမှာလည်း တိုက်စစ်ဆင်ပြီး ရုန်းကန်ကစားလာမယ့် ပဲလေ့စ်ပဲ အောင်ပွဲဆင်သွားလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။ ဟတ်ဒါဖီးလ်ဒ်-အဲဗာတန် တန်းဆင်းဇုန်နဲ့ လွတ်လွတ်ကင်းကင်းဖြစ်ရေး အိမ်ကွင်းမှာ ပေါက်ကွဲပြမယ့် ဟတ်ဒါဖီးလ်ဒ်ရဲ့ ခြေစွမ်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လက်ရှိ ရမှတ် ၃၅ မှတ်နဲ့ အဆင့် ၁၆ မှာ ရပ်တည်နေတဲ့ ဟတ်ဒါဖီးလ်ဒ်အသင်းဟာ တန်းဆင်းဇုန် အဆင့် ၁၈ က အသင်းနဲ့ ၆ မှတ်ပဲ ကွာဟနေတာပါ။ အဲဗာတန်က ၄၅ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပြီး ယူရိုပါလိဂ် ဝင်ခွင့်ရဖို့ ကြိုးစားနိုင်ဖွယ် ရှိပေမယ့်လည်း ဒီရာသီ အဲဗာတန်ရဲ့ အဝေးကွင်းခြေစွမ်းက စိတ်မချရသလို ဒဏ်ရာရကစားသမားတွေ ရှိနေတဲ့အတွက်လည်း အိမ်ကွင်းဆိုရင် အမှတ်ရအောင် ယူတတ်တဲ့ ဟတ်ဒါဖီးလ်ဒ်ရဲ့ နိုင်ပွဲကိုသာ တွေ့မြင်ရဖို့ ရှိနေပါတယ်။ ဒါကြောင့်လည်း ပထမအကျော့ အဲဗာတန်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ဟတ်ဒါဖီးလ်ဒ် အိမ်ကွင်းမှာ အကောင်းဆုံး လက်စားချေမှုနဲ့ အဲဗာတန်ကို တုံ့ပြန်မှာ ဖြစ်ပါတယ်။ နယူးကာဆယ်-ဝက်စ်ဘရွန်း လာမယ့်ရာသီ တန်းဆင်းဖို့အတွက် သေချာသလောက်ဖြစ်နေတဲ့ ဝက်စ်ဘရွန်းကို အိမ်ရှင် နယူးကာဆယ်ကပဲ ဖိအားပေးပြီး နိုင်ပွဲရယူသွားဖို့ ရှိနေပါတယ်။ နယူးကာဆယ်ဟာ ပြီးခဲ့တဲ့အပတ်က အဲဗာတန်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ကစားပုံကတော့ ကောင်းမွန်လှပါတယ်။ နည်းပြ ဘင်နီတက်ဇ်ရဲ့ နယူးကာဆယ်အသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရယူပြီး အိမ်ကွင်းမှာ အာဆင်နယ်လို အသင်းကိုတောင် အနိုင်ရအောင် စွမ်းဆောင်ထားနိုင်ခဲ့တာပါ။ ပထမအကျော့ ဝက်စ်ဘရွန်းကွင်းမှာ ၂ ဂိုးစီသရေကျပြီး နယူးကာဆယ် အမှတ်ခွဲပေးခဲ့ရပေမယ့် အခုပွဲစဉ်မှာတော့ နယူးကာဆယ် အမှတ်ခွဲပေးဖို့မရှိဘဲ အိမ်ကွင်းနိုင်ပွဲနဲ့အတူ အမှတ်ပြည့် ရယူသွားမှာ ဖြစ်ပါတယ်။ ဆောက်သမ်တန်-ဘုန်းမောက် ချဲလ်ဆီးကို ရှုံးပြီး အက်ဖ်အေဖလားက ထွက်ခဲ့ရတဲ့ ဆောက်သမ်တန်အဖို့ ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်ရေး လက်ကျန်ပွဲစဉ်တွေကို ကျားကုတ်ကျားခဲ ကစားလာမှာကတော့ သေချာလှပါတယ်။ ဆောက်သမ်တန်ဟာ ပရီးမီးယားလိဂ် လေးပွဲကစားဖို့ ကျန်နေသေးပြီး ရမှတ် ၂၉ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရှိနေပါတယ်။ သူ့အပေါ်ကပ်လျက် ဆွမ်ဆီးအသင်းနဲ့ လေးမှတ်ပဲ ကွာဟနေတဲ့ အနေအထားက ဆောက်သမ်တန် တန်းဆင်းဇုန်က လွတ်မြောက်နိုင်ခြေ ရှိနေသေးတဲ့အတွက်လည်း အခုပွဲစဉ်မှာ အမှတ်ရဖို့ ကြိုးစားမှာပါ။ ဘုန်းမောက်ဟာ ရမှတ် ၃၈ မှတ်နဲ့ အဆင့် ၁၁ မှာ ရှိနေတဲ့အတွက် ဒီရာသီ အမှတ်ပေးဇယား အလယ်အလတ်အဆင့်မှာ ရပ်တည်သွားဖို့ ရှိနေပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ဝက်စ်ဘရွန်းနဲ့တပွဲပဲ ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ဝတ်ဖို့ဒ်နဲ့ ၂ ဂိုးစီသရေ၊ ပဲလေ့စ်နဲ့ ၂ ဂိုးစီသရေ၊ လီဗာပူးကို ၃ ဂိုး ဂိုးမရှိနဲ့ရှုံး၊ မန်ယူကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ အဲဒီငါးပွဲမှာ ဘုန်းမောက်ဟာ လီဗာပူး၊ မန်ယူပွဲတွေကလွဲလို့ ကျန်အသင်းတွေကို ဂိုးတွေ သွင်းနိုင်တာတွေ့ရပါတယ်။ ဘုန်းမောက်ဟာ ဒီရာသီ တိုက်စစ်က ၄၁ ဂိုးသွင်းနိုင်တဲ့အတွက် မဆိုးလှဘူးလို့ ဆိုနိုင်ပေမယ့် ခံစစ်ကလည်း ၅၈ ဂိုးအထိ ပြန်ပေးထားရလို့ ခံစစ်ပိုင်း အားနည်းတာ တွေ့ရပါတယ်။ နည်းပြ မာ့ခ်ဟုခ်ျလက်ထက်မှာ ဆောက်သမ်တန်အသင်း ရလဒ်ကောင်းမွန်ခြင်း မရှိသေးတာမို့ အခုလို အရေးကြီးတဲ့ပွဲစဉ်မှာတော့ အမှတ်အဆုံးရှုံးခံမှာ မဟုတ်ဘဲ ရေကုန်ရေခန်း တိုက်စစ်ဆင် ကစားလာမှာ သေချာလှပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ၁ ဂိုးစီသရေရလဒ် ထွက်ခဲ့ပေမယ့် အခုပွဲစဉ်မှာတော့ ဆောက်သမ်တန် အမှတ်ခွဲပေးမှာမဟုတ်ဘဲ တိုက်စစ်ဆင်ပြီး အနိုင် ၃ မှတ်ရအောင် စွမ်းဆောင်သွားမှာဖြစ်လို့ နှစ်သင်း အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ရှိပြီး အိမ်ရှင် ဆောက်သမ်တန်ပဲ အနိုင်ရသွားနိုင်ချေ ရှိနေပါတယ်။ ဆွမ်ဆီး-ချဲလ်ဆီး အမှတ်လိုနေတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ပရိသတ်အကြိုက် ပွဲတပွဲ ဖြစ်လာမှာပါ။ လာမယ့်ရာသီ တန်းမဆင်းရရေး ရုန်းကန်နေရတဲ့ အသင်းတွေထဲ ဆွမ်ဆီးလည်း ပါဝင်နေတာမို့ အိမ်ကွင်းမှာ ရှိသမျှအားနဲ့ ချဲလ်ဆီးကို အခက်တွေ့အောင် ကစားလာနိုင်ချေ ရှိနေပါတယ်။ လက်ရှိ ရမှတ် ၃၃ မှတ်နဲ့ အဆင့် ၁၇ မှာ ရပ်တည်နေတဲ့ ဆွမ်ဆီးဟာ တန်းဆင်းဇုန်အထက်မှာ ၄ မှတ်အကွာနဲ့ပဲ ရပ်တည်နေတာပါ။ ဒါကြောင့်လည်း ရာသီကုန်ဆုံးခါနီး ဆွမ်ဆီးရဲ့ အိမ်ကွင်းရုန်းအားကို တွေ့မြင်ရဖို့ ရှိနေပါတယ်။ ချဲလ်ဆီးအသင်းကလည်း ရမှတ် ၆၃ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် ထိပ်ဆုံးလေးသင်းထဲဝင်ရေး ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ သူ့အထက် အဆင့် ၄ က စပါးနဲ့ ၅ မှတ်ကွာဟနေတာမို့ ထိပ်ဆုံးလေးသင်းဝင်ရေး မသေချာပေမယ့်လည်း ချဲလ်ဆီးတို့ ရသမျှအမှတ် စုဆောင်းသွားဖို့ ရှိနေတာပါ။ ပထမအကျော့ ချဲလ်ဆီးကွင်းမှာ အိမ်ရှင်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် အခု ဒုတိယအကျော့မှာတော့ နှစ်သင်းစလုံး အမှတ်လိုနေတဲ့ အနေအထားကြောင့် အပြန်အလှန် တိုက်စစ်ဆင်ကစားပြီး သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်သလို ကစားသမားအင်အား သာလွန်တဲ့ ချဲလ်ဆီး ကပ်ပြီး အနိုင်ရသွားနိုင်ချေလည်း ရှိနေပါတယ်။
3 years Ago

April 8, 2018

အာဆင်နယ်-ဆောက်သမ်တန်၊ ချဲလ်ဆီး-ဝက်စ်ဟမ်း ပရီးမီးယားလိဂ်ပွဲစဉ်များ

  ဒီတပတ် ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ဆောက်သမ်တန်၊ ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းတို့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကြမှာပါ။ အာဆင်နယ်-ဆောက်သမ်တန် တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားမယ့် ဆောက်သမ်တန်ကြောင့် အိမ်ရှင် အာဆင်နယ်အသင်း အခက်တွေ့ဖွယ် ရှိနေပါတယ်။ အာဆင်နယ်ကလည်း လက်ရှိ ၅၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ မှာ ရပ်တည်နေပြီး ထိပ်ဆုံးလေးသင်းအတွင်းဝင်ရေး မျှော်လင့်ချက် မရေမရာ ဖြစ်နေတာပါ။ ဒါကြောင့်လည်း လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရေးအတွက် ယူရိုပါလိဂ်မှာ ဗိုလ်စွဲနိုင်အောင် အားထည့်ကစားနေတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ်မှာတော့ နည်းပြ အာစင်ဝင်းဂါးရဲ့ အာဆင်နယ်အသင်းဟာ ရလဒ်တွေ မတည်ငြိမ်ဘဲ ပရိသတ်တွေရဲ့ ဖိအားပေးတာကို ခံနေရပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ငါးပွဲမှာ သုံးပွဲရှုံးပြီး နှစ်ပွဲပဲ အနိုင်ရခဲ့တာပါ။ အာဆင်နယ်အတွက် အားတက်စရာတခုကတော့ တိုက်စစ်မှူး လာကာဇက်တီ ဒဏ်ရာကနေ ပြန်ကောင်းလာပြီး အသင်းအတွက် ဂိုးတွေ ပြန်သွင်းပေးနေနိုင်တာ တွေ့ရပါတယ်။ ဆောက်သမ်တန်အသင်းဟာ နည်းပြသစ် ခန့်အပ်ပြီးနောက် ပထမဆုံးယှဉ်ပြိုင်တဲ့ အက်ဖ်အေဖလား ကွာတားပွဲမှာ ဝီဂန်ကိုနိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့တပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ ဝက်စ်ဟမ်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာလည်း ရမှတ် ၂၈ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရပ်တည်နေတာမို့ ဆောက်သမ်တန် အမှတ်ရရေး ရုန်းကန်လာမှာကတော့ သေချာလှပါတယ်။ ဆောက်သမ်တန်ဟာ ပရီးမီးယားလိဂ် နောက်ဆုံးငါးပွဲမှာလည်း နှစ်ပွဲသရေ၊ သုံးပွဲရှုံးခဲ့တဲ့အတွက် အခုပွဲစဉ်မှာတော့ အမှတ်မဆုံးအောင် ကြိုးစားလာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ဆောက်သမ်တန်ကွင်းမှာ ၁ ဂိုးစီသရေကျခဲ့သလို အခု ဒုတိယအကျော့မှာလည်း ယူရိုပါလိဂ်ကို အာရုံစိုက်နေတဲ့ အိမ်ရှင်ကြောင့် ဆောက်သမ်တန် သရေတမှတ် မျှော်လင့်နိုင်ခွင့် ရှိနေပါတယ်။ ချဲလ်ဆီး-ဝက်စ်ဟမ်း ပြီးခဲ့တဲ့တပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးမှ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ ပေါက်ကွဲအားကို ပြန်လည်မြင်တွေ့ရပါလိမ့်မယ်။ ချဲလ်ဆီးဟာ လက်ရှိ အမှတ်ပေးဇယားမှာ ရမှတ် ၅၆ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက စပါးနဲ့ ၈ မှတ်၊ အဆင့် ၆ နေရာက အာဆင်နယ်နဲ့ ၅ မှတ် ကွာဟနေတာပါ။ ဒါကြောင့်လည်း လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရေး ထိပ်ဆုံးလေးသင်းထဲဝင်နိုင်ဖို့ မျှော်လင့်ချက် အနည်းငယ်အတွက် လက်ကျန်ပွဲတွေကို အမှားမခံဘဲ ကစားမှာဖြစ်သလို အာဆင်နယ်ရဲ့ ကျော်တက်ခြင်းမခံရအောင်လည်း သတိထား ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဖိအားတွေနဲ့ ယှဉ်ဆိုင်နေရတဲ့ ချဲလ်ဆီးနည်းပြ ကွန်တီအတွက်လည်း လက်ကျန်ပွဲစဉ်တွေဟာ အရေးပါနေသလို အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာမယ့် ချဲလ်ဆီးအသင်း ဝက်စ်ဟမ်းကို အသာစီးယူ ဖိအားပေးကစားလာဖို့ ရှိနေပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ လက်ရှိ ရမှတ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၄ မှာ ရပ်တည်နေပြီး တန်းဆင်းဇုန်အန္တရာယ် ရှိနေပေမယ့် ဒဏ်ရာရ ကစားသမား များပြားနေတာကြောင့် အိမ်ရှင် ချဲလ်ဆီးကို ယှဉ်နိုင်ဖို့ ခက်လှပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံးသုံးပွဲဆက် ရှုံးနိမ့်ခဲ့ပြီး အဲဒီသုံးပွဲမှာ နောက်တန်းကလည်း ၁၁ ဂိုးအထိ ပေးခဲ့ရပါတယ်။ ဒီနှစ်သင်း ပထမအကျော့မှာ ဝက်စ်ဟမ်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် အခု ဒုတိယအကျော့ ချဲလ်ဆီးကွင်းမှာတော့ ဝက်စ်ဟမ်း အသာရဖို့ မဖြစ်နိုင်ဘဲ ချဲလ်ဆီးတိုက်စစ်က ဂိုးတွေ လိုအပ်သလောက် သွင်းပြီး အနိုင်သုံးမှတ် ရယူသွားမယ်လို့ သုံးသပ်မိပါတယ်။
3 years Ago

လီဗာပူး သရေကျပြီး စပါး အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များ (ရုပ်သံဟိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ လီဗာပူးအသင်း သရေကျပြီး စပါးက အနိုင်ရရှိသွားပါတယ်။ ဒီတပတ်ရဲ့ အစောဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးနဲ့ အဲဗာတန်တို့ပွဲဟာ မာဆေးဆိုဒ်ဒါဘီ ပြိုင်ဘက်တွေဖြစ်တာနဲ့အညီ ပွဲကောင်းတပွဲ ဖြစ်ခဲ့ပါတယ်။ လီဗာပူးအသင်းက ဒဏ်ရာအနည်းငယ်ရှိတဲ့ အဓိကကစားသမား ဆာလက်ခ်ျကို မပါဝင်နိုင်ခဲ့တာကြောင့် တိုက်စစ်ပိုင်း အားနည်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အဲဗာတန်အသင်းက အခွင့်အရေးတွေ ပိုမိုရခဲ့ပြီး တိုက်စစ်မှူး ဆန့်တော့ဆန် အဆုံးသတ်မကောင်းခဲ့တာကြောင့် သရေရလဒ်ပဲ ရခဲ့တာပါ။ စပါးအသင်းကတော့ တန်းဆင်းဇုန်ထဲက စတုတ်စီးတီးအသင်းရဲ့အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်ဖြစ်ပါတယ်။ တန်းဆင်းဇုန်ထဲက လွတ်မြောက်မြောက်ရေး ကြိုးစားရုန်းကန်နေရတဲ့ စတုတ်အသင်းဟာ စပါးကို အပြန်အလှန် ထိုးဖောက်ကစားခဲ့ပေမယ့် အဲရစ်ဆန်ရဲ့ ၅၂ နဲ့ ၆၃ မိနစ် သွင်းဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ စတုတ်စီးတီးအသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၅၇ မိနစ်မှာ ဒီအော့ဖ်က သွင်းယူခဲ့တာပါ။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ လီဗာပူအသင်းက ၃၃ ပွဲ ရမှတ် ၆၇ မှတ်နဲ့ အဆင့် ၃၊ စပါးက ၃၂ ပွဲကစား ၆၇ မှတ်နဲ့ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။ အဲဗာတန်အသင်းကတော့ ၃၃ ပွဲကစား ၄၁ မှတ်နဲ့ အဆင့် ၉၊ စတုတ်စီးတီးအသင်းကတော့ ၃၃ ပွဲကစား ရမှတ် ၂၂ မှတ်နဲ့ တန်းဆင်းဇုန် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
3 years Ago
More News
Up