ပရီးမီးယားလဂ်

May 5, 2020

ပရီးမီးယားလဂ် လက်ကျန်ပွဲစဉ်အချို့ကို YouTube ကနေ အခမဲ့ကြည့်ရှုနိုင်ရန် စီစဉ်နေ

အင်္ဂလန် ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တချို့ကို YouTube ကနေ အခမဲ့ကြည့်ရှုနိုင်ဖို့ လိဂ်တာဝန်ရှိသူတွေက စီစဉ်နေပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့်  ပြီးခဲ့တဲ့ မတ်လကတည်းက ရပ်နားထားပေမယ့် လာမယ့်ဇွန်လ ၁၂ ရက်နေ့မှာ ပြန်လည်စတင်ဖို့ စီစဉ်ထားပြီး လက်ကျန်ပွဲစဉ် စုစုပေါင်း ၉၂ ပွဲ ကစားဖို့ ကျန်ရှိသေးတာ ဖြစ်ပါတယ်။  ပွဲစဉ်အများစုကို Sky Sports နဲ့ BT Sports တို့ကနေ တိုက်ရိုက်ပြသမှာ ဖြစ်ပေမယ့်လည်း ပွဲစဉ်တချို့ကိုတော့ YouTube ကနေ အခမဲ့ ကြည့်ရှုခွင့်ပေးဖို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက စီစဉ်နေတာပါ။ လက်ကျန်ပွဲစဉ်တွေကို ၇ ပတ်အတွင်းမှာ အပြီးကျင်းပမှာဖြစ်ပြီး ပွဲစဉ်အားလုံးကို ကွင်းပိတ်ကျင်းပမှာဖြစ်လို့ ပရိသတ်တွေအနေနဲ့ ရုပ်သံတွေနဲ့ တခြားမီဒီယာတွေကနေပဲ ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ တရားဝင်စာချုပ်ချုပ်ဆိုထားမှုအရတော့ လက်ကျန် ၉၂ ပွဲမှာ  ၃၉ ပွဲကို Sky Sports ကနေ တိုက်ရိုက်ပြသခွင့်ရရှိထားပြီး နောက်ထပ်ပွဲစဉ် ၈ ပွဲကိုတော့ BT Sports ကနေ တိုက်ရိုက်ပြသမှာပါ။ ဘယ်ပွဲစဉ်တွေကို YouTube ကနေ အခမဲ့ ပြသမလဲ ဆိုတာကတော့ ဆက်လက် ညှိနှိုင်းသွားရမှာ ဖြစ်ပါတယ်။ 
12 months Ago
Up