ပရီမီးယားလိဂ် ပြန်စနိုင်ရေး

May 2, 2020

ပရီမီးယားလိဂ် ပြန်စနိုင်ရေး ကလပ်အသင်းတာဝန်ရှိသူများ ဆွေးနွေး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရတဲ့ ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်ဘောလုံးရာသီ ပြန်လည်စတင်နိုင်ရေးအတွက် ကလပ်အသင်းတွေရဲ့ တာဝန်ရှိသူတွေက မေ ၁ ရက်နေ့က  ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီတွေ့ဆုံမှုကနေ တစုံတရာ ဆုံးဖြတ်နိုင်ခဲ့ခြင်းမရှိဘဲ ပြန်လည်စတင်ဖို့အတွက် အစိုးရရဲ့ ခွင့်ပြုချက် လိုအပ်နေဆဲ ဖြစ်ပါတယ်။  “ဒီရာသီကိုပြန်လည်စတင်နိုင်ရေးအတွက် ကလပ်အသင်းတွေဟာ ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။ ကစားသမားတွေ၊ နည်းပြတွေ၊ မန်နေဂျာတွေ၊ အသင်းဝန်ထမ်းတွေနဲ့ ပရိသတ်တွေအပါအဝင်  လူ့အဖွဲ့အစည်းရဲ့ ဘေးကင်းလုံခြုံရေးကို အဓိကထားဆောင်ရွက်သွားမှာ ဖြစ်ပြီး ပြန်လည်စတင်ချိန်မှာ အစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာသွားမှာ ဖြစ်ပါတယ်” လို့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်တစောင်မှာ ဖော်ပြထားပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ရေးအတွက် “Project Restart” လို့ခေါ်တဲ့ စီမံကိန်းပါ သတ်မှတ်ချက်တွေကို တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဒီစီမံကိန်းအရ ပွဲစဉ်တွေကို ဇွန် ၈ ရက်မှာ ပြန်လည်စတင်ဖို့ လျာထားပါတယ်။  ဒီသတ်မှတ်ချက်တွေမှာ လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေဟာ မျက်နှာအကာအကွယ်တွေအပြင် တခြားသော လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်တွေကို လိုက်နာရမှာဖြစ်ပြီး ဘောလုံးတွေကို အသုံးမပြုခင်နဲ့ အသုံးပြုပြီးချိန်မှာ ပိုးသတ်ဖို့ သတ်မှတ်ထားပါတယ်။ ပြင်သစ်နဲ့ နယ်သာလန်လိဂ်တွေကို ဖျက်သိမ်းလိုက်တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွေကိုလည်း ဖျက်သိမ်းလိုက်နိုင်တယ်လို့ ယူဆချက်တွေ ထွက်ပေါ်လာခဲ့ပေမယ့် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကတော့ ဖျက်သိမ်းရေးထက် စိတ်ချရတဲ့ အခြေအနေတရပ်မှာ ပွဲစဉ်တွေကို ပြန်လည်စတင်ဖို့ ပိုပြီးအားသန်နေပါတယ်။  ဒီအတွက် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ ကစားသမားတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို လျစ်လျူရှိပြီး ငွေမျက်နှာတခုတည်း ကြည့်နေတယ်လို့လည်း ပရီးမီးယားလိဂ်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ဝေဖန်ထားပါတယ်။
12 months Ago
Up