ပရိဘောဂ

June 21, 2017

အမှိုက်သရိုက်များဖြင့် ပြုလုပ်ထားသည့် ရောင်စုံ ပရိဘောဂပစ္စည်းများ (ရုပ်သံ)

ပရိဘောကဆိုတာမျိုးက သေချာပေါက် မျက်စိပသာဒ ဖြစ်ရမှာပါ။ ဒါပေမယ့် သင်မထင်မှတ်တာမျိုးလည်း ရှိပါတယ်။ ဆီနီဂေါမှာရှိတဲ့ ဒီတက္ကသိုလ် ပန်းခြံက ထိုင်ခုံတွေနဲ့ ခုံတန်းရှည်တွေ အားလုံးကို အမှိုက်သရိုက်တွေနဲ့ ပြုလုပ်ထားပါတယ်။ ခြယ်သထားတဲ့ ဆေးရောင်စုံတွေက ကိတ်မုန့်ပေါ် အလှဆင်တဲ့ အချိုရည်တွေပါ။ “ပထမတော့ ဒီမှာ သစ်ပင်တွေနဲ့ အမှိုက်သရိုက်တွေပဲ များတာကြောင့် စာလာသင်တဲ့ ကျောင်းသားက အနည်းငယ်ပဲရှိပါတယ်။ တော်တော်ကို ညစ်ပတ်ပါတယ်။ ဒါပေမယ့် အခုတော့ နေ့တိုင်း လူတွေ ဒီကိုရောက်လာပြီး ထိုင်ခုံတွေကို သန့်ရှင်းရေးလုပ်ကြတယ်။ ပတ်ဝန်းကျင်မှာကျနေတဲ့ အမှိုက်တွေကိုတောင် ကောက်ကြတယ်။” မဆွေးမြည့်နိုင်တဲ့အရာတွေ အပါအဝင် ဘယ်လိုအမှိုက်မျိုးကိုမဆို ပြုလုပ်နိုင်ပါတယ်။ ဒါတွေကို တာယာအဟောင်းတခုထဲမှာ ထည့်ပြီး ဝါယာပတ်တာတွေ၊ ကွန်ကရိလောင်းတာတွေ မလုပ်ခင် သဲတွေ အရင်ဖြည့်လိုက်ပါတယ်။ ဒါက ပြင်သစ် အန်ဂျီအိုတခုရဲ့ ကျောင်းသားကလေးငယ်တွေကို recycling အကြောင်း ပညာပေးစည်းရုံးဖို့ ကြိုးပမ်းနေမှု တစိတ်တဒေသပဲ ဖြစ်ပါတယ်။ “အရင်ကတော့ တယောက်က အချိုရည်ဝယ်သောက်ပြီး ပုလင်းခွံကို လွှင့်ပစ်လိုက်တဲ့အခါမျိုးမှာ အဲဒါကို အမှိုက်လို့ မြင်ကြတယ်။ အခု အဲဒီလိုမဟုတ်တော့ဘဲ လွှင့်ပစ်လိုက်တဲ့အရာက ပိုပြီး တန်ဖိုးရှိတယ်ဆိုတာကို ကျောင်းသားတွေလည်း သဘောပေါက်လာတယ်။” ဒီပရောဂျက်ကို မလုပ်ဆောင်ခင် ပရိဘောဂတွေကို Ousmane ရဲ့အိမ်မှာ စမ်းသပ်ပြုလုပ်ခဲ့ပါတယ်။ အခုတော့ အဲသည်မှာ အမှိုက်ထွက်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ စားပွဲတွေ၊ ထိုင်ခုံတွေနဲ့ ပြည့်နေပါပြီ။ နောက်တော့ သူတို့ဟာ စီမံချက် အခု ၅၀ မှာ တာယာအဟောင်း ၁၆၀၀၀ နဲ့ အမှိုက် ၁၇၀၀၀ တန်ကို recycling အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ “လျှပ်စစ်နဲ့ တခြား စွမ်းအင်သုံးစွဲရမယ့် ကိရိယာတွေ မလိုပါဘူး။ ကျနော်တို့လိုတာက တာယာတွေ၊ အမှိုက်တွေနဲ့ အလကားရတဲ့ အရာတွေ ရှိနေတဲ့ နေရာပါပဲ။” ကျွတ်ကျွတ်အိတ် အသုံးပြုတာကို တားမြစ်ခြင်း အပါအဝင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြပေမယ့် ဆီနီဂေါမှာ နှစ်စဉ် အမှိုက်တန်ချိန် ၂ သန်းလောက် ထွက်နေဆဲပါ။ အခုတော့ အဲဒီအတွက် ဖြေရှင်းပေးမယ့် နည်းလမ်းတခု ရလာပါပြီ။
5 years Ago

September 7, 2015

3D ပရင်တာမှထွက်သည့် နိုင်လွန်မှုန့်ဖြင့် ပြုလုပ်ထားသည့် ပရိဘောဂ (ရုပ်သံ)

အသုံးဝင်တဲ့ ခုလို အပျံစား ပရိဘောဂ တွေကို ပစ္စည်းအကြွင်းအကျန်တွေနဲ့ ထုတ်လုပ်ထားတာပါ။ ဒီခွေးခြေခုံလေးတွေ ဆိုရင် 3D ပရင်တာက ထွက်လာတဲ့ နိုင်လွန်မှုန့်တွေနဲ့ ဖန်တီးထားတာပါ။ လျှပ်စီးကြောင်းတခုကို လေဆာအပူတိုက်ရာမှာ ကြွင်းကျန်ရစ်တဲ့ အမှုန့်တွေထဲမှာ မြှုပ်ထားတဲ့ ၀ါယာကြိုးတွေထဲကို ဖြတ်သန်းစေပါတယ်။ "တိုးတက်ဖန်တီးခဲ့တဲ့ ကာလအတွင်း အပူတိုက်ထားတဲ့ ၀ါယာတလျှောက် အရည်ပျော်နိုင်တဲ့ ပလတ်စတစ် အမျိုးမျိုးနဲ့ စမ်းသပ်ခဲ့တယ်။ မကြာခင်မှာဘဲ လေဆာအပူတိုက်စနစ်သုံး 3D ပရင်တာကနေ အလေအလွင့်တွေ အများကြီး ထွက်နေတာကို တွေ့လိုက်ရပါတယ်။" အင်္ဂလိပ်လူမျိုး ဘွဲ့ရတွေဖြစ်တဲ့ ဖေဘီယိုဟင်ဒရီနဲ့ ဆီအွန်ဂစ်လ်ချွိုင်တို့ ၂ ဦးဟာ ပရိဘောဂတွေ ဖန်တီးနိုင်မယ့်နည်းလမ်းကို တီထွင်ခဲ့ပါတယ်။ သူတို့က နစ်ကယ်အခြေပြု နီခရုမ်းဝါယာမျှင်တွေ သုံးပြီး ပုံသွင်းပါတယ်။ ပြီးမှ ဒီဝါယာပုံစံခွေကို ဆီလီကာသဲနဲ့ ပရင်တာကကျတဲ့ ပေါင်ဒါမှုန့်ရဲ့ အရောအစပ်တွေ ထည့်ထားတဲ့ ခွက်ထဲမှာ တပ်ဆင်လိုက်ပါတယ်။ လျှပ်စီးကြောင်းက နီခရုမ်းမျှင်ကို ၅၀၀ ဒီဂရီ ဆဲလ်စီးယပ်ထိ ပူလာစေတာမို့ ဒြပ်နှောတွေ အရည်ပျော်ကာ တသားတည်း ရောစပ်ပြီး အခဲအသွင် ဖြစ်သွားပါတော့တယ်။ "ပြင်ဆင်ရ လွယ်ကူပြီး အရမ်းမြန်တယ်။ ၀ါယာခွင်ဖော်ပြီးတာနဲ့ ဒြပ်နှောထည့် မိနစ် ၂၀ အပူပေးလိုက်ရုံပဲ။ ပြီးရင်တော့ အရမ်းကို မာကျောတဲ့ အသုံးဝင် ပရိဘောဂတခု ရတာပေါ့။" ပညာရှင် ၂ ဦးကတော့ သူတို့ရဲ့တီထွင်မှုဟာ 3D ပရင်တာက ထွက်လာတဲ့ ရီဆိုက်ကယ် မလုပ်နိုင်တဲ့ မနှစ်မြို့စရာ ဘေးထွက်ပစ္စည်းတွေကို အဆုံးသတ်ပစ်နိုင်မယ်လို့ ဆိုပါတယ်။ အကယ်၍ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေ ပေါ်လာခဲ့ရင် ပရိဘောဂပစ္စည်းတွေကို အကြီးအကျယ် ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
6 years Ago
Up