ပရိသတ် ကလေးငယ်

February 22, 2020

လီဗာပူးအား ရှုံးအောင်လုပ်ပေးဖို့တောင်းဆိုသည့် ယူနိုက်တက်ပရိသတ် ကလေးငယ်ကို နည်းပြကလော့ပ် စာပြန်

လီဗာပူးအသင်းကို ရှုံးပွဲတွေ့အောင်လုပ်ပေးဖို့ တောင်းဆိုခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ပရိသတ် ကလေးငယ်တဦးရဲ့ တောင်းဆိုစာကို လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က တုံ့ပြန်ရေးသားခဲ့ပါတယ်။  အသက် ၁၀ နှစ်အရွယ်သာရှိသေးတဲ့ ဒါးရတ်ကာလေ ဆိုတဲ့ ကလေးငယ်တဦးက သူ့ကျောင်းပရောဂျက်ရဲ့ အစိတ်အပိုင်းတခုအဖြစ် ကလော့ပ်ဆီ စာရေးသားခဲ့တာ ဖြစ်ပြီးတော့ ဒီစာမှာ ယူနိုက်တက် ပရိသတ်တ‌ယောက်အနေနဲ့ လီဗာပူးအသင်းက အမှတ်ပေးဇယားမှာ ၂၂ မှတ်ပြတ်နဲ့ ဦးဆောင်နေတာဟာ လက်ခံဖို့ ခဲယဉ်းလွန်းတယ်လို့ ရေးသားထားပါတယ်။ ဒါ့ကြောင့် လီဗာပူးအသင်းကို ရှုံးပွဲတွေ့အောင်လုပ်ပေးဖို့လည်း သူက တောင်းဆိုထားပါတယ်။  ကလော့ပ်က ဒါရတ်ရဲ့စာကို လျစ်လျူရှုခဲ့ခြင်းမရှိဘဲ ဒီကလေးငယ်လေးအတွက် ပြန်စာကို အချိန်ယူ ရေးသားပေးပို့ခဲ့ပြီးတော့ အားကစားသမားစိတ်ဓာတ်နဲ့ ပြိုင်ဘက်တွေအကြားက ယှဉ်ပြိုင်မှုအကြောင်းကိုလည်း ဒီစာထဲမှာ ရှင်းလင်းရေးသားခဲ့ပါတယ်။  ကလော့ပ်က ပြန်လည်ရေးသားပေးပို့ခဲ့တဲ့စာမှာ “ဒါရတ်ရေ… ပထမဆုံးအနေနဲ့ ဦးဆီကို စာရေးလို့ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ကွာ။ ဒါပေမဲ့ ကောင်လေးရေ… ဒီအချိန်မှာတော့ မင်းတောင်းဆိုမှုကို ဦး လုပ်ပေးနိုင်မယ် မထင်ဘူးကွ။ မင်းက လီဗာပူးအသင်းကို ရှုံးစေချင်နေပေမယ့် ဦးအလုပ်က အသင်းကို နိုင်အောင် ကူညီလုပ်ဆောင်ပေးရမှာ ဖြစ်နေလို့ပါပဲ။ ကမ္ဘာပေါ်မှာ လီဗာပူးအသင်းကို စောင့်ကြည့်နေတဲ့ ပရိသတ် သန်းပေါင်းများစွာရှိနေပြီးတော့ သူတို့က ဦးတို့အသင်းကို အနိုင်ရစေချင်တယ်လေ။ ဒါ့ကြောင့် သူတို့ကို စိတ်ဓာတ်ကျအောင် လုပ်လို့မရဘူးပေါ့။ ဒါပေမဲ့ ကောင်လေးရ‌၊ မင်းအတွက် ကံကောင်းတာတခုက ဦးတို့က ဘောလုံးလောကထဲက လူတွေလေ။ ဦးတို့အသင်းက အရင်တုန်းက ရှုံးပွဲတွေ ကြုံတွေ့ခဲ့ရပြီးတော့ နောင်ကျရင်လည်း ထပ်ပြီးတော့ ရှုံးပွဲဆိုတာ ရှိလာဦးမှာပဲ။ မင်းက အသက် ၁၀ နှစ်ပဲ ရှိနေသေးတော့ အခု မင်း ကြုံတွေ့နေရတဲ့ အခြေအနေတွေအတိုင်း အမြဲတမ်းရှိနေလိမ့်မယ် ထင်နေတာပါ။” ကလေးငယ်ရဲ့ မန်ယူနိုက်တက် အသင်းပေါ်ထားတဲ့ စိတ်ဓာတ်ကို လီဗာပူးနည်းပြက အခုလို ပြန်ကြားစာမှာ အခုလို ပြောကြားထားပါတယ်။ “မင်းရဲ့ ဘောလုံးအားကစားအပေါ် ထားရှိတဲ့ စိတ်ဓာတ်နဲ့ မင်းရဲ့အသင်းအပေါ်ထားတဲ့ ချစ်တဲ့ စိတ်ဓာတ်က ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး ဆိုတာပါပဲ။ မင်းလို ပရိသတ်မျိုးကို ပိုင်ဆိုင်ထားရတာ ယူနိုက်တက်အသင်းအတွက်တော့ ကံကောင်းမှုတခုပါပဲကွာ။ နောက် ဦးတို့အသင်း နောက်ထပ်ပွဲတွေကို အနိုင်ရပြီး ဖလားတွေ ထပ်ရနေမယ်ဆိုရင်တောင် မင်းအနေနဲ့ စိတ်မပျက်သွားဖို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတာ့ ဦးတို့အသင်းနဲ့ ယူနိုက်တက်အသင်းတို့ကြားမှာ ကြီးမားတဲ့ ပြိုင်ဆိုင်မှု ရှိနေပေမယ့် ဦးတို့နှစ်သင်းက တသင်းအပေါ် တသင်း အပြန်အလှန် လေးစားမှုရှိကြတယ်ကွ။ အပြန်အလှန် လေးစားမှုဆိုတာ ဘောလုံးအားကစားအတွက် အရေးပါတဲ့အချက်လို့ပဲ ဦး ယုံကြည်ထားတယ် ဒါရတ်ရေ။ ဂရုစိုက်ပါ။ ကံကောင်းပါစေ” လို့ ရေးသားထားပါတယ်။  ဒါရတ်ဟာ ကလော့ပ်ဆီကို စာရေးသား တောင်းဆိုခဲ့ပေမယ့် ကလော့ပ်ဆီက ပြန်လည် ရေးသားလာတဲ့စာ ရောက်ရှိလာတဲ့အခါမှာ အကြီးအကျယ်ကို အံ့သြနေခဲ့တယ်လို့ သူ့မိဘတွေက ပြောပါတယ်။  
1 year Ago
Up