ပရိသတ်အောင်ပွဲခံ

June 30, 2020

လုံခြုံစိတ်ချရသည့် နည်းလမ်းဖြင့် အောင်ပွဲခံရန် ပရိသတ်များကို လီဗာပူးနည်းပြ တိုက်တွန်း

လီဗာပူး ပရိသတ်တွေအနေနဲ့ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရတဲ့နည်းလမ်းနဲ့ အောင်ပွဲခံကြဖို့ နည်းပြ ယာဂန်ကလော့ပ်က တိုက်တွန်းလိုက်ပါတယ်။  လီဗာပူးပရိသတ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း အမ်ဖီးလ်ကွင်းရှေ့နဲ့ မြို့လယ်ကောင်မှာ လူပေါင်းထောင်ချီစုဝေးပြီး မီးရှူးမီးပန်းတွေ ပစ်ဖောက်ကာ အောင်ပွဲခံခဲ့ကြတာပါ။  နှစ် ၃၀ အတွင်းမှာ ပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံဆုဖလား ရယူနိုင်ခဲ့တဲ့အပေါ်မှာ ပရိသတ်ထောင်ချီ လမ်းမထက်မှာ စုဝေးပြီး အောင်ပွဲခံခဲ့ပါတယ်။   ပရိသတ်တွေရဲ့ အသင်းကို ချစ်မြတ်နိုးမှုအပေါ်မှာ လေးစားပြီး လက်ရှိအချိန်မှာတော့ လူစုလူဝေးမလုပ်ဖို့နဲ့ နောက်ထပ် ကိုဗစ်-၁၉ ပျံ့နှံ့မှုမရှိစေဖို့ ကိုယ့်နေရာမှာပဲနေပြီး အောင်ပွဲခံကြဖို့ နည်းပြ ယာဂန်ကလော့ပ်က တိုက်တွန်းခဲ့ပါတယ်။  လီဗာပူး ပရိသတ်တွေကို မာဆေးဆိုဒ်ရဲတပ်ဖွဲ့ကလည်း တားမြစ်ချက်တွေ ထုတ်ပြန်ပြီး လူစုခွဲကြဖို့ အမိန့်ပေးခဲ့ရတာပါ။  လူနေအိမ်တွေပေါ်ကိုလည်း မီးကျည်တွေ ကျရောက်ခဲ့တာကြောင့် ရမ်းကားတဲ့ လီဗာပူးပရိသတ် ၁၅ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
12 months Ago
Up