ပရိသတ် ၈ ဦးဒဏ်ရာရ

September 30, 2018

ပွဲကြည့်စင်အကာအရံ ပြိုကျမှုကြောင့် ဆီဗီလာအသင်း ပရိသတ် ၈ ဦးဒဏ်ရာရ

စက်တင်ဘာ ၂၉ ရက်နေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆီဗီလာအသင်းနဲ့ အီဘာအသင်းတို့ရဲ့ စပိန်လာလီ ဂါပွဲစဉ်တခုမှာ ပွဲကြည့်စင် အကာအရံပြိုကျခဲ့လို့ ဆီဗီလာပရိသတ် ၈ ဦး ဆေးရုံကို တင်ပို့ခဲ့ရတယ်လို့ ESPN သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ အီဘာအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အီပူရာကွင်းမှာ ဖြစ်ပွားခဲ့တာပါ။ “နောက်ဆုံးထွက်ပေါ်လာတဲ့ အတည်ပြုချက်တွေအရ စိတ်မကောင်းစရာဖြစ်ရပ်ကြောင့် ဆီဗီလာအသင်းရဲ့ အမာခံပရိတ်သတ် ၈ ဦး မန်ဒါရိုဆေးရုံကို တင်ပို့ခဲ့ရတယ်လို့ သိရပြီး သူတို့ရှစ်ဦးလုံး စိုးရိမ်ဖွယ်ရာမရှိဘူး” လို့ အီဘာအသင်းက သူတို့ရဲ့ တရားဝင်တွစ်တာ စာမျက်နှာမှာ ထုတ်ပြန်ကြေညာပါတယ်။ ပွဲကြည့်စင် အကာအရံပြိုကျမှုဟာ ကစားပွဲရဲ့ ၅၈ မိနစ်နောက်ပိုင်း ဂိုးအနောက်ဘက်က ပွဲကြည့်စင်တခုမှာ ဖြစ်ပွားခဲ့တာပါ။ ဆီဗီလာအသင်းအတွက် အာဂျင်တီးနားကွင်းလယ်လူ ဘန်နီဂါက ဒုတိယ မြောက်ဦးဆောင်ဂိုးကို ပင်နယ်တီကနေတဆင့် သွင်းယူပြီးတဲ့အချိန်မှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ကွင်းအတွင်းမှာရှိတဲ့ လုံခြုံရေးနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက အရေးပေါ်ကယ်ဆယ်မှုတွေကို ပြုလုပ်ခဲ့ရတဲ့အတွက် ကစားပွဲကိုလည်း ၈ မိနစ်ကြာ ရပ်ဆိုင်းခဲ့ရပါတယ်။ ဒီပွဲမှာ ဧည့်သည် ဆီဗီလာအသင်းက အိမ်ရှင်အီဘာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ “ဒီနေ့ပွဲမှာ ရရှိခဲ့တဲ့ အနိုင်ဂိုး ၃ ဂိုးနဲ့ အနိုင်သုံးမှတ်ဟာ ပြိုကျမှုဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပရိသတ်တွေအတွက် ရည်ရွယ်ပြီး သူတို့အမြန်ဆုံး ပြန်လည် သက်သာလာစေဖို့ တောင်းဆုပြုပါတယ်” လို့လည်း ဆီဗီလာအသင်းရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
3 years Ago
Up