ပရိသတ်အကြိုက်

February 10, 2018

ပရိသတ်အကြိုက် စပါး-အာဆင်နယ် လန်ဒန်ဒါဘီနှင့် ပရီးမီးယားလိဂ်ပွဲစဉ်များ

၂၀၁၇-၁၈ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာ အခုဆိုရင် ၂၆ ပွဲယှဉ်ပြိုင်ပြီးလို့ ရာသီသိမ်းဖို့ နီးကပ်လာတာနဲ့အမျှ ပရိသတ်တွေရဲ့ ရင်ထဲကို စွဲကိုင် လှုပ်ယမ်းနေဆဲ ဖြစ်ပါတယ်။ ဒီတပတ် ပွဲစဉ် ၂၇ အဖြစ် လာမယ့် စနေနေ့မှာ ပြိုင်ဆိုင်မှုပြင်းထန်ပြီး ပရိသတ် စိတ်ဝင်စားမှု အရှိဆုံးဖြစ်လာမယ့် လန်ဒန်ဒါဘီပွဲစဉ် စပါး-အာဆင်နယ်ပွဲ အပါအဝင် အဲဗာတန်-ခရစ္စတယ်ပဲလေ့စ်၊ စတုတ်-ဘရိုက်တန်၊ ဆွမ်ဆီး-ဘန်လေ၊ ဝက်စ်ဟမ်း-ဝတ်ဖို့ဒ်နဲ့ မန်စီးတီး-လက်စတာတို့ တွေ့ဆုံယှဉ်ပြိုင်ကြမှာပါ။ အူဘာမီယန်း၊ မစ်ခီတာယန်းအတွဲက စပါးကို ဒုက္ခပေးနိုင်မလား လာမယ့် စနေ အစောဆုံးပွဲစဉ်အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ အာဆင်နယ်တို့ လန်ဒန်ဒါဘီပွဲ ယှဉ်ပြိုင်ကြမှာပါ။ ဒီနှစ်သင်းဟာ မြို့ခံပြိုင်ဘက်အသင်းတွေပီပီ အနိုင်မခံ အရှုံးမပေး အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာတော့ အသေအချာပဲ ဖြစ်ပါတယ်။ အိမ်ရှင် စပါးအသင်းဟာ ဒီရာသီမှာ အိမ်ကွင်းစွမ်းဆောင်ရည် အကောင်းဆုံးအသင်းထဲမှာ ပါဝင်ပြီး အခုအချိန်ထိ အိမ်ကွင်းတပွဲပဲ ရှုံးနိမ့်ထားခဲ့ပြီး အဲဒါကလည်း ရာသီအစ ချဲလ်ဆီးကို တဂိုး နှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီနောက် လီဗာပူး၊ မန်ယူတို့လို ထိပ်သီးအသင်းတွေကို ဂိုးပြတ်အနိုင်ရတဲ့ အထိ အိမ်ကွင်းအားကောင်းခဲ့ပါတယ်။ လက်ရှိ စပါးအသင်းမှာ ဒဏ်ရာရ၊ ပွဲပယ်ကစားသမားလည်း မရှိတဲ့အတွက် အားသာနေပြီး အသင်းရဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်း ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်သလို ကွင်းလယ်က အယ်လီနဲ့ အဲရစ်ဆန်တို့ကလည်း အကောင်းဆုံး ပံ့ပိုးပေးနိုင်တာမို့ စပါးအသင်းကပဲ အသာစီးရယူနိုင်တယ်လို့ ထင်စရာရှိပါတယ်။ ပြီးခဲ့တဲ့အပတ်ကပွဲစဉ်မှာ စပါးဟာ လီဗာပူးကွင်းမှာ ဦးဆောင်ဂိုးတွေ ပေးခဲ့ရပြီးမှ ချေပဂိုးတွေလိုက်သွင်းပြီး နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ဒါကြောင့် ဒီတပတ် အိမ်ကွင်းမှာ အာဆင်နယ်ကို ရေကုန်ရေခန်း ကစားပြီး နိုင်ပွဲပြန်ရှာမလားဆိုတာ စိတ်ဝင်စားဖွယ် ဖြစ်ပါတယ်။ အာဆင်နယ်ကလည်း ဒီရာသီမှာ ရလဒ်တွေ တည်ငြိမ်မှုမရှိဘဲ ယိမ်းယိုင်နေလို့ အမှတ်ဆုံးရှုံးခဲ့ရတဲ့ ပွဲစဉ်တွေ များလှပါတယ်။ ဒါ့အပြင် အဝေးကွင်းစွမ်းဆောင်ရည်မှာ အာဆင်နယ်ဟာ ညံ့ဖျင်းလှပြီး အဝေးကွင်း ၁၃ ပွဲမှာ ၃ ပွဲပဲ အနိုင်ရပြီး ၄ ပွဲသရေ၊ ၆ ပွဲအထိ ရှုံးနိမ့်ထားတာပါ။ ဒါပေမယ့်လည်း အခု ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ဟာ အဓိက တောင်ပံတိုက်စစ်ကစားသမား ဆန်းချက်ဇ်ကို မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ ခွင့်ပြုခဲ့ရပေမယ့် မန်ယူကွင်းလယ်လူ မစ်ခီတာယန်းနဲ့ ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်းတို့နဲ့ ပြန်လည် အားဖြည့်နိုင်ခဲ့ပါတယ်။ မစ်ခီတာယန်းနဲ့ အူဘာမီယန်းတို့ဟာ ဒေါ့မွန်မှာ တွဲဖက်ကစားခဲ့တဲ့သူတွေမို့ အချိန်ယူပြီး နားလည်မှု တည်ဆောက်စရာမလိုဘဲ အလွယ်တကူ အတွဲအဖက်မိခဲ့တာကို ပြီးခဲ့တဲ့တပတ် အဲဗာတန်နဲ့ ပွဲစဉ်မှာ တွေ့ခဲ့ရပါတယ်။ အဲဒီပွဲစဉ်မှာ အာဆင်နယ်ဟာ အဲဗာတန်လိုအသင်းကို ငါးဂိုးတဂိုးနဲ့ အနိုင်ယူခဲ့ပြီး အူဘာမီယန်းကလည်း တဂိုးသွင်းယူနိုင်ခဲ့သလို မစ်ခီတာယန်းကလည်း ဂိုးဖန်တီးမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်မှာ အဓိက ဂိုးသမား ပီတာဆက်ခ်ျနဲ့ ကွင်းလယ်လူ ကာဇိုလာတို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ဘဲ နောက်ခံလူ မွန်ရီယယ်လည်း ပါဝင်ဖို့ မသေချာ ဖြစ်နေတာပါ။ ဒါပေမယ့်လည်း အိုဇေးလ်၊ မစ်ခီတာယန်း၊ အူဘာမီယန်းတို့ရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးမှာ ရှိနေတာမို့ အိမ်ရှင် စပါး အလွယ်တကူ အသာစီးရဖို့တော့ မလွယ်လောက်ဘူးလို့ ထင်မိပါတယ်။ ဒီနှစ်သင်း ပထမအကျော့ အာဆင်နယ်ကွင်းမှာ တွေ့ဆုံခဲ့စဉ်က အိမ်ရှင်အသင်းကပဲ နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာမို့ အခုပွဲမှာ အာဆင်နယ်ကပဲ အောင်ပွဲဆက်ဆင်နိုင်မလား၊ စပါးကပဲ လက်စားချေပြီး အနိုင်ပြန်ယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ လက်ရှိ အမှတ်ပေးဇယားမှာ စပါးက အဆင့် ၅၊ အာဆင်နယ်က အဆင့် ၆ နေရာမှာ ရပ်တည်နေတာမို့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရေး ထိပ်ဆုံး လေးသင်းထဲဝင်ဖို့ နှစ်သင်းစလုံးအတွက် အရေးကြီးနေတာ ဖြစ်ပါတယ်။ ဘီဘီစီက အားကစားသတင်း သုံးသပ်တင်ဆက်သူ လော်ရိုက ဒီပွဲမှာ စပါးက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းထားပေမယ့် အူဘာမီယန်း၊ မစ်ခီတာယန်း၊ အိုဇေးလ်တို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ အာဆင်နယ် မရှုံးနိုင်ဘဲ အပြန်အလှန်သွင်းဂိုးတွေနဲ့ အနိမ့်ဆုံး သရေလောက်ရအောင်တော့ စွမ်းဆောင်နိုင်လိမ့်မယ်လို့ သုံးသပ်မိပါတယ်။ အဲဗာတန်-ခရစ္စတယ်ပဲလေ့စ် အဲဗာတန်ဟာ ပြီးခဲ့တဲ့အပတ်က အာဆင်နယ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာမို့ ဒီပွဲမှာတော့ နိုင်ပွဲပြန်ရှာဖို့ ရှိနေပါတယ်။ အခု ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အဲဗာတန်ဟာ အာဆင်နယ် ကွင်းလယ်တိုက်စစ်ကစားသမား ဝေါလ်ကော့၊ တူရကီတိုက်စစ်မှူး တိုဆန်နဲ့ မန်စီးတီး နောက်ခံလူ မန်ဂါလာတို့ကို ခေါ်ယူအားဖြည့်ထားတဲ့အတွက်လည်း စောင့်ကြည့်ရမယ့်အသင်းတသင်း ဖြစ်လာပါတယ်။ ဒါ့အပြင် ဝါရင့်နည်းပြ ဆမ်အလာဒိုက်စ်ရဲ့ နည်းဗျူဟာ ကြွယ်ဝမှု၊ အဓိက ကစားသမားတွေ ဒဏ်ရာအနာတရ ကင်းစင်မှုတွေကြောင့်လည်း အဲဗာတန် အသာစီးရဖို့ ရှိနေပါတယ်။ ခရစ္စတယ်ပဲလေ့စ်ဟာ နည်းပြ ရွိုင်းဟော့ဒ်ဆန် လက်ထက်မှာ ခြေစွမ်းပြန်လည် ကောင်းမွန်လာတယ်ဆိုပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာတော့ ခြေစွမ်း အနည်းငယ် ပြန်လည်ကျဆင်းခဲ့ပါတယ်။ ရှေ့၊ လယ်၊ နောက် ဒဏ်ရာရ ကစားသမားတွေ များပြားနေတာလည်း အသင်းအတွက် ထိုးနှက်ချက်တရပ်  ဖြစ်နေတာပါ။ ဒီနှစ်သင်း ပထမအကေျာ့ ပဲလေ့စ်ကွင်းမှာ နှစ်ဂိုးစီသရေကျခဲ့ပေမယ့် အခုပွဲစဉ်မှာတော့ အိမ်ကွင်းစွမ်းဆောင်ရည် ကောင်းမွန်တဲ့ အဲဗာတန်က အဝေးကွင်း စွမ်းဆောင်ရည် ညံ့တဲ့ ပဲလေ့စ်ကို အသာစီးယူပြီး အောင်ပွဲဆင်သွားနိုင်ဖို့ ရှိပါတယ်။ စတုတ်-ဘရိုက်တန် တန်းဆင်းဇုန်ထဲ ကျရောက်နေတဲ့ စတုတ်နဲ့ တန်းဆင်းဇုန်ထဲ မကျရောက်ရေး ရုန်းကန်နေရတဲ့ ဘရိုက်တန်တို့ရဲ့ ပွဲစဉ်ကလည်း စိတ်ဝင်စားဖွယ် ကောင်းပါတယ်။ စတုတ်ဟာ ဒီရာသီ ရလဒ်မကောင်းလို့ နည်းပြ မာ့ခ်ဟုခ်ျကို ထုတ်ပယ်ခဲ့ပြီး နည်းပြသစ်အဖြစ် ဝုဖ်နဲ့ ဘလက်ဘန်းနည်းပြဟောင်း ပေါလ်လန်းဘတ်ကို ခန့်အပ်ခဲ့ပြီးနောက် ဟတ်ဒါဖီးလ်နဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်ရခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာတော့ သရေနဲ့ ရှုံးပွဲတွေပဲ တွေ့နေတာပါ။ ဘရိုက်တန်ကလည်း ဒီရာသီမှာ အဝေးကွင်းစွမ်းဆောင် မကောင်းဘဲ အဝေးကွင်း ၁၃ ပွဲမှာ ၂ ပွဲပဲနိုင်ပြီး ၃ ပွဲသရေ၊ ၈ ပွဲအထိ ရှုံးနိမ့်ထားတာပါ။ ဒါ့အပြင် ဘရိုက်တန်မှာ ကွင်းလယ်လူ ဆစ်ဝဲလ်၊ စကာလက်နဲ့ တိုက်စစ်မှူး လိုကာဒီယာတို့ ဒဏ်ရာရနေတဲ့အတွက်လည်း တိုက်စစ်ဆင် ဂိုးသွင်းနိုင်ဖို့ အားနည်းချက်တွေ ရှိနေပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ဘရိုက်တန်ကွင်းမှာ နှစ်ဂိုးစီ သရေကျခဲ့ပေမယ့် အခု စတုတ်ကွင်းမှာတော့ ရှာကွီရီ၊ ပီတာခရော့ခ်ျ၊ ဂျိုးအယ်လန်တို့ရဲ့ စွမ်းဆောင်ရည်နဲ့ တန်းဆင်းဇုန်က ရုန်းကန်ကစားမယ့် စိတ်ဓာတ်ကြောင့် စတုတ် နိုင်ပွဲပြန်ရှာတွေ့မယ်လို့ ယူဆမိပါတယ်။ ဆွမ်ဆီး-ဘန်လေ ဆွမ်ဆီးဟာ နည်းပြသစ် ကာဗာဟယ်လက်ထက်မှာ ရလဒ်တွေ ပြန်လည်ကောင်းမွန်နေပြီး ပြီးခဲ့တဲ့ ကြားရက် အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်မှာ လိဂ် ၂ ကလပ် နော့စ်ကောင်တီကို ရှစ်ဂိုးတဂိုးနဲ့ ဂိုးပြတ်နိုင်ပြီး နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း ဆွမ်ဆီးဟာ ရမှတ် ၂၄ မှတ်နဲ့ တန်းဆင်းဇုန်အတွင်းက စတုတ်၊ ဟတ်ဒါဖီးလ်ဒ်တို့နဲ့ ရမှတ်တူနေပေမယ့် ဂိုးကွာခြားချက်ကြောင့်သာ တန်းဆင်းဇုန်အထက် အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာပါ။ ဒါကြောင့်လည်း လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ဆက်လက် တင်ကျန်နိုင်ရေး ဆွမ်ဆီးအသင်း အားကုန်ထုတ် ကြိုးစားရုန်းကန်နေပါတယ်။ ဒါ့အပြင် နောက်ပိုင်းပွဲစဉ်တွေမှာ တိုက်စစ်ကလည်း ဂိုးရလွယ်နေတာမို့ အခုပွဲမှာလည်း တိုက်စစ်ဆင်ပြီး ဂိုးတွေရဖို့ ကြိုးစားလာဦးမှာပါ။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၇ မှာ ရပ်တည်နေတဲ့ ဘန်လေကတော့ ဒီရာသီအစမှာ ချဲလ်ဆီးလိုအသင်းကို အနိုင်ယူပြီး အဖွင့်လှခဲ့သလို အစောပိုင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ် ရာသီဝက် နောက်ပိုင်းမှာတော့ ဘန်လေဟာ နိုင်ပွဲရှာမတွေ့တော့ဘဲ သရေနဲ့ ရှုံးပွဲတွေပဲ ဆက်နေခဲ့ပါတယ်။ ဒီနှစ်သင်း ပထမအကျော့မှာ ဘန်လေက နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို လက်ရှိ ပရီးမီးယားလိဂ် ရပ်တည်မှု အဆင့်အရ ဘန်လေက ထိပ်ပိုင်းမှာ ရောက်နေတယ်ဆိုပေမယ့် နောက်ပိုင်း ခြေစွမ်းပြန်လည်ကျဆင်းလာတာကြောင့် တန်းဆင်းဇုန်ကလွတ်ပြီး ပရီးမီးယားလိဂ်မှာ တင်ကျန်နိုင်ရေး ရုန်းကန်ကြိုးစားနေတဲ့ ဆွမ်ဆီးအသင်း အနည်းဆုံး သရေ တမှတ်ရအောင် ယူနိုင်ဖို့ အလားအလာ ရှိနေပါတယ်။ ဝက်စ်ဟမ်း-ဝတ်ဖို့ဒ် ပြီးခဲ့တဲ့တပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ လက်ရှိချန်ပီယံ ချဲလ်ဆီးလိုအသင်းကို လေးဂိုးတဂိုးနဲ့နိုင်ပြီး စိတ်ပိုင်းဆိုင်ရာ မြင့်မားနေတဲ့ ဝတ်ဖို့ဒ်အသင်း ဒီတပတ် ဆက်ပြီး နိုင်ပွဲရယူနိုင်ဦးမလားဆိုတာတော့ ပြောဖို့ ခက်လှပါတယ်။ ဝက်စ်ဟမ်းဟာ အိမ်ကွင်းကစားပုံ မာကျောပြီး နောက်ပိုင်း အိမ်ကွင်းပွဲစဉ်တွေမှာ အနည်းဆုံး သရေရလဒ်ရအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ ဝက်စ်ဟမ်းနည်းပြ မိုရက်စ်ဟာ ဝတ်ဖို့ဒ်နဲ့ ယှဉ်ပြိုင်တဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်း ရယူနိုင်တဲ့ အစဉ်အလာလည်း ရှိထားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ယှဉ်ပြိုင်ခဲ့စဉ်က အိမ်ရှင် ဝတ်ဖို့ဒ်က နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း ဝတ်ဖို့ဒ်က အဆင့် ၁၁၊ ဝက်စ်ဟမ်းက အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာမို့ တသင်းနဲ့တသင်း ကွာခြားမှု မရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် နှစ်သင်းစလုံးမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေတဲ့အပြင် အိမ်ကွင်းမှာ မရှုံးအောင် ထိန်းကစားလာမယ့် ဝက်စ်ဟမ်းကြောင့် သရေကျသွားနိုင်ပြီး အနိုင်ရမယ်ဆိုလည်း အိမ်ရှင်ဝက်စ်ဟမ်းက ဂိုးနည်းနည်းနဲ့ အနိုင်ရသွားနိုင်ချေ ရှိတယ်လို့ ခန့်မှန်းမိပါတယ်။ မန်စီးတီး-လက်စတာ ပရီးမီးယားလိဂ် စနေည နောက်ဆုံးပွဲစဉ်အဖြစ် ထိပ်ဆုံးက ဦးဆောင်နေတဲ့ မန်စီးတီးနဲ့ အဆင့် ၈ မှာ ရပ်တည်နေတဲ့ လက်စတာတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ဒီရာသီမှာ ရပ်တန့်ရခက်တဲ့ အသင်းတသင်းအဖြစ် လက်ရှိ ပွဲစဉ် ၂၆ ပွဲ ယှဉ်ပြိုင်ပြီးချိန်အထိ ရှုံးပွဲတပွဲပဲ ရှိသေးကာ ဒါကလည်း အဝေးကွင်းမှာ လီဗာပူးကို ဂိုးအပြန်အလှန်သွင်းပြီး လေးဂိုးသုံးဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒါ့အပြင် မန်စီးတီးဟာ အိမ်ကွင်းရှုံးပွဲ လုံးဝမရှိသေးဘဲ ၁၃ ပွဲမှာ ၁၂ ပွဲနိုင်ပြီး ၁ ပွဲ သရေကျထားပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးမှာ အဓိက ခြေစွမ်းပြ ကစားနေတဲ့ ဆာနေး ဒဏ်ရာကြောင့် မပါဝင်နိုင်တာက အသင်းလုပ်အားနှုန်း ကျဆင်းသွားဖွယ်ရှိပြီး လာမယ့်အပတ် ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘေဆယ်နဲ့ ကစားဖို့ ရှိနေတဲ့အတွက်လည်း ဒီပွဲမှာ ဒဏ်ရာအနာတရ မဖြစ်အောင် ဂရုစိုက်ကစားမယ့် အခြေအနေ ရှိနေပါတယ်။ မန်စီးတီးနဲ့ တွေ့ဆုံနေတဲ့ လက်စတာအသင်းကလည်း အဓိက ကစားသမား မာရက်ဇ် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပြီး အသင်းနဲ့ပူးပေါင်းဖို့ ငြင်းဆန်နေတာကြောင့် အခက်တွေ့နေပါတယ်။ နောက်ဆုံးအခြေအနေအရ မာရက်ဇ် အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ ဘီဘီစီသတင်းမှာ ဖော်ပြပေမယ့် နည်းပြက အသုံးပြုမပြုဆိုတာတော့ မသေချာသေးပါဘူး။ ဒါ့အပြင် တိုက်စစ်မှူး အိုကာဇာကီလည်း ဒဏ်ရာကြောင့် ပါဝင်နိုင်ဖွယ် မရှိတာကြောင့် တိုက်စစ်လည်း အားနည်းဖွယ်ရှိပါတယ်။ နောက်ဆုံး ကန်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ နှစ်သင်းစလုံး ပြိုင်ဘက်တွေနဲ့ သရေရလဒ်ပဲ ရခဲ့တာကြောင့် ဒီတပတ် နိုင်ပွဲပြန်ရအောင် ကြိုးစားကြမှာ ဖြစ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးပဲ အနိုင်ရသွားဖို့ အလားအလာ ရှိနေပါတယ်။
3 years Ago

February 4, 2018

ပရိသတ်အကြိုက် ကျားကုတ်ကျားခဲ ယှဉ်ပြိုင်မည့် ပရီးမီးယားလိဂ်ပွဲစဉ်များ

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ လက်ကျန်ပွဲစဉ်တွေအဖြစ် တနင်္ဂနွေညမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ နယူးကာဆယ်၊ လီဗာပူးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ ယှဉ်ပြိုင်မှာဖြစ်ပြီး ဝတ်ဖို့ဒ်နဲ့ ချဲလ်ဆီးကတော့ လာမယ့် အင်္ဂါမနက်အစောပိုင်း ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်-နယူးကာဆယ် အမှတ်ပေးဇယား ၁၃ နေရာက ခရစ္စတယ်ပဲလေ့စ်နဲ့ ၁၄ နေရာက နယူးကာဆယ်တို့ ပွဲစဉ်မှာတော့ အိမ်ကွင်းအားသာချက်ရှိတဲ့ ပဲလေ့စ်က အသာရဖွယ်ရှိပေမယ့် နယူးကာဆယ်ကလည်း အဝေးကွင်းမှာ အလျှော့မပေးစတမ်း ယှဉ်ပြိုင်လာမှာပါ။ နှစ်သင်းစလုံးဟာ တန်းဆင်းဇုန်အသင်းတွေနဲ့ အမှတ်ကွာဟမှု ကျဉ်းမြောင်းနေတာကြောင့်လည်း တန်းဆင်းဇုန်အတွင်း မဝင်ရေး ရုန်းကန် ယှဉ်ပြိုင်ကြမှာပါ။ ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဆန်နဲ့ နယူးကာဆယ်ကို ကိုင်တွယ်နေတဲ့ ဘန်နီတက်ဇ်တို့ဟာ ဝါရင့်နည်းပြတွေပီပီ တသင်းနဲ့တသင်း အသာစီးရအောင် ဗျူဟာခင်းကျင်း ပြင်ဆင်လာမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ ဒီနှစ်သင်း နောက်ဆုံးသုံးပွဲ ရလဒ်မှာ ခရစ္စတယ်ပဲလေ့စ်က တပွဲနိုင်၊ တပွဲသရေ၊ တပွဲရှုံးခဲ့ပြီး နယူးကာဆယ်ကတော့ နှစ်ပွဲသရေ၊ တပွဲရှုံးရလဒ် ထွက်ခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ တွေ့ဆုံစဉ်ကတော့ နယူးကာဆယ်က အိမ်ကွင်းမှာ တဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ ဒါကြောင့် အခု ဒုတိယအကျော့ပွဲစဉ်မှာ ပဲလေ့စ်က အိမ်ကွင်းအားသာချက်နဲ့ နယူးကာဆယ်ကို ပြန်ကလဲ့စားချေနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး နှစ်သင်းစလုံး အမှားစောင့်ကစားရင်း သရေကျသွားနိုင်ခြေလည်း ရှိနေပါတယ်။ လီဗာပူး-တော့တင်ဟမ်ဟော့စပါး ဒီတပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲ ပရိသတ် စိတ်ဝင်စားမှုအရှိဆုံး ပွဲစဉ်လို့ ဆိုရမှာပါ။ နှစ်သင်းစလုံး ဇယားထိပ်ပိုင်းမှာ ရပ်တည်နေပြီး ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အမှတ်ပေးဇယား အဆင့် ၄ အတွင်းဝင်နိုင်အောင် ကြိုးစား ရုန်းကန်နေကြပါတယ်။ လီဗာပူးဟာ အဓိက ကစားသမား ကော်တင်ဟိုကို ဘာစီလိုနာအသင်းဆီ ရောင်းချခဲ့ပြီးနောက် ဂိုးရနိုင်ရေး ကွင်းလယ်က ပံ့ပိုးမှုအပိုင်းမှာ အနည်းငယ် အားနည်းခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း ကော်တင်ဟိုမပါဘဲ ယှဉ်ပြိုင်ခဲ့တဲ့ မန်စီးတီးနဲ့ ပွဲစဉ်မှာတော့ ဂိုးအပြိုင်သွင်းပြီး လေးဂိုး သုံးဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် နောက်ပွဲစဉ်ဖြစ်တဲ့ ဆွမ်ဆီးနဲ့ပွဲမှာတော့ တဂိုး ဂိုးမရှိနဲ့ ပြန်လည်ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနောက် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ကြားရက်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဟတ်ဒါဖီးလ်ဒ်ကို သုံးဂိုး ဂိုးမရှိနဲ့ ပြန်လည်အနိုင်ရခဲ့ပါတယ်။ ဒီနောက်ဆုံးသုံးပွဲရလဒ်အရ လီဗာပူးဟာ ခြေစွမ်းတည်ငြိမ်မှု မရှိဘူးလို့ သုံးသပ်နိုင်ပေမယ့် အသင်းကြီးတွေနဲ့ တွေ့ရင် ရေကုန်ရေခန်း ယှဉ်ပြိုင်တတ်တဲ့ အလေ့အထကြောင့် အိမ်ကွင်းမှာ စပါးကို အသာစီးရနိုင်မလားလို့ တွေးတောစရာရှိပါတယ်။ ဒါ့အပြင် လီဗာပူးအသင်းဟာ အခုရာသီ အိမ်ကွင်းပွဲစဉ် ၁၂ ပွဲ ယှဉ်ပြိုင်အပြီးမှာ ရှုံးပွဲမရှိသေးဘဲ ၇ ပွဲနိုင်၊ ၅ ပွဲသရေရလဒ် ဆောင်ကြဉ်းထားနိုင်ပါတယ်။ တော့တင်ဟမ်ဟော့စပါးကလည်း တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ခြေစွမ်းပြ ဂိုးသွင်းယူမှုနဲ့အတူ ပရီးမီးယားလိဂ်မှာ ထိပ်သီးစာရင်းဝင် ဖြစ်လာနေတာပါ။ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ယှဉ်ပြိုင်အပြီးမှာ စပါးအသင်းဟာ ၁၄ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၅ ပွဲရှုံးရလဒ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေရပါတယ်။ ဒါကြောင့်လည်း စပါးဟာ ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် ထိပ်သီးလေးသင်းထဲပါဖို့ အားသွန်ခွန်စိုက် ယှဉ်ပြိုင်နေတာပါ။ ဒီနှစ်သင်း ပထမအကျော့ စပါးကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်က စပါးက တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ သွင်းဂိုးနှစ်ဂိုး အပါအဝင် လေးဂိုး တဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အခု လီဗာပူးကွင်းမှာ ယှဉ်ပြိုင်ရမယ့် ဒုတိယအကျော့ပွဲစဉ်မှာတော့ နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဖွင့်ကစားပြီး အိမ်ရှင်အသင်းက ရှုံးကြွေးပြန်ဆပ်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဝတ်ဖို့ဒ်-ချဲလ်ဆီး ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ နောက်ဆုံးပွဲအဖြစ် လာမယ့် အင်္ဂါနေ့ မနက်အစောပိုင်း ယှဉ်ပြိုင်မယ့် ဝတ်ဖို့ဒ်နဲ့ ချဲလ်ဆီးပွဲစဉ်မှာတော့ ရှုံးပွဲတွေကြောင့် ဖိအားဝင်နေတဲ့ ချဲလ်ဆီးအသင်း နိုင်ပွဲပြန်လည်ရယူဖို့ ရှိနေပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ်မှာ အာဆင်နယ်ကိုရှုံးပြီး ထွက်ခဲ့ရသလို နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ဘုန်းမောက်ကို အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့လို့ အကြီးအကျယ် ဖိအားတွေ ဝင်နေခဲ့တာပါ။ နည်းပြကွန်တီ အနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ နိုင်ပွဲပြန်လည်ရယူနိုင်ဖို့ အသေအချာ ပြင်ဆင်နေပြီး အားနည်းနေတဲ့ တိုက်စစ်ပိုင်းကိုလည်း ဖြည့်တင်းမှုတွေ ပြုလုပ်ထားပါတယ်။ ဝတ်ဖို့ဒ်ကတော့ ပရီးမီးယားလိဂ် အလယ်အလတ် အဆင့်မှာရှိပြီး အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်သုံးပွဲ ရလဒ်မှာလည်း ဝတ်ဖို့ဒ်ဟာ နိုင်ပွဲမရှိဘဲ နှစ်ပွဲသရေ၊ တပွဲရှုံးရလဒ်ပဲ ရခဲ့ပါတယ်။ အိမ်ကွင်း၊ အဝေးကွင်းစွမ်းဆောင်နိုင်မှု အရလည်း ဝတ်ဖို့ဒ်ဟာ အိမ်ကွင်းစွမ်းဆောင်ရည် မကောင်းတဲ့အသင်းတသင်းဖြစ်တာမို့ ဖိအားတွေနဲ့ ပေါက်ကွဲပြမယ့် ချဲလ်ဆီးအသင်းကပဲ အောင်ပွဲဆင်နိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။
3 years Ago
Up