ပရဟိတရန်ပုံငွေအတွက် လူပေါင်းရာချီပါဝင်သည့် ၀စ်လစ်စလစ် ရေစိမ်ပွဲတော်

A d v e r t i s e m e n t With Us

September 26, 2016

ပရဟိတရန်ပုံငွေအတွက် လူပေါင်းရာချီပါဝင်သည့် ၀စ်လစ်စလစ် ရေစိမ်ပွဲတော် (ရုပ်သံ)

အင်္ဂလန်နိုင်ငံအရှေ့မြောက်ပိုင်းမှာ ပရဟိတရန်ပုံငွေရှာဖွေဖို့ ရည်ရွယ်ပြီး အမျိုးသား၊ အမျိုးသမီးတွေ ရာနဲ့ချီပါဝင်တဲ့ ၀စ်လစ်စလစ် ရေစိမ်ပွဲတော်ကို ကျင်းပခဲ့တယ်လို့ မေရာသတင်းမှာ စက်တင်ဘာ ၂၅ ရက်နေ့က ဖော်ပြပါတယ်။ ဒီပွဲတော်ကို နော်သန်ဘာလန်း ကိုယ်ပိုင်စီရင်စုနယ်မြေ၊ ဒရူးရစ်ဂ်ျပင်လယ်အော်မှာ မနက် ၅ နာရီခွဲက ကျင်းပခဲ့တာပါ။ အော်တမ်အက်ကွီနော့ဇ်လို့လည်း အမည်တွင်တဲ့ ဒီပွဲတော်ဟာ ဆောင်းဦးရာသီရဲ့ ပထမဆုံး တရားဝင်ကျင်းပလေ့ရှိတဲ့ ပွဲတော်တခုဖြစ်ပြီး ဒီနှစ်မှာတော့ လူပေါင်း ၄၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ ဆိုပါတယ်။ ပွဲစီစဉ်ကျင်းပသူတဦးဖြစ်တဲ့ ဆန်းဒါးလန်းမြို့မှ ဂျက်ဆ် ဟစ်ဂင်ဆဲန်က ဝေးလ်စ်မှာ ကျင်းပတဲ့ အလားတူပွဲတော်တခု တက်ရောက်ခဲ့အပြီး ဒီပွဲတော်မှာ ပါဝင်ခဲ့တာလို့ ပြောပါတယ်။ “လူတွေဟာ ဒီပွဲတော်မှာ တကြိမ်ပါပြီးသွားရင် အကြိမ်ကြိမ်ပါဝင်လာတာပဲ။ နောက်တကြိမ်လာရင် မိတ်ဆွေသစ်တယောက်နဲ့ပေါ့။ နှစ်တိုင်း ပါဝင်ဆင်နွှဲတဲ့သူတွေလည်း ပိုများများလာပါတယ်။” အသက် ၄၅ နှစ်အရွယ် အဲလဲန် ဟက်ဒင်းဂ်လီကတော့ သူ့သူငယ်ချင်းတယောက်ရဲ့ ဆွဲဆောင်မှုကြောင့် ဒီပွဲတော်မှာ ပါဝင်လာခဲ့ပြီး နောက်တကြိမ် ဆက်ဆင်နွှဲဖြစ်တာလို့ ဆိုပါတယ်။ “မနှစ်ကတော့ ကျမ မပါချင်ခဲ့ပါဘူး။ ဒါပေမယ့် ကျမ လုံးဝကို ပျော်ရွှင်ခဲ့ရတယ်။ ဒါက ကျမကို တကယ့် အင်အားကြီးတဲ့ အတွေ့အကြုံမျိုး ရစေပါတယ်။ ကျမ ဒီပွဲကို ထပ်လာပြီး နောက်တကြိမ် ထပ်ချင်လုပ်သွားခဲ့တယ်” လို့ ပြောပါတယ်။ ဂျက်ဆ်ကတော့ မနက်ခင်း အရုဏ်တက်ချိန်မှာ ပေါ်ထွက်လာတဲ့ နေရောင်နဲ့အတူ ဆောင်းဦးရာသီကို ကြိုဆိုတဲ့အနေနဲ့ ခုလိုဆင်နွှဲကြတာလို့ ပြောပါတယ်။ ဒီပွဲတော်မှာ ပါဝင်သူတွေဟာ တဦးကို ဗြိတိန်နိုင်ငံသုံးငွေ ၁၂ ပေါင် ပေးသွင်းရတာဖြစ်ပြီး ဒီငွေတွေကို ပရဟိတနဲ့ လူမှုရေးဆိုင်ရာ ကူညီထောက်ပံ့ရေး ကိစ္စတွေမှာ အသုံးပြု လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ အခုနှစ်အတွက်တော့ ရန်ပုံငွေ ပေါင် ၅၀၀၀ နီးပါး ရရှိမယ်လို့ ဂျက်ဆ်က ပြောပါတယ်။
4 years Ago
Up