ပရဟိတကား

January 27, 2023

ပရဟိတကားများကို စစ်ကောင်စီက သိမ်းယူပြီး လူဦးရေစာရင်းကောက်လုပ်ငန်း၌ အသုံးပြုနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်က ပရဟိတမော်တော်ယာဉ်တွေကို သိမ်းဆည်းပြီး ရွေးကောက်ပွဲအတွက် လူဦးရေသန်းခေါင် စာရင်းပြုလုပ်ရာမှာ အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့ပေါ်က ပရဟိတ လုပ်ငန်းလုပ်ဆောင်နေတဲ့ ပြည်တော်သာ ပရဟိတ ရုံးပိုင်ကားကို ဇန်နဝါရီ ၂၄ ရက်က သိမ်းဆည်းကာ လူဦးရေ သန်းခေါင်စာရင်း လိုက်လံကောက်ခံရာမှာ အသုံးပြုနေတာလို့ ဆိုပါတယ်။

ဒေသခံတဦးက"မြို့ပေါ်မှာ သိပ်နာမည်မရှိတဲ့ ပရဟိတအသင်းက ကားတွေကို စစ်ကောင်စီတပ်နဲ့ ရဲက လိုက်သိမ်းတယ်။ ရွှေလက်ပံဘုန်းတော်ကြီးကျောင်းက ပြည်တော်သာ ပရဟိတ ရုံးပိုင်ကားကို သိမ်းသွားတယ်။ သိမ်းပြီး လူဦးရေ သန်းခေါင်စာရင်း ကောက်ရာမှာ သုံးနေတာတွေ့တယ်" လို့ ပြောပါတယ်။

မုံရွာမြို့ ရွှေလက်ပံဘုန်းတော်ကြီးကျောင်းက ပြည်တော်သာ ပရဟိတ အသင်းပိုင် မော်တော်ယာဉ်တစီးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က လာရောက်သိမ်းယူကာ ကျောင်းထိုင် ဆရာတော် အပါအဝင် သံဃာ ၃ ပါးနဲ့ လူငယ် ၅ ဦးကို ဖမ်းဆီးပြီး နောက်ရက်မှာတော့ မော်တော်ယာဉ်ကို လူဦးရေ သန်းခေါင်စာရင်း လိုက်လံကောက်ခံရာမှာ အသုံးပြုနေတာပါ။

စစ်ကောင်စီတပ်ဟာ ပြည်တော်သာ ပရဟိတ အသင်းမော်တော်ယာဉ်ကို သိမ်းဆည်းခဲ့တဲ့အပြင် ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း ပြည်လုံးချမ်းသာဘုန်းကြီးကျောင်းအတွင်း ဖွင့်ထားတဲ့ ရွှေတောင်မေတ္တာအခမဲ့ဆေးခန်းကို ဝင်ရောက်စီးနင်းခဲ့ကာ ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီးပြီး  ဘုန်းကြီးကျောင်းဝင်းအတွင်းမှာရှိတဲ့ ပရဟိတအသင်းပိုင် မော်တော်ယာဉ်တစီးကိုလည်း သိမ်းဆည်းသွားခဲ့ပါသေးတယ်။

2 months Ago

January 1, 2022

သထုံတွင် စစ်တပ်က ပရဟိတကား အသုံးပြုတိုက်ခိုက်သဖြင့် PDF အဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ဒီဇင်ဘာ ၃၁ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပရဟိတကား အသုံးပြု တိုက်ခိုက်လာတာကြောင့် PDF အဖွဲ့ဝင် ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။

PDF အဖွဲ့ဝင် ၂ ဦးဟာ   စစ်ဆင်ရေး တစ်ခုလုပ်ဆောင်ပြီး အပြန် စစ်ကောင်စီတပ်ဖွဲ့တွေက ပရဟိတကား အသုံးပြု လိုက်လံပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် PDF အဖွဲ့ဝင် တစ်ဦး လည်ပင်းရှပ်ထိ ဒဏ်ရာ၊ နောက်တစ်ဦးက တင်ပါး ကျဉ်ထိမှန် ဒဏ်ရာရ ရှိခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပရဟိတကားအသုံးပြုမှု တိုက်ခိုက်မှုကို စုံစမ်းသွားမှာဖြစ်ပြီး ပူးပေါင်း ကူညီပေးတဲ့ ပရဟိတအဖွဲ့တွေအား စိစစ်တွေ့ရှိရင် ထိရောက်စွာ အရေးယူမယ်လို့ မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ စောကတုံးက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ အခုနောက်ပိုင်းမှာ အိမ်စီးကား အသုံးပြုနေတာကြောင့် ပြည်သူတွေ အနေနဲ့ မြို့အတွင်း သွားလာရင် ကားမှန်ချမောင်းနှင်းကြဖို့နဲ့ ပေါက်ကွဲအသံတွေ ကြားရင် ထွက်ကြည့်တာတွေ မလုပ်ကြဖို့ မွန်-သထုံအထူး ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

မွန်-သထုံအထူး ကာကွယ်ရေးတပ်ဖွဲ့ဟာ သထုံမြို့အတွင်းက စစ်ကောင်စီရဲ့ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးတွေကို မကြာခဏဆိုသလို မိုင်းခွဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ 

1 year Ago
Up