ထိုင်းနိုင်ငံမှာ လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရယုဒ်ကျန်အိုးချားကို ဆန့်ကျင်တဲ့အဖွဲ့နဲ့ ထောက်ခံတဲ့အဖွဲ့က တရက်တည်းမှာ မာရသွန်ပြေးပြီး ဆန့်ကျင်/ထောက်ခံပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့ ကျင်းပမယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်အား ဆန့်ကျင်တဲ့အဖွဲ့ကို ကျူလာလောင်ကွန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း နိုင်းထနဝပ် ဝုန်းချိုင်းက ဦးဆောင်ပြီး “ဦးလေးကို ပြေးပြီး မောင်းထုတ်မယ် ” ဆိုတဲ့ ခေါင်းစဉ်နဲ့ လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့မှာလုပ်ဖို့ ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလကတည်းက စည်းရုံးထားတာပါ။
ဒီလှုပ်ရှားမှုကနေ ထိုင်းဝန်ကြီးချုပ်အနေနဲ့ လက်ရှိ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ကျဆင်း မှုပြဿနာကို အမြန်ဆုံးဖြေရှင်းပေးဖို့၊ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့၊ စစ်အစိုးရအနေနဲ့ အမြင်မတူတဲ့ သူတွေကို အာဏာသုံးပြီး နှိပ်ကွပ်နေတာကို ရပ်တံ့ဖို့ စတဲ့အချက် ၃ ချက်ကို တောင်းဆိုတယ်လို့ နိုင်းထနဝပ်က သတင်းထောက်တွေကို ပြောပါတယ် ။
ဦးလေးကိုပြေးပြီးမောင်းထုတ်တဲ့ အစီအစဉ်ဟာ ဘယ်နိုင်ငံရေးပါတီကိုမှ ဘက်လိုက်ပြီး လုပ်နေတာမဟုတ်ဘဲ ပြည်သူလူထုအနေနဲ့ ပြည်သူ့သဘောထား ထုတ်ဖော်ခြင်းသာဖြစ်ကြောင်း၊ စစ်အစိုးရကိုယ်တိုင် ပြဋ္ဌာန်းထားတဲ့ မည်သူမဆိုမိမိသဘောထားကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ရှိတယ်ဆိုတဲ့ ဥပဒေဘောင်ထဲကနေ လုပ်ဆောင်တာဖြစ်ကြောင်း၊ လက်ရှိအစိုးရရဲ့ တိုင်းပြည်စီမံပုံကို မကြိုက်တဲ့သူတိုင်း အတူတကွ လာပြေးနိုင်ပေမယ့် ရုန်းရင်းကြမ်းတမ်းစွာ ဆဲဆိုတာတွေ၊ အော်ဟစ်တောင်းဆိုတာတွေ မလုပ်ဖို့ မေတ္တာရပ်ခံတယ်လို့ နိုင်းထနဝပ်က ဆက်ပြောပါတယ်။
သဘောထားထုတ်ဖော်ပြေးလွှားလိုသူတွေအနေနဲ့ အွန်လိုင်းကနေတဆင့်နဲ့ အလုပ်အဖွဲ့တွေဆီမှာ ၁ ဦးလျှင် ဘတ် ၆၀၀ နှုန်းနဲ့ စာရင်းပေးသွင်းရမှာဖြစ်ပြီး တီရှပ်တထည်၊ ရင်ထိုးတခုစီရရှိမှာဖြစ်ကြောင်း၊ ပိုတာတွေကိုတော့ လှုပ်ရှားမှုရန်ပုံငွေမှာ ထည့်သုံးမယ်လို့ ဆိုပါတယ်။
ဘန်ကောက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ထိ စာရင်းသွင်းထားသူပေါင်း ၁ သောင်းကျော်ရှိပြီး ထိုင်းတနိုင်ငံလုံးရှိ ခရိုင်ပေါင်း ၂၆ ခရိုင်မှာလည်း “ဦးလေးကို ပြေးပြီး မောင်းထုတ်မယ့်အစီအစဉ် တပြိုင်တည်းလုပ်မှာဖြစ်ကြောင်း၊ ဘန်ကောက်မှာတော့ ဗဟို မီးရထားဘူတာရုံမှာစုပြီး မနက် ၅ နာရီမှာ ၉ နာရီထိ ပြေးဖို့ ရှိနေပါတယ်။
ထိုင်းဝန်ကြီးချုပ်ကို ထောက်ခံတဲ့ အဖွဲ့ကလည်း လူမှုကွန်ရက်နဲ့ ဦးဆောင်သူတွေကနေ အဲဒီနေ့မှာ မာရသွန်ပြေးဖို့ လှုံ့ဆော်နေကြပါတယ်။
အဆိုပါအဖွဲ့ကိုတော့ ထိုင်းနာမည်ကြီးအမျိုးသမီးအဆိုတော် အုဟာရီထိုင်းနဲ့ အပေါင်းအပါ ၇ ဦးတို့က ဦးဆောင်ပြီး ဦးလေးနောက်လိုက်မယ် ဆိုတဲ့ခေါင်းစဉ်နဲ့ မီနီမာရသွန်ပြေးကြမှာ ဖြစ်ပါတယ်။
လက်ရှိ စာရင်းပေးသွင်းထားသူပေါင်း ၃ ထောင်ကျော်ရှိပြီး ဆင်တူ တီရှပ်တွေနဲ့ ဘန်ကောက်လုန်ဖီနီပန်းခြံကနေ မွန်းလွဲ ၂ နာရီမှာ တာထွက်မယ်လို့ ဦးဆောင်သူက သတင်းထောက်တွေကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ကတော့ သူ့ကို ကန့်ကွက်လို့ပြေးသည်ဖြစ်စေ၊ ထောက်ခံလို့ ပြေးသည်ဖြစ်စေ ဘာမှမပြောလိုဘဲ ထိုင်းအမျိုးသား လုံခြုံရေးဌာနက သူတို့အလုပ်သူတို့ လုပ်သွားမယ်လို့ သတင်းထောက်ကို ပြောသွားပါတယ်။
အချို့ခရိုင်တွေမှာတော့ ဦးလေးကို မောင်းထုတ်ဖို့ပြေးမယ့်အစီအစဉ်ကို သက်ဆိုင်ရာ အာဏာပိုင်တွေက ခွင့်မပြုသေးပါဘူး။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ရွေးကောက်ပွဲတုန်းက စစ်အစိုးရက သူတို့အာဏာပြန်ရဖို့ သူတို့ကိုယ်တိုင်ရွေးချယ်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ဦးနဲ့ မဲနိုင်အောင်လုပ်ခဲ့ တယ်ဆိုပြီး အတိုက်အခံပါတီတွေနဲ့ ပြည်သူတချို့ကြား မကျေနပ်မှုတွေ ဖြစ်ခဲ့ပါတယ်။
ကိုးကား - ထိုင်းရတ် / ထိုင်းပီဘီအက်စ် /ထိုင်းပီဘီတီဗွီ
1 year Ago