အင်္ဂလန် ချန်ပီယံရှစ်ပွဲစဉ်အဖြစ် နယူးကားဆယ်ယူနိုက်တက်နဲ့ ပရက်စ်တန်နော့သ်အန်းဒ်တို့ ဧပြီ ၂၄ ရက်ညက ယှဉ်ပြိုင်ရာ နယူးကာဆယ်က ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲအနိုင်ရခဲ့တဲ့ နယူးကာဆယ်ဟာ ရမှတ် ၈၈ မှတ်နဲ့ ပွဲမကုန်မီမှာပဲ အမှတ်ပေးဇယား ဒုတိယနေရာကနေ လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် ရသွားပါတယ်။
နယူးကာဆယ်အနေနဲ့ ချန်ပီယံရှစ်ကို တရာသီ တန်းဆင်းပြီး ပရီးမီးယားလိဂ်ကို ပြန်တက်ရောက်နိုင်တာပါ။
ဒီပွဲနိုင်ရင် တန်းပြန်တက်ရမှာဖြစ်တဲ့အတွက် နယူးကာဆယ်ဟာ အင်ပြည့်အားပြည့် ဂရုစိုက်ယှဉ်ပြိုင်သွားပြီး ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အပြတ် အသာစီး ရခဲ့ပါတယ်။
ပွဲချိန် ၆၄ မိနစ်မှာ ပရက်စ်တန်ကစားသမားတဦး တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရတဲ့အတွက်လည်း နယူးကာဆယ် ပိုပြီး အသာရခဲ့တာပါ။
နယူးကာဆယ်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၇ မိနစ်နဲ့ ၆၇ မိနစ်တွေမှာ ပီရက်ဇ်၊ ၄၅ မိနစ်မှာ အတ်ဆုနဲ့ ၆၅ မိနစ်မှာ ပယ်နယ်တီမှတဆင့် ရစ်ချီတို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။
ပရက်စ်တန်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၁၄ မိနစ်မှာ ဟူဂီးလ်က သွင်းယူပေးခဲ့ပါတယ်။
4 years Ago