ပယ်ဖျက်

October 18, 2020

နှင်းဆီပါတီကို တရားဝင်နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို တရားဝင်နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်ကြောင်း အောက်တိုဘာ ၁၇ ရက်နေ့ညပိုင်းက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။  နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုနဲ့ အိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း သူ့ရဲ့ပါတီကိုပါ ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ နှင်းဆီပါတီဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ) (ဂ) (စ) တို့နဲ့ ငြိစွန်းတဲ့အတွက် ပယ်ဖျက်လိုက်တာလို့ ဖော်ပြပါတယ်။  နှင်းဆီပါတီက တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေကိုလည်း ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။  မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နှင်းဆီပါတီ UDP ရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့် ပိုင်ဆိုင်တဲ့ ငွေကြေးတွေဟာ တရားဝင် အထောက်အထား တစုံတရာမရှိတဲ့အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းနေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုထားပါတယ်။  နှင်းဆီပါတီကတော့ နိုင်ငံတကာထောက်ပံ့ငွေ ယူထားခြင်းမရှိကြောင်းနဲ့ မြန်မာကျော်ကုမ္ပဏီက ပါတီကို လှူဒါန်းငွေဟာ တရားဝင်ငွေဖြစ်ပြီး ဥပဒေနဲ့ ထူထောင်ထားတာလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးကျော်စွာထက်ဦးက ပြန်လည်တုံ့ပြန်ထားပါတယ်။
8 months Ago

May 4, 2020

ထိုင်းတွင် ကိုရိုနာကာကွယ်ရေး တားမြစ်ချက် ပယ်ဖျက်၊ ဘန်ကောက်တရုတ်တန်း လူစည်ကား

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က လမ်းဘေးစားသောက်ဆိုင်တွေကြား ကျော်ကြားတဲ့ တရုတ်တန်းမှာ မေလ ၃ ရက်က လူတွေ ကျိတ်ကျိတ်တိုး စည်ကားနေပါတယ်။ ကျန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံဦးရေ စတင်လျော့ကျလာလို့ တချို့စီးပွားရေးလုပ်ငန်းတွေကို မဖွင့်အောင် တားမြစ်ပိတ်ပင်ထားတာကို အစိုးရက ပယ်ဖျက်ပေးခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် အချိန် ၁ လကျော်ကြာ ပိတ်ခိုင်းထားပြီးတဲ့ နောက်မှာ လေဟာပြင်ဈေးတွေ၊ လမ်းဘေးစားသောက်ဆိုင်တန်းတွေ၊ ကုန်တိုက်တန်းတွေ၊ အပြင်ဘက်က စားသောက်ဆိုင်တွေ၊ ပန်းခြံတွေ၊ ဆံပင် ညှပ်ဆိုင်တွေနဲ့ အိမ်မွေးတိရစ္ဆာန် အလှပြင်ဆိုင်တွေကို မေ ၃ ရက်က စပြီး ပြန်ဖွင့်ဖို့ အစိုးရက ခွင့်ပြုခဲ့ပါတယ်။  ဆိုင်ရှင် အများအပြားက ဖောက်သည်တွေ သီးခြားစားပွဲတွေမှာ ထိုင်ကြဖို့နဲ့ စားစရာဝယ်ဖို့ တန်းစီချိန်မှာ တယောက်နဲ့ တယောက် အနည်းဆုံး ၃ပေ ခြားရပ်ပြီး တန်းစီကြဖို့ တိုက်တွန်းနေကြပါတယ်။  တရုတ်တန်းကို နေ့တိုင်းဖြတ်ပြီး သွားလေ့ရှိတဲ့ ဒေသခံ တယောက်ကတော့ တရုတ်တန်း လမ်းဟာ မကြာခင် အရင်လို ပြန်စည်ကားလာမယ်ဆိုတာ သေချာတယ်လို့ ပြောပါတယ်။  တနင်္ဂနွေနေ့က စပြီး ထိုင်းနိုင်ငံမှာ အရက်ရောင်းခွင့် တားမြစ်မှုကို အဆုံးသတ် ခဲ့ပါတယ်။ ဒါပေမယ့် ညမထွက်ရအမိန့်ကတော့ ဆက်ပြီး အသက်ဝင်ဆဲပါ။ ထိုင်းနိုင်ငံမှာ ဒီနေ့မွန်းလွဲပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ၂၉၈၇ ယောက် ရှိပြီး ကူးစက်ခံ ၅၄ ယောက် သေဆုံးခဲ့ပါတယ်။ 
1 year Ago
Up