ပယ်နယ်တီ

March 28, 2019

ဒိုင်လူကြီး မှားပေးသည့် ပယ်နယ်တီ ဘေးကန်ထုတ်ခဲ့သည့် ဘောလုံးသမားလေး ချီးကျူးခံရ (ရုပ်သံ)

တူရကီနိုင်ငံက အသက် ၁၄ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတခုမှာ ဒိုင်လူကြီးက ပယ်နယ်တီ မှားပေးခဲ့ပေမယ့် တမင် ဘေးကန်ထုတ်ခဲ့တဲ့ အသင်းခေါင်းဆောင်ကို ဝိုင်းချီးကျူးခဲ့ကြပါတယ်။ ဂါလာတာ ဆယ်ရိုင်အသင်းရဲ့ အသင်းခေါင်းဆောင် အသက် ၁၃ နှစ်အရွယ် ဘက်နက်ဇ် အာလ်မာဘေကို့ဗ်ဟာ တဖက်အသင်း နောက်ခံကစားသမားတဦးနဲ့ ထိပ်တိုက်တွေ့ချိန်မှာ ပယ်နယ်တီဧရိယာအတွင်း လဲကျသွားခဲ့ပါတယ်။ ဒိုင်လူကြီးက ဂါလာတာ ဆယ်ရိုင်အသင်းကို ပယ်နယ်တီကန်ခွင့် ပေးခဲ့ပေမယ့် သူက သဘောမတူခဲ့ပါဘူး။ အဲဒီအချိန်မှာ ဂါလာတာ ဆယ်ရိုင်အသင်းဟာ တဖက်အသင်း အစ္စတန်ဘူလ် စီပေါလ်ကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရနေတာကြောင့် သူက ပယ်နယ်တီကို တမင်သက်သက် ဘေးကို ကန်ထုတ်ခဲ့တာပါ။ မတ်လ ၂၄ ရက်နေ့က အစ္စတန်ဘူလ်မြို့မှာ ကစားခဲ့တဲ့ အဲဒီဘောလုံးပြိုင်ပွဲမှာ ဂါလာတာဆယ်ရိုင်အသင်းက အစ္စတန်ဘူလ်စီပေါလ်ကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
2 years Ago

March 7, 2019

ပယ်နယ်တီပေးသည့် ဒိုင်လူကြီး ဘောလုံးအကြောင်း နားမလည်ဟု နေမာ ဝေဖန်

မန်ယူအသင်းကို ပယ်နယ်တီပေးခဲ့တဲ့ ဒိုင်လူကြီးကို ဘောလုံးအကြောင်း နားမလည်တဲ့သူလို့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာက ဝေဖန်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ မန်ယူအသင်းက ပီအက်စ်ဂျီအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုးစီ သရေကျခဲ့ပေမယ့် အဝေးဂိုးစည်းမျဉ်းအရ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာပါ။ အဲဒီပွဲစဉ်မှာ မန်ယူအသင်းက ပွဲပြီးခါနီးရခဲ့တဲ့ ပယ်နယ်တီဂိုးကြောင့် ကွာတားဖိုင်နယ် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူနောက်ခံလူ ဒါလော့ရဲ့ ကန်ချက်ဟာ ပီအက်စ်ဂျီနောက်ခံလူ ကင်ပန်ဘီရဲ့ လက်နဲ့ထိတာကနေ ဒိုင်လူကြီးက VAR စနစ်နဲ့ ပြန်ကြည့်ပြီး ပယ်နယ်တီ ပေးခဲ့တာပါ။ ပယ်နယ်တီပြစ်ဒဏ်ပေးခဲ့တဲ့ ဒိုင်လူကြီးဟာ ဘောလုံးအကြောင်း နားမလည်သူဖြစ်ပြီး ရှက်စရာကောင်းတဲ့လုပ်ရပ် ဖြစ်တယ်လို့ နေမာက အင်စတာဂရမ်ကနေ ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။ နေမာဟာ ဒဏ်ရာကြောင့် မန်ယူနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပေမယ့် ပွဲကြည့်စင်ကနေ ကြည့်ရှုအားပေးခဲ့ပါတယ်။
2 years Ago
More News
Up