ပန်းတနော် CB ဘဏ်

September 10, 2020

ပန်းတနော် CB ဘဏ် လုယက်ခံရမှု ၁ လကျော်ချိန်အထိ တရားခံ ဖမ်းမမိသေး

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့က CB ဘဏ်ခွဲ အတွင်း သေနတ်သမား ဝင်ရောက်ပြီး ခြိမ်းခြောက်ငွေလုယူမှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ကျူးလွန်သူကို အချိန် ၁ လကျော်ကြာတဲ့အထိ  ဖမ်းမိတာမရှိသေးဘူးလို့ ရဲတပ်ဖွဲ့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်က  ဘဏ်ဖွင့်ချိန် မနက်ပိုင်းမှာ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးရောက်ရှိလာပြီး သေနတ်လို့ယူဆရတဲ့ လက်နက်ကိုင်ဆောင်ကာ ဘဏ်ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ငွေကျပ် သိန်း ၁၂၀ ကျော် တောင်းယူသွားတာနဲ့ ပတ်သက်ပြီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။ "တရားခံကတော့ စုံစမ်းဆဲပါ၊ သေနတ်ကတော့ ကလေးကစားစရာသေနတ်ပဲ ဘာမှတော့ သုံးသပ်မရသေးဘူး၊ အဲ့လိုပုံစံနဲ့ ဝင်လုသွားတာ သံသယတရားခံ ဖမ်းဆီးစစ်ဆေးနေတာမျိုး လည်း လတ်တလောမရှိသေးပါဘူး"လို့ ပြောပါတယ်။ သေနတ်ပြ လုယက်ခဲ့တဲ့ အမျိုးသားဟာ ဘဏ်အတွင်းကို မိုးကာအင်္ကျီ အဖြူ လက်အိတ် အမည်း ဝတ်ဆင်ပြီး နှာခေါင်းစည်း(Mask) တပ်ဆင်ကာ ပိုက်ဆံလုယူခဲ့တာဖြစ်ပြီး နောက်ပိုင်း မှာ CB ဘဏ်ဝန်ထမ်းတွေက အရေးယူပေးဖို့ ရဲတပ်ဖွဲ့ထံသတင်းပေး တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ ဒေသခံအာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေက ဘဏ်ရဲ့ CCTV မှတ်တမ်းတွေ ကိုစစ်ဆေးခဲ့ပြီး  တိုင်းရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးစီးကွပ်ကဲမှုနဲ့ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
1 year Ago

August 21, 2020

ပန်းတနော် CB ဘဏ်အား သေနတ်ပြလုယက်ခဲ့သူကို ၂ ပတ်ကြာအထိ မမိသေး

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ အလယ်ပိုင်းရပ်ကွက် သီဟလမ်းနဲ့ အနော်ရထာ လမ်းထောင့် CB ဘဏ်အတွင်း သေနတ်သမား ၁ ဦးဝင်ရောက်ပြီး ခြိမ်းခြောက်ငွေလုယူမှုဖြစ်ပွားခဲ့မှုမှ ကျူးလွန်ခဲ့သူကို ၂ ပတ်ကြာတဲ့အချိန်ထိ ဖမ်းဆီးမမိသေးဘူးလို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ သြဂုတ် ၇ ရက်နေ့ ဘဏ်ဖွင့်ချိန် မနက်ပိုင်းမှာ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးရောက်ရှိလာပြီး ပစ္စတိုသေနတ်လို့ ယူဆရတဲ့ သေနတ်အား ကိုင်ဆောင်ကာ ဘဏ်ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ငွေကျပ် သိန်း ၁၂၀ ကျော်ကို ငွေတောင်းခံခဲ့မှုနဲ့ပတ်သက်ပြီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။ "စုံစမ်းဆဲပဲ ရှိပါသေးတယ်။ သံသယတရားခံအနေနဲ့ ဖမ်းဆီးစစ်ဆေးနေတာ လတ်တလော တော့ မရှိသေးပါဘူး။ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဦးဆောင်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ လတ်တလောတော့ သေနတ်က အတုလို့ပဲ ထင်မြင်လို့ရမှာလေ။ CCTV က မြင်ရတဲ့ အနေအထား လောက်ပဲ ရှိတယ်။"  သေနတ်ပြ လုယက်ခဲ့တဲ့အမျိုသားဟာ ဘဏ်အတွင်းကို မိုးကာအင်္ကျီအဖြူ လက်အိတ်အမည်း ဝတ်ဆင်ပြီး နှာခေါင်းစည်း (Mask) တပ်ဆင်ကာ ပိုက်ဆံလုယူခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ CB ဘဏ်ဝန်ထမ်းတွေက အရေးယူပေးဖို့ ရဲတပ်ဖွဲ့ထံသတင်းပေး တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ ဒေသခံအာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေက ဘဏ်ရဲ့ CCTV မှတ်တမ်းတွေကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးစီးကွပ်ကွဲမှုနဲ့ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေပေမဲ့ သြဂုတ်လ ၂၁ ရက်နေ့အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးတာပါ။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up