အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထုလှုပ်ရှားမှုမှာ ဧရာဝတီတိုင်း ပန်းတနော်မြို့က ဆရာဆရာမတွေနဲ့ ရှေ့နေတွေလည်း ပြည်သူနဲ့အတူ ပါဝင်ဆန္ဒပြခဲ့ကြပြီး အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတွေကလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဧရာဝတီတိုင်းအတွင်းက မအူပင်၊ ပန်းတနော်၊ ကျုံမငေးစတဲ့ မြို့နယ်တွေမှာ ဖေဖော်ဝါရီ ၈ ရက် မနက်ပိုင်းက စစ်အာဏာရှင် အလိုမရှိကြောင်း ဒုတိယမြောက်နေ့အဖြစ် လူအင်အား သောင်းချီပြီး ဆန္ဒပြခဲ့ကြပါတယ်။
မနေ့ကလည်း အဆိုပါမြို့နယ်တွေမှာ ပြည်သူတွေ သောင်းချီပြီး စစ်အာဏာရှင် အလိုမရှိ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီရရှိရေးတို့ ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဒုတိယမြောက်နေ့မှာတော့ ပညာရေး ဝန်ထမ်းတွေ ဆန္ဒပြပွဲမှာ ပူးပေါင်း ပါဝင်လာခဲ့တာပါ။