ပန်ဆန်း

January 7, 2021

ပန်ဆန်းမြို့ကို lockdownd ချပြီး ကိုဗစ်-၁၉ ကြပ်မတ် စစ်ဆေးနေ

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဗဟိုဌာနချုပ်ရှိရာ ပန်ဆန်း (ပန်ခမ်း) မြို့ကို ဇန်နဝါရီ ၆ ရက် ည ၁၂ နာရီကစပြီး Lockdown ချပြီး  ဒေသခံတွေနဲ့ ပြင်ပဒေသကနေ လာရောက်သူတွေ အားလုံးကို ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ၊ မရှိ ကြပ်မတ် စစ်ဆေးပေးနေပါတယ်။ ‘ဝ’ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက “ကျနော်တို့ ဗဟိုဌာနချုပ်၊ ပန်ဆန်းမှာပေါ့နော်။ ဒါ နမူနာတို့ဖတ်တွေ၊ ဒီရက်ပိုင်း စိစစ်မှုတွေ ပြုလုပ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ အစိုးရဘက်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီး ကုသရေးနဲ့ ပတ်သက်ပြီး ကူညီဖို့ ကမ်းလှမ်းလာတာရှိပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ ပန်ဆန်းမြို့ရှိ ပြည်သူ့ဆေးရုံက ဝန်ထမ်းတွေလည်း ‘ဝ’ ကျန်းမာရေး အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်နေသလို တရုတ်နိုင်ငံ၊ မုံးလင်မြို့ရှိ ကြက်ခြေနီအသင်းနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေလည်း  ပူးပေါင်းကူညီ နေတယ်လို့ ဦးညီရမ်းက ရှင်းပြပါတယ်။ လက်ရှိ ပန်ဆန်းမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၁၅၃ ယောက်ရှိပြီး ရောဂါပြင်းထန်သူ မရှိသေးသလို သေဆုံးမှုလည်း မရှိသေးပါဘူး။  Negative  ပြန်ဖြစ်သွားတဲ့ လူနာက ငါး၊ ခြောက်ယောက် ရှိပြီဖြစ်ကြောင်းနဲ့ နောက်ထပ်တစ်ပတ်၊ ဆယ်ရက်ဆိုရင်တော့ ဆေးရုံကနေ ဆင်းနိုင်တဲ့ အခြေအနေရှိပါတယ်လို့ ဆိုပါတယ်။ ‘ဝ’ ဒေသထဲက  ပန်ဆန်း(ပန်ခမ်း)မြို့မှာ အတည်ပြုလူနာ ၃၅ ဦး၊ မိုင်းပေါက်ခရိုင်မှာ ၁၁၈ ဦး၊ ဟိုတောင်းမြို့မှာ ၇ ဦး၊ မိုင်းဖျန်မြို့မှာ ၈ ဦး၊ စုစုပေါင်း ၁၅၃ ဦးရှိပါတယ်။  ပိုးတွေ့ အတည်ပြု လူနာတွေကို တရုတ်နိုင်ငံ၊ မုံးလင်မြို့ရှိ ကြက်ခြေနီအသင်းက ဆေးဝါးကျွမ်းကျင် ပညာရှင်တွေနဲ့ ‘ဝ’ ဒေသရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ကုသမှု ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ရတိုင်းထဲမှ  ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နဲ့ ပန်ဆန်း (ပန်ခမ်း) မြို့နယ်စတာတွေ ပါဝင်ပြီး  ပန်ဆန်း (ပန်ခမ်း) မြို့ကတော့ ဗဟိုဌာနချုပ် အခြေစိုက်တဲ့ မြို့လည်း ဖြစ်ပါတယ်။ သတင်း-Pra Jaw
3 months Ago

December 17, 2020

မိုင်းလားနှင့် ပန်ဆန်းသို့ ခရီးသွားခဲ့သူ တရုတ်အမျိုးသမီး ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

မြန်မာနိုင်ငံ မိုင်းလားနဲ့ ပန်ဆန်းကို ခရီးသွားခဲ့တဲ့ တရုတ်နိုင်ငံသား အမျိုးသမီး တစ်ယောက်ဟာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရောဂါထိန်းချုပ်ရေးဗဟိုဌာနက ကြေညာပါတယ်။ အဆိုပါပိုးတွေ့လူနာ အမျိုးသမီးရဲ့ ခရီးသွားရာဇဝင်ကိုလည်း  မိုင်းလားအထူးဒေသ ၄ ကထုတ်ပြန်ထားပါတယ်။ တရုတ်အမျိုးသမီးတဦးဟာ စက်တင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ မိုင်းလားမှာ သုံးလနေထိုင်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်နေ့မှာ မိုင်းပေါက် သို့ ခရီးဆက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ပန်ဆန်း မှတဆင့် နေ့ချင်းပေါက် တရုတ်နိုင်ငံ သို့ ပြန်သွားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ‘ဝ’တပ်ဖွဲ့ ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက "မှန်ပါတယ်။ ပိုးတွေ့လူနာဟာ ညအိပ်မတည်းခဲ့ပဲ ပန်ဆန်းကနေဖြတ်သွားတာပါ။ ‘ဝ’ အထူး‌ ဒေသ ပန်ဆန်းမြို့အဝင်မှာ ကိုဗစ်ရောဂါကြိုတင်ပြင်ဆင်မှု၊ ကာာကွယ်တားဆီးမှုတွေ တင်းတင်း ကြပ်ကြပ်လုပ်ခဲ့ပေမယ့်  ခိုးလမ်းကနေဝင်တာလည်းရှိနိုင်ပါတယ်" လို့ ပြောပါတယ်။ လက်ရှိမှာ ပန်ဆန်းမှာလည်း ကိုဗစ်-၁၉ ပိုးရှိမရှိစစ်ဆေးနိုင်တဲ့ ဓာတ်ခွဲခန်းလည်းရှိတာကြောင့် စိုးရိမ်စရာမရှိသလို ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ ထူးခြားမှုတစုံတရာမတွေ့ရသေးပါဘူးလို့လည်း ပြောပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူး‌ဒေသ (၄) မိုင်းလားကတော့ ပိုးတွေ့အမျိုးသမီးနဲ့ ထိစပ်ခဲ့သူ ၁၀ ဦးရဲ့ တို့ဖတ်နမူနာတွေကို တရုတ်နိုင်ငံ၊ မိုင်းဟိုင်းခရိုင် သို့ပေးပို့စစ်ဆေးရာမှာတော့ ပိုးမတွေ့ရဘူးလို့ ဒီဇင်ဘာ ၁၇ ရက်နေ့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ အထူး‌ဒေသ (၄) မိုင်းလားဒေသအတွင်း သို့ တရားမဝင် ဝင်ရောက်လာသူတွေကို တွေ့ရှိခဲ့သူတွေအနေနဲ့ သတင်းပေးတိုင်ကြားပါက ဆုငွေပေးမယ် လို့ ကြော်ငြာထားသလို မမှန်မကန်သူတပါးကို ချောက်တွန်းပြီးတိုင်ကြားပါကလည်း ပြင်းထန်စွာ အရေးယူမယ်လို့ လည်း ဒီဇင်ဘာ ၁၀ ရက်နေ့က ကြေညာထားပါတယ်။ ဓာတ်ပုံ  Mongla News
4 months Ago
Up