ပန်းကော်ဇော

August 17, 2018

ပန်းပွင့် ၅ သိန်းပါသည့် ဘယ်လ်ဂျီယံက ပန်းကော်ဇော

ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်ရဲ့ မြို့လယ်မှာ ပန်းပွင့် ၅ သိန်းပါတဲ့ ပန်းကော်ဇောကို  သြဂုတ် ၁၆ ရက်က ခင်းကျင်းပြသထားပါတယ်။ အလျား ၇၅ မီတာနဲ့ အနံ ၂၄ မီတာရှိတဲ့ ပန်းကော်ဇောကို ဘီဂိုးနီးယားနဲ့ ဒေလီယာတွေ အဓိကသုံးပြီး မြို့လယ်ရင်ပြင်မှာ ခင်းကျင်းပြသထားကာ လုပ်အားပေး အယောက် ၁၀၀ က ၈ နာရီကြာအောင် ပြင်ဆင်ခဲ့ရပါတယ်။ “အဓိက ဘီဂိုးနီးယားပန်းတွေပါ။ အနီ၊ ပန်းရောင်၊ လိမ္မော်၊ အဝါ၊ အဖြူ စတဲ့ မတူတဲ့ အရောင်တွေ အကုန်ရှိတယ်။ ဒါပေမယ့် အပြာနဲ့ ခရမ်းရောင် မရှိလို့ အဲဒီအရောင်တွေအတွက် ဒေလီယာပန်းကို သုံးခဲ့ရတယ်” လို့ ပန်းဖြန့်ဖြူးသူ ပီတာထရော့ခ်ျက ပြောပါတယ်။ “ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုက ပွဲစီစဉ်သူတွေကို စိန်ခေါ်နေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်က ဘယ်လ်ဂျီယံမှာ အရမ်းပူလို့ ကျနော်တို့ အပင်ယူတဲ့နေရာက အပင်တွေ သေကုန်တယ်။ ဒါကြောင့် တခြားပန်းကို ပြောင်းသုံးခဲ့တယ်” လို့ ပန်းပြပွဲ နည်းပညာဆိုင်ရာ ညွှန်မှူးက ပြောပါတယ်။ ဘယ်လ်ဂျီယံဟာ ဥပါတဲ့ ဘီဂိုးနီးယား အလှပင် ထုတ်လုပ်ရာမှာ ကမ္ဘာ့ထိပ်တန်း နိုင်ငံပါ။ ဥရောပ၊ အမေရိကနဲ့ ဂျပန်ကို နှစ်စဉ် အမြစ်ဥ သန်း ၃၀ ကျော် တင်ပို့နေတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ပန်းကော်ဇောကို သြဂုတ် ၁၉ ရက်ထိ ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။
5 years Ago
Up