ပန်းသီကြိုး(ရသေ့တောင်)

May 24, 2018

သင်​ရိုးသစ်​​ ပြောင်းလဲမှုနှင့် ရခိုင်​ပြည်​ ပညာ​ရေးအ​ရွေ့

ကျနော်တို့နိုင်​ငံရဲ့ ပညာ​ရေးစနစ်​သစ်​အဖြစ်​ ၂၀၁၆-၂၀၁၇ ပညာသင်​နှစ်​က စတင်​​ပြောင်းလဲခဲ့တဲ့ KG+5-4-3 စနစ်​အရ အ​ခြေခံပညာ​ရေးကဏ္ဍမှာ က​လေး​တွေဟာ အ​ခြေခံပညာကို ၁၃ နှစ်​ သင်​ယူကြရမှာ ဖြစ်​ပါတယ်​။ စနစ်သစ်ပြောင်းမည့် အစီအစဉ်ကို မသိသေးသူများအတွက် စာသင်နှစ်အလိုက် ပြောင်းသွားမည့်ပုံစံကို ​ဖော်​ပြ​ပေးလိုပါသည်​။ မူလတန်းပညာရေးကို ၂၀၁၆-၁၇ KG ကစပြီး စနစ်သစ်ပညာရေး စတင်ခဲ့ပြီး ၂၀၁၇-၁၈ မှာ G 1 (ပထမတန်း) စနစ်သစ် ပြောင်းခဲ့ပါသည်။ ထို့အတူ- ၂၀၁၈-၁၉ ပညာသင်​နှစ်​တွင် G 2 ဒုတိယတန်း ၂၀၁၉-၂၀ ပညာသင်​နှစ်​တွင် G 3 တတိယတန်း ၂၀၂၀-၂၁ ပညာသင်​နှစ်​တွင် G 4 စတုတ္တတန်း ၂၀၂၁-၂၂ ပညာသင်​နှစ်​တွင် G 5 ပဉ္စမတန်း ပြောင်းမှာဖြစ်ပြီး မူလတန်းဆင့်က ပဉ္စမတန်းအထိ ပါမည်​ ဖြစ်​ပါသည်​။ အလယ်တန်းပညာရေးကို လာမည့်စာသင်နှစ် ၂၀၁၈-၁၉ ပညာသင်​နှစ်​တွင် G 6 ဆဋ္ဌမတန်းမှစပြီး စနစ်သစ်ပြောင်းမည် ​ဖြစ်​ပါသည်​။ အလယ်တန်းပညာရေးစနစ်သစ်က- ၂၀၁၉-၂၀ G 6 ဆဋ္ဌမတန်း ၂၀၂၀-၂၁ G 7 သတ္တမတန်း ၂၀၂၁-၂၂ G 8 အဋ္ဌမတန်း ၂၀၂၂-၂၃ G 9 နဝမတန်းထိ တဆင့်ပြီးတဆင့် ပြောင်းမည်​ ဖြစ်​ပါသည်​။ အထက်တန်းပညာရေးကို- ၂၀၂၀-၂၁ G 10 ၂၀၂၁-၂၂ G 11 ၂၀၂၂-၂၃ G 12 ထိ​ ပြောင်းမည်​ ဖြစ်​ပါသည်​။ ထို့​ကြောင့် ၂၀၂၂-၂၃ ပညာသင်နှစ်သည် စနစ်သစ်ပညာရေး လုံးဝဖြစ်သွားသောနှစ် ဖြစ်ပါမည်။ သင်​ရိုးသစ်​ ​ပြောင်းလဲမှု​ကြောင့် ဆရာ၊ ဆရာမ​တွေကြားမှာ တ​ဦးနှင့်တ​ဦး အမြင်​မတူကြတာ၊ ခံယူချက်​ မတူကြတာ​တွေ​ တွေ့လာရပါတယ်​။ ဆိုလိုတာက တချို့က သင်​ရိုးသစ်​​ပြောင်းလဲမှုနဲ့အတူ သင်​ကြားနည်းစနစ်​​တွေရဲ့​ ပြောင်းလဲမှုကို လက်​မခံချင်​ကြတဲ့ သ​ဘောပါ။ ဒီအ​ခြေအ​နေဟာ​ နေရာတိုင်းနီးပါးမှာ အနည်းနဲ့အများ​တော့ ရှိကြပါလိမ့်မယ်​။ ကျနော်​တို့​တွေဟာ အ​ပြောင်းအလဲကို​တော့ လိုချင်​ကြပါတယ်​။ ဒါ​ပေမယ့် ပြောင်းလဲမှုကို ကိုယ်​တိုင်​ပါဝင်​ဖို့ကျ​တော့ တွန့်​ဆုတ်​​နေတတ်​ကြပါတယ်​။ ဒါကလည်း လူ့သဘာဝပါ။ ကျနော်​တို့​တွေဟာ အ​ဟောင်းနဲ့​ နေသားကျ​နေတာကို အသစ်​ကို ​ပြောင်းလဲဖို့အတွက် ​အားထုတ်​မှု​တော့ လိုပါတယ်​။ ပထမက​တော့ အသစ်​ကို ​ပြောင်းလဲလက်​ခံလိုတဲ့ဆန္ဒက အဓိကကျပါတယ်​။ အ​ဟောင်းဆိုတာက လူ​တွေနဲ့​ နေသားတကျ ဖြစ်​ပြီးသားပါ။ အသစ်​က​တော့ ​နေသားမကျ​သေးပါဘူး။ အဲဒီ​တော့ ကသိက​အောက် ဖြစ်​ရတာဟာ သဘာဝကျပါတယ်​။ ပုဆိုးအသစ်​နဲ့ အ​ဟောင်းမှာ အသစ်​က ဝတ်​ရတာ အဆင်​မ​ပြေလှပါဘူး။ ဝတ်​ဖန်​များပြီး ​ဟောင်းလာမှ​ နေသားတကျနဲ့ ဝတ်​ရတာ အဆင်​​ပြေလာပါတယ်​။ ဒီသ​ဘောပါပဲ။ အ​ပြောင်းအလဲ ဆိုတာကလည်း အသစ်​တ​ခုကို ​ပြောင်းလဲစမှာ​တော့ ကသိက​အောက် ဖြစ်​စရာ​တွေနဲ့ ကြုံမှာပါပဲ။ ဒါ​ပေမယ့် ​တဖြည်းဖြည်း ​နေသားကျလာမှာပါ။ ကျနော်​တို့ ဆရာ၊ ဆရာမ​တွေ အ​နေနဲ့လည်း သင်​ရိုးသစ်​နဲ့ သင်​ရိုး​ဟောင်း အ​ပြောင်းအလဲဟာ အစမှာ ကသိက​အောက် နိုင်​​ပါလိမ့်​မယ်​။ သင်​ရိုးသစ်​ကို သင်​ကြားနည်းအသစ်​နဲ့ သင်​ကြားကြဖို့အတွက်​ ဆရာ၊ ဆရာမ​တွေအ​နေနဲ့ အစပိုင်းမှာ အားထုတ်​မှု​တော့ လိုပါလိမ့်မယ်​။ တဖြည်းဖြည်း ​နေသားကျလာတာနဲ့အမျှ အဆင်​​ပြေသွားမှာပါ။ အ​ရေးကြီးတာက အ​ပြောင်းအလဲကို ကြိုးစားလုပ်​​နေ​ဖို့ပါပဲ။ အ​လေ့အကျင့်ဟာ အ​လေ့အထ ဖြစ်​လာမှာ ​သေချာပါတယ်​။ ဘယ်​အတိုင်းအတာအထိ ကျနော်​တို့ ​ပြောင်းလဲနိုင်​ကြသလဲ ဆိုတာက ကျနော်​တို့ တ​ယောက်​ချင်းစီရဲ့ အရည်​​အ​သွေး၊ သ​ဘောထား၊ စိတ်​ရှည်သည်းခံနိုင်​မှု၊ လုံ့လဝီရိယရှိမှု​တွေနဲ့ သက်​ဆိုင်​ပါလိမ့်မယ်​။ သင်​ရိုးသစ်​နဲ့ သင်​ကြားနည်းအသစ်​ဟာ က​လေး​တွေရဲ့ စဉ်းစား​တွေး​ခေါ်နိုင်​မှု၊ တီထွင်​ဖန်​တီးနိုင်​မှု၊ ​ပေါင်းသင်းဆက်​ဆံ​ရေး အစရှိတဲ့ အချက်​​တွေကို ဖွံ့ဖြိုးလာ​အောင် ​​လေ့ကျင့်ပေးခြင်းမျိုး ဖြစ်​ပါတယ်​။ အလွတ်​ကျက်​​ဖြေရတဲ့ စနစ်​ဟာ က​လေး​တွေရဲ့ စဉ်းစား​တွေး​ခေါ်နိုင်​မှု၊ တီထွင်​ဖန်​တီးနိုင်​မှု​တွေကို အားမ​ပေးပါဘူး။ အ​ကြောင်းအရာတခုကိုသာ သိပြီး အဲဒီအ​ကြောင်းအရာရဲ့​နောက်​က အကျိုးဆက်​​တွေကို ဆက်​ပြီး​ တွေး​တောခြင်းကို အားမ​ပေးပါဘူး။ ဒါ​ကြောင့် ကျနော်​တို့ဟာ လူသားအရင်းအမြစ်​ကို ပြုစုပျိုး​ထောင်​ရာမှာ နည်းစနစ်​​တွေကို​ လှေနံဓားထစ် ​မမှတ်​ယူသင့်​ပါဘူး။ ကျနော်တို့ ရခိုင်​ပြည်​နယ်​ဟာ တိုင်း​ဒေသကြီးနဲ့ အခြားပြည်​နယ်​​တွေထက်​စာရင် ​ပညာ​ရေးနိမ့်ကျ​နေတယ်​ဆိုတာ ဆရာ၊ ဆရာမတိုင်း သိထားကြပြီး ဖြစ်​ပါတယ်​။ ဒါဟာ ကျနော်​တို့ ရခိုင်​ပြည်​နယ်​က ဆရာ၊ ဆရာမ​တွေ ညံ့လို့ပါ။ ဒီ​နေရာမှာ ညံ့တယ်​ဆိုတာ ပညာအရည်​အချင်းကို မဆိုလိုပါဘူး။ ပညာအရည်​အချင်းအားဖြင့် ကျနော်​တို့ ရခိုင်​ပြည်​နယ်​က ဆရာ၊ ဆရာမ​တွေဟာ မညံ့ကြပါဘူး။ ကျနော်တို့ ရခိုင်​က ဆရာ၊ ဆရာမ​တွေ ညံ့တာက စိတ်​ဓာတ်​ပါ။ ဆိုလိုတာက တာဝန်​​ကျေ ပြီးပြီး​ရော လုပ်​တတ်​တဲ့ စိတ်​ဓာတ်​​တွေ ဖြစ်​ပါတယ်​။ ဆရာ၊ ဆရာမတိုင်း စိတ်​ဓာတ်​ညံ့တယ်​လို့​တော့ မဆိုလိုပါဘူး။ အချို့ကိုသာ​ ပြောလိုခြင်း ဖြစ်​ပါတယ်​။ ရေများ​ ရေနိုင်​၊ မီးများ မီးနိုင်​ဆိုသလိုပဲ စိတ်​ဓာတ်​ညံ့တဲ့ ဆရာ၊ ဆရာမ ဦး​ရေဟာ ပိုများတဲ့အတွက်​ ပညာ​ရေးနိမ့်ကျလာတယ်​လို့ အကြမ်းအားဖြင့် သုံးသပ်​လို့ရပါတယ်​။ တကယ်​​တော့ ပညာ​ရေးလုပ်​ငန်းဟာ တာဝန်​​ကျေ လုပ်​​နေရုံနဲ့ မပြီးပါဘူး။ ကိုယ့်တပည့်တွေအ​ပေါ် စစ်​မှန်​တဲ့ ​စေတနာနဲ့ ပြုစုပျိုး​ထောင်​​ပေးမှ​ အောင်​မြင်​တဲ့ အလုပ်​လည်း ဖြစ်​ပါတယ်​။ ကျနော်​တို့ ရခိုင်​ပြည်​နယ်​က ဆရာ၊ ဆရာမ အများစုဟာ အလုပ်​ကို တာဝန်​​ကျေ လုပ်​ကြတဲ့သူ​တွေ များသလို တချို့ကလည်း ရုံးနဲ့ညှိပြီး တာဝန်​ပျက်​ကွက်​ကြတာ​တွေလည်း ရှိ​နေဆဲပါပဲ။ တယောက်​ကိုတယောက်​​ စောင့်ကြည့်ပြီး သူ ကျောင်းမတက်​လို့ ငါ ​ကျောင်းမတက်​ဘူးဆိုတဲ့ အပျက်​​ခြေရာ တိုင်းလာခြင်း​တွေ​ကြောင့်လည်း ပညာသင်​ကြား​ရေး​တွေမှာ လစ်​ဟင်းမှု​တွေ ဖြစ်​​နေကြဆဲပါပဲ။ ဒီအချက်​​တွေကို ကြည့်ခြင်းအားဖြင့် ကျနော်​တို့ ရခိုင်​ပြည်​နယ်​ရဲ့ ပညာ​ရေးဟာ ဦး​မော့လာစရာအ​ကြောင်း မရှိပါဘူး။ စနစ်​​တွေ ဘယ်​လိုပဲ​ပြောင်း​ပြောင်း ဆရာ၊ ဆရာမ​တွေရဲ့ တ​ဦးချင်း သ​ဘောထား​တွေ မ​ပြောင်းလဲလာသမျှ ရခိုင်​ပြည်​နယ်​ရဲ့ ပညာ​ရေးဟာ အကျဘက်​မှာပဲ ရှိ​နေဦးမယ်​လို့ သုံးသပ်​လို့ရပါတယ်​။ ဒီ​နေရာမှာ အခြား တိုင်း​ဒေသကြီးနဲ့ ပြည်​နယ်​​တွေမှာ တာဝန်​ထမ်း​ဆောင်​​နေကြတဲ့ ဆရာ၊ ဆရာမ​တွေနဲ့ ကျနော်​တို့ ရခိုင်​ပြည်​ဘက်​က ဆရာ၊ ဆရာမ​တွေရဲ့ ကွာခြားချက်​ကို မြင်​နိုင်​မှာဖြစ်​ပါတယ်​။ ​အစိုးရက လစာအတူတူ​ပေးထားတာပါ။ အခွင့်အ​ရေးအားဖြင့်လည်း အတူတူပါပဲ။ ဒီလိုဆိုရင် ကျနော်​တို့ ရခိုင်​ပြည်​နယ်​ဘက်​က ဆရာ၊ ဆရာမ​တွေအ​နေနဲ့ ဘာ​ကြောင့် အခြားတိုင်း​ဒေသကြီးနဲ့ ပြည်​နယ်​က ဆရာ၊ ဆရာမ​တွေလို မလုပ်​နိုင်​ရတာလဲ။ ဒီ​နေရာမှာ တကယ်​ကွာခြားသွားတာက စိတ်​ဓာတ်​ပဲဖြစ်​ပါတယ်​။ ကျနော်​တို့ ဆရာ၊ ဆရာမ​တွေဟာ အနာဂတ်​နိုင်​ငံ​တော်​ကို တည်​​ဆောက်​ကြသူများ ဖြစ်​ပါတယ်​။ အဲလိုလူ​တွေက ကိုယ့်အလုပ်​ကို တာဝန်​​ကျေ ပြီးပြီး​ရော သ​ဘောထားခြင်းဟာ ကျနော်​တို့ လူမျိုးအတွက် ​နစ်​နာပါတယ်​။ စာ​ရေးသူတို့ ဇာတိရွာနားက ရွာတ​ရွာမှာ တာဝန်​ကျ​နေတဲ့ ဆရာမတ​​ယောက်​အ​ကြောင်း တင်​ပြချင်​ပါတယ်​။ အဲဒီဆရာမက မြို့​ပေါ်ဇာတိပါ။ မြို့နဲ့က အလှမ်းနည်းနည်း​ဝေးတယ်​။ သူ တာဝန်​ကျတဲ့ရွာမှာ အဲဒီဆရာမဟာ ကျောင်းမတက်​တာ များပါတယ်​။ သက်​ဆိုင်​ရာ တာဝန်​ရှိသူ​တွေကိုလည်း ပိုင်​ပုံရပါတယ်​။ ဒါ​ကြောင့်လည်း သူ​ နေချင်​သလို​ နေလို့ရတာပါ။ တ​နေ့ အဲဒီဆရာမ သူ တာဝန်​ကျတဲ့ရွာကို ​ရောက်​​နေတဲ့ရက်​မှာ မြို့က သူ့ယောကျာ်းနဲ့ ဖုန်း​ပြော​နေတာ ကြားလိုက်​ပါတယ်​။ သူ့က​လေးကို မူကြိုအပ်​ထားတဲ့ ဆရာမ​က ကိစ္စတ​ခုနဲ့ နယ်​ကိုသွား​တော့ နှစ်​ရက်​​လောက် ​က​လေး ​ကျောင်းမတက်​ရဘူးတဲ့။ အဲလိုသာပျက်​​နေရင် ​သူ့က​လေးကို တခြားဆရာမတ​ယောက်​ဆီ ​ပြောင်းအပ်​မှ ဖြစ်​​တော့မယ်​တဲ့။ စာ​ရေးသူ​ တွေးမိပါတယ်​။ အဲဒီဆရာမ သူ တာဝန်​ကျတဲ့ရွာကို တ​လမှာ​ သုံးရက်​​လောက်​ပဲ ​ရောက်​တယ်​။ ဆိုလိုတာက တ​လမှာ တပတ်​​လောက်​ပဲ​ ရောက်​တာပါ။ ​ရောက်​တဲ့တပတ်​မှာလည်း အသွားတရက် ​အပြန် တ​ရက်​ဆို​တော့ တကယ်​​ ကျောင်းတက်​ဖြစ်​တာက သုံးရက်​တည်းပါ။ တနင်္လာ​နေ့မှာ လာတယ်​။ ​သော​ကြာ​နေ့ ပြန်​တယ်​။ ​နေတဲ့ သုံးရက်​မှာလည်း သူဟာ သူ့တပည့်တွေကို ကြိုးစားပမ်းစား သင်​တာမျိုး မကြားဖူးပါဘူး။ သူ့သားသမီးကျ​တော့​ ကျောင်းနှစ်​ရက်​​လောက်​ပျက်​တာ​ ဆွေ့​ဆွေ့ခုန်​​နေတယ်​။ သူ့တပည့်တွေ သူမရှိတဲ့ရက်​​တွေမှာ သူ့တာဝန်​​တွေ ဘယ်​သူယူသလဲ။ ကျောင်းသားမိဘ​တွေက​ကော သူ့အ​ပေါ် ဘယ်​လိုမြင်​သလဲ။ ဒါ​တွေကို အဲဒီဆရာမ ကိုယ်​ချင်းမစာပါဘူး။ ကျနော်​တို့ ရခိုင်​ပြည်​နယ်​မှာ ဒီလိုဆရာမမျိုး ဘယ်​နှယောက်​​လောက် ​ရှိ​နေမလဲ။ တကယ်​ရင်​​လေးစရာ​ ကောင်းပါတယ်​။ ဒါဟာ ဆရာ၊ ဆရာမ​တွေရဲ့ စိတ်​​နေသ​ဘောထား၊ ခံယူချက်​​တွေနဲ့ ဆိုင်​ပါတယ်​။ ဌာနဆိုင်​ရာက​ရော ဒီလိုမျိုး အ​ခြေအ​နေ​တွေ ရှိ​နေတာကို တကယ်​မသိတာလား။ များ​သောအားဖြင့် သိကြတာများပါတယ်​။ ဘာ​ကြောင့် ဒီလို​နေလို့ရသလဲဆို​တော့ သင်​ကြား​ရေးပိုင်းက ဝန်​ထမ်း​တွေနဲ့ စီမံပိုင်းက ဝန်​ထမ်း​တွေဟာ ပုလင်းတူဘူးဆို့ ဖြစ်​​နေကြတဲ့ သ​ဘောပါပဲ။ ဒီအချက်​​တွေကို စာ​ရေးသူအ​နေနဲ့ ပုဂ္ဂိုလ်​​ရေးမုန်းတီးမှုနဲ့​ ရေးသားခြင်း မဟုတ်​​ကြောင်း ဝန်​ခံပါတယ်​။ ဘယ်​သူ့ကိုမှလည်း တိုက်​ခိုက်​လိုခြင်း မပါပါဘူး။ ကျနော်​တို့ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်​နယ်​အတွက် ​ပညာ​ရေးဌာနဟာ အဓိကအ​ခြေခံအကျဆုံးဌာနပဲ ဖြစ်​ပါတယ်​။ ပညာ​ရေးဌာန မ​ကောင်းရင်​ ဘယ်​ဌာနမှ​ ကောင်းလာမှာ မဟုတ်​ပါဘူး။ ဘာလို့လဲဆို​တော့ ဌာနဆိုင်​ရာ ဝန်​ထမ်းအားလုံးမှာ တာဝန်​ထမ်း​ဆောင်​ကြမယ့်သူ​တွေကို ပညာ​ရေးဌာနကပဲ​ မွေးထုတ်​တာ ဖြစ်​ပါတယ်​။ အခုအခါ သင်​ရိုးသစ် ​​ပြောင်းလဲခြင်းနဲ့အတူ က​လေး​တွေအ​ပေါ် ဆရာအ​နေနဲ့ ချဉ်းကပ်​ပုံဟာလည်း ကွဲပြားလာခဲ့ပါပြီ။ သင်​ရိုးသစ်​ဟာ အထက်​မှာ​ပြောခဲ့သလို အ​ကြောင်းအရာပိုင်းထက်​ အကျိုးဆက်​ကို ပိုမိုအ​လေး​ပေး သင်​ကြားရတဲ့စနစ်​ ဖြစ်​ပါတယ်​။ သင်​ရိုးသစ်​​ပြောင်းလဲခြင်းရဲ့ တတိယ​မြောက်​ ​ခြေလှမ်းအဖြစ်​ ၂၀၁၈-၂၀၁၉ ပညာသင်​နှစ်​မှာ ဒုတိယတန်းကို ​ပြောင်းလဲဖို့အတွက်​ ဆရာ၊ ဆရာမ​တွေကို သင်​တန်း​ပေးပြီးလည်း ဖြစ်​ပါတယ်​။ ဒုတိယတန်း သင်​ရိုးသစ်​သင်​တန်းနဲ့ ပတ်​သက်​လို့ ကျနော်​တို့ ရခိုင်​ပြည်​နယ်​က ဆရာ၊ ဆရာမ​တွေရဲ့ စိတ်​အားထက်​သန်​မှုဟာ အားရစရာမရှိပါဘူး။ ဆရာ၊ ဆရာမ အနည်းစုကသာ စိတ်​ဝင်​တစား ​လေ့လာသင်​ယူကြတာမျိုး ​တွေ့ရပါတယ်​။ အများစုက​တော့ ပြီးပြီး​ရောသ​ဘောမျိုးနဲ့ စိတ်​ဝင်​စားမှု မရှိကြပါဘူး။ ဘာဖြစ်​လို့ ခုလို​ပြောနိုင်​သလဲဆို​တော့ သင်တန်းတက်​​ရောက်​ချိန်​မှာ ဆရာ၊ ဆရာမ​တွေ သင်​တန်းတက်​​ရောက်​မှု ပျက်​ကွက်​တာ​တွေ များပါတယ်​။ မစယသင်​တန်းတ​ခု ရှိ​နေတဲ့အတွက်​ သင်​တန်း မတက်​​ရောက်​နိုင်​တဲ့ ဆရာ၊ ဆရာမ​တွေအတွက်​ ဇွန်​လနဲ့ ဇူလိုင်​ နှစ်​လမှာ ​ကျောင်းပိတ်​ရက်​ စ​နေ၊ တနင်္ဂ​နွေ​နေ့​တွေမှာ သက်​ဆိုင်​ရာ​ ကျောင်းနယ်​​မြေအလိုက်​ ပို့ချသွားဖို့​တော့ ရှိ​နေပါတယ်​။ ဌာနဆိုင်​ရာ အခြားသင်​တန်း​တွေ၊ တရားဝင်​ခွင့်ယူထားခြင်းမရှိဘဲ သင်​တန်းပျက်​ကွက်​တဲ့ ဆရာ၊ ဆရာမ​တွေအတွက်​က​တော့ အထက်​ကို စာရင်းပို့ထားတယ်​လို့​တော့ သိရပါတယ်​။ အ​ရေးယူ လုပ်​​ဆောင်​မယ့်အပိုင်းက​တော့ မနှစ်​က ပထမတန်းသင်​ရိုးသစ် ​​ပြောင်းတုန်းကလိုပဲ အီလည်​လည်​နဲ့ ပြီးသွားမယ်​လို့ပဲ သုံးသပ်​ရပါတယ်​။ သင်​ရိုးသစ်​နဲ့ သင်​ကြားရမယ့်စနစ်​ဟာ ဆရာ၊ ဆရာမ​တွေရဲ့ ကြိုးစားအားထုတ်​မှုအ​ပေါ် မူတည်​ပြီး​ အောင်​မြင်​မှု အနည်းအများကို ဆုံးဖြတ်​​ပေးမယ့်စနစ်​မျိုး ဖြစ်​ပါတယ်​။ ဆရာ၊ ဆရာမ​တွေရဲ့ ကြိုးစားအားထုတ်​မှု နည်း​လေ ကျနော်​တို့ မျိုးဆက်​သစ်​ က​လေး​တွေရဲ့ အနာဂတ်​ဟာ ရင်​​လေးစရာ​ကောင်း​လေ ဖြစ်​မှာပါ။ အ​ကြောင်းအရာပိုင်းထက် ​အကျိုးဆက်​ကို ပိုမိုအ​လေး​ပေးလာတဲ့ သင်​ရိုးစနစ်​ဟာ ဆရာ၊ ဆရာမတို့ ကြိုးစားအားထုတ်​မှုနဲ့ က​လေး​တွေရဲ့အနာဂတ်​ကို တိုင်းတာလာမှာ ဖြစ်​ပါတယ်​။ တနည်းအားဖြင့် တိုင်းပြည်​ရဲ့အနာဂတ်​ကို တိုင်းတာလာမယ့် အချက်​ဆိုလည်း မမှားပါဘူး။ ဒါ​ကြောင့် ကျနော်​တို့ ရခိုင်​ပြည်​နယ်​ဟာ သင်​ရိုးသစ်​​ပြောင်းလဲခြင်းနဲ့ ပြည်​​နယ်​ရဲ့ပညာ​ရေးအ​ရွေ့မှာ ကျနော်​တို့ မျိုးဆက်​သစ်​က​လေး​တွေအတွက်​ ဘယ်​​ရွေ့ဘယ်​မျှ ​ပြောင်းလဲနိုင်​ကြမလဲဆိုတာ ၂၀၂၃ ဆီကို​ မျှော်​ရင်း စဉ်းစားချင့်ချိန်​နိုင်​ကြဖို့ အကြံပြု​ ရေးသားလိုက်​ပါတယ်​။ ပန်းသီကြိုး(ရ​သေ့​တောင်​)
4 years Ago
Up