ပန်းချီ

March 15, 2019

ပန်းချီဆွဲတော်သည့် တောင်အာဖရိက ဝက် နာမည်ကြီးနေ (ရုပ်သံ)

တောင်အာဖရိကနိုင်ငံက တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတခုမှာ ပန်းချီဆွဲတဲ့ Pigcasso ပစ်ဂါလို့ခေါ်တဲ့ ဝက်တကောင် နာမည်ကြီးနေပါတယ်။ သူဟာ အရောင်တွေနဲ့ စုတ်တံတွေကို နှစ်သက်ပါတယ်။ ပစ်ဂါဆိုဟာ သားသတ်ရုံတခုကနေ ကယ်ဆယ်ခံထားရတာဖြစ်ပြီး ဖရန်ချက်ခ်မြို့က SA တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို ၂၀၁၆ ခုနှစ်မှာ ရောက်လာခဲ့တာပါ။ “ဝက်တွေက အရမ်းတော်တဲ့ တိရစ္ဆာန်တွေပါ။ သူ့ကို ကျမတို့ဂေဟာကို စခေါ်လာတော့ သူ့ကို ဘယ်လိုနေပျော်အောင် ထားရမလဲဆိုတာ စဉ်းစားခဲ့တယ်။ သူ့ကို ဘောလုံးတွေ ပေးဆော့တယ်။ နောက်ပြီးတော့ ဂေဟာက အသစ်ဆောက်ထားတာဆိုတော့ ဆေးသုတ်တဲ့ စုတ်တံတွေကလည်း ကြမ်းပေါ်မှာ ပြန့်ကျဲနေတယ်လေ။ အဲဒီမှာ စိတ်ဝင်စားစရာ ကောင်းလာတာပါပဲ။ ပုံမှန်ဆို သူက တွေ့သမျှပစ္စည်းတွေကို ကိုက်ပြီး ဖျက်ဆီးပစ်တယ်လေ။ ဒါပေမယ့် စုတ်တံတွေကိုတော့ သူတော်တော်လေးကြိုက်ပါတယ်။ သူက စုတ်တံတွေကို ကိုက်ယူပြီး ပန်းချီဆွဲတဲ့ ကင်းဗတ်စဆီကို သွားတယ်။ ပြီးတော့ အံ့သြစရာကောင်းတဲ့ လက်ရာတွေကို ဖန်တီးခဲ့ပါတယ်။ အခုဆိုရင် သူ့ရဲ့ပန်းချီကားတွေ တကမ္ဘာလုံးမှာ ရောင်းနေရပါပြီ” လို့ SA တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတည်ထောင်သူ ဂျိုအန်နာ လစ်ဖ်ဆန်က ပြောပါတယ်။ ပစ်ဂါဆိုရဲ့ ပန်းချီကားတွေဟာ အမေရိကန်ဒေါ်လာ ၄ ထောင်နီးပါး ပေါက်ဈေးရှိပြီး ပန်းချီကားရောင်းရငွေတွေကို တိရစ္ဆာန်တွေ ပြုစုစောင့်ရှောက်ရေးအတွက် ပြန်လှူဒါန်းတယ်လို့ အဲဒီစောင့်ရှောက်ရေးဂေဟာက ပြောပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် Swatch နာရီကုမ္ပဏီက ပစ်ဂါဆိုရဲ့ ပန်းချီလက်ရာတခုကို ဝယ်ယူပြီး 'Flying Pig by Ms. Pigcasso လို့ အမည်ရတဲ့ နာရီဒီဇိုင်းသစ်ကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။ အဲဒီနာရီတလုံးဟာ အမေရိကန်ဒေါ်လာ ၁၂၀ တန်ဖိုးရှိပြီး အရောင်းရဆုံးဒီဇိုင်း ဖြစ်တယ်လို့ Swatch ကုမ္ပဏီက ပြောပါတယ်။ သူ့ရဲ့ပန်းချီလက်ရာတွေကို တောင်အာဖရိကမှာသာမက ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ နယ်သာလန် စတဲ့နိုင်ငံတွေမှာလည်း ပြသခဲ့ပါတယ်။
2 years Ago

March 2, 2019

စာနယ်ဇင်းသရုပ်ဖော်ပန်းချီဆရာများ၏ ပန်းချီပြပွဲ (ဓာတ်ပုံ)

စာနယ်ဇင်းသရုပ်ဖော်ပန်းချီဆရာတွေရဲ့ ၁၅ ကြိမ်မြောက် ပန်းချီပြပွဲကို ရန်ကုန်မြို့ လောကနတ်ပြခန်းမှာ မတ်လ ၁ ရက်နေ့ကနေ ၅ ရက်နေ့ထိ နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၅ အထိ ပြသနေပါတယ်။ စာနယ်ဇင်း သရုပ်ဖော်ပန်းချီဆရာ ၈၁ ယောက်ရဲ့ ရေဆေး၊ ဆီဆေး ခဲခြစ် ပန်းချီကားတွေအပြင် ထင်ရှားကျော်ကြားတဲ့ ကွယ်လွန်သူ ပန်းချီပန်းချီဆရာကြီးတွေဖြစ်တဲ့ ပန်းချီစံတိုး၊ ပန်းချီမောင်မောင်သိုက်၊ ပန်းချီ ၀သုန် စတဲ့ ပန်းချီဆရာကြီးတွေရဲ့ လက်ရာတွေကိုလည်း ပြသထားပါတယ်။ စာနယ်ဇင်း သရုပ်ဖော်ပန်းချီလုပ်ငန်းတွေဟာ စာနယ်ဇင်းလုပ်ငန်းနဲ့အတူ ကျဆင်းလာပေမယ့် သရုပ်ဖော်ပန်းချီဆရာတွေကတော့ မိမိတို့အလုပ်ကို ယုံယုံကြည်ကြည်စည်းစည်းလုံးလုံးဖြင့် ဆက်လက်လုပ်ကိုင်နေကြပါတယ်။
2 years Ago
Up