ပန်လုံ

July 18, 2018

ပန်လုံတွင် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်၍ ဒေသခံများ ထွက်ပြေး (ရုပ်သံ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာမှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA)တပ်ဖွဲ့တွေ အကြား ဒီကနေ့မနက် တိုက်ပွဲဖြစ်ပွားလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေကြပါတယ်။ ဒေသခံတွေကို နယ်စည်းမခြား ပရဟိတအဖွဲ့အပါအ၀င် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကားနဲ့ တင်ဆောင်ပြီး စစ်ဘေးလွတ်ရာကို ပို့ဆောင်ပေးနေပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသူဒေါ်နန်းထွေးက “နမ္မတူမြို့နယ်​၊ ပန်​လုံ၊မန်​စံ၊  မိုင်းမုရွာ နားတဝိုက်​မှာ အ​ခြေချနေ​တဲ့ RCSS အဖွဲ့ကို SSPP ဦး​ဆောင်​မှုနဲ့ ​မြောက်​ပိုင်း မဟာမိတ်​တပ်​က အ​ကြောင်းမဲ့ ဝင်​​ရောက်​တိုက်​ခိုက်​​နေတာ။ ၁၆  ရက်​​နေ့ကတည်းက ​မြွေမ​သေ တုတ်​မကျိုးဖြစ်​​နေတာ ဒီ​နေ့ ၁၈ ရက်​​နေ့ ​စစ်​​ကြောင်းထပ်​ဝင်​လာလို့ ရုတ်​ရုတ်​သဲသဲ ဖြစ်​​နေတာပါ။ အဲ့ဒီပန်​လုံရွာမှာ ရှမ်းနဲ့  ပ​လောင်​ ရော​နှော​နေထိုင်​တဲ့ရွာ ဖြစ်​ပါတယ်​။ TNLA နဲ့ အဆက်​အသွယ်​ရတဲ့ ပ​လောင်​ရွာသူကြီးက မ​ပြေးဖို့ ​ပြော​နေပါတယ်​။” ဒီက​နေ့​တော့ အခင်းဖြစ်​​နေရာမှာ အဖွဲ့စုံ​နေပါပြီ အချိန်​မ​ရွေး တိုက်​ပွဲထဖြစ်​နိုင်​မယ့် အ​နေအထားမှာ ရှိ​နေတယ်လို့လည်း ပြောပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ၁၆ ရက်နေ့ကတည်းက ကျောင်းတွေ ပိတ်ထားရပြီး လမ်းပန်းဆက်သွယ်ရေးတချို့လည်း ပိတ်ထားတာတွေရှိနေတယ်လို့ဆိုပါတယ်။ နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာအုပ်စုအတွင်းမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့ ဇူလိုင် ၁၆ ရက် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့လို့ ရွာပေါင်း ၆ ရွာက ပြည်သူလူထု ၁၀၀၀ ကျော်လောက် စစ်ဘေးတိမ်းရှောင် နေရပါတယ်။ ရုပ်သံ- Shar Htat Paing
3 years Ago
Up