ပန်မွန်ဂျုံရွာ

October 26, 2018

စစ်တပ်ကင်းမဲ့ဇုန်တွင် တောင်နှင့်မြောက် နှစ်နိုင်ငံ စစ်ဗိုလ်ချုပ်များ တွေ့ဆုံ

တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံက စစ်ဗိုလ်ချုပ်တွေဟာ နှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်တပ်ကင်းမဲ့ဇုန်ရဲ့ မြောက်ဘက်က ပန်မွန်ဂျုံရွာမှာ အောက်တိုဘာ ၂၆ ရက်က တွေ့ဆုံပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာက စစ်ရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ရေး ဆွေးနွေးကြတာပါ။ တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်ကြီး ကင်မ်ဒိုဂျွန်းက ဦးဆောင်ပြီး နယ်စပ်စည်းမျဉ်းကို ကားနဲ့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။ သူတို့ကို မြောက်ကိုရီးယားစစ်တပ် ကိုယ်စားလှယ်အဖွဲ့က ကြိုဆိုနှုတ်ဆက်ပါတယ်။ သူတို့ဟာ ပြုံယမ်းမြို့တော်မှာ အရင်လက သဘောတူခဲ့တဲ့ စစ်ရေးသဘောတူညီချက်အတိုင်း ပူးတွဲစစ်ကော်မရှင်ကို ပြန်အသက်သွင်းဖို့ ဆွေးနွေးမယ့်ပုံ ပေါ်တယ်လို့လည်း ရိုက်တာသတင်းဌာနက ရေးပါတယ်။ သဘောတူညီချက်ထဲမှာ စစ်တပ်ကင်းမဲ့ဇုန်အတွင်း မြေမြှုပ်မိုင်းတွေ လက်နက်တွေနဲ့ အစောင့်တပ်စခန်းတွေကို ဖြည်းဖြည်းချင်း ဖယ်ရှားရေး၊ မပျံသန်းရဇုန် သတ်မှတ်မှုနဲ့ စစ်ရေးလေ့ကျင့်မှု အပါအဝင် ရန်လိုတဲ့လုပ်ရပ်အားလုံး ရပ်ဆိုင်းရေးတွေ ပါပါတယ်။ သဘောတူညီချက်ကို အကောင်အထည်ဖော်မှု အစိတ်အပိုင်းအနေနဲ့ ကိုရီးယားနှစ်နိုင်ငံဟာ ပန်မွန်ဂျုံရွာတွင်း ပူးတွဲလုံခြုံရေး ဧရိယာထဲက အစောင့်တပ်စခန်းတွေနဲ့ လက်နက်တွေကို အောက်တိုဘာ ၂၅ ရက်က ဖယ်ရှားပြီးစီးခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
3 years Ago

September 7, 2015

ကွဲကွာခဲ့သည့် မိသားစုများ ပြန်တွေ့ဆုံရေး တောင်နှင့် မြောက်ကိုရီးယား ဆွေးနွေး

ကိုရီးယားစစ်ပွဲအပြီးမှာ ကွဲကွာခဲ့တဲ့ မိသားစုတွေ ပြန်လည်တွေ့ဆုံနိုင်ဖို့ကိစ္စကို ဆွေးနွေးဖို့အတွက် တောင်ကိုရီးယား အရာရှိတွေနဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တို့ နယ်စပ်က ပန်မွန်ဂျုံရွာမှာ စက်တင်ဘာ ၇ ရက်နေ့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ သြဂုတ် ၂၈ ရက်နေ့က တောင်ကိုရီးယား ကြက်ခြေနီအဖွဲ့ လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့အဆင့် အစည်းအဝေးကျင်းပဖို့ အဆိုပြုခဲ့တာကို မြောက်ကိုရီးယားဘက်က သြဂုတ် ၂၉ ရက်နေ့မှာ သဘောတူခဲ့ပါတယ်။ တောင်ကိုရီးယားဘက်က ကိုယ်စားလှယ်အဖွဲ့ကို ကြက်ခြေနီအဖွဲ့ ကော်မတီဝင် လီဒတ်ဟောင်က ဦးဆောင်ပြီး မြောက်ကိုရီးယားဘက်က အဖွဲ့နဲ့ နယ်စပ်က ပန်မွန်ဂျုံရွာမှာ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အားလုံး မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာအောင် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ဆိုးလ်မြို့ကနေ ထွက်ခွာတဲ့အချိန်မှာ ပြောပါတယ်။ တောင်ကိုရီးယားဘက်က လူ ၁ သိန်း ၃ သောင်းဟာ မြောက်ကိုရီးယားဘက်မှာ ရှိနေတဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်အတွက် စာရင်းပေးထားခဲ့ပါတယ်။ အဲဒီအထဲက ၆ သောင်း ၆ ထောင်လောက်ဟာ အသက်ရှင်နေဆဲဖြစ်ပြီး အသက် ၇၀ ကျော်တွေ ဖြစ်တယ်လို့ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။ ၂၀၀၀ ခုနှစ်က စတင်ခဲ့တဲ့ မိသားစု ပြန်လည်တွေ့ဆုံတဲ့ အစီအစဉ်အရ အခုအထိ မိသားစု ၁၈၈၀၀ ပဲ တွေ့ဆုံခွင့်ရခဲ့ကြပါတယ်။ ကိုရီးယားကျွန်းဆွယ်စစ်ပွဲဟာ ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်အထိ ဖြစ်ခဲ့ပြီး စစ်ကြီးအပြီးမှာ ကွဲကွာခဲ့တဲ့ မိသားစုတွေဟာလည်း ပုံမှန်တွေ့ဆုံခွင့် မရခဲ့ကြပါဘူး။ ၂၀၁၄ ဖေဖော်ဝါရီတုန်းက ၃ ရက်ကြာ တွေ့ဆုံမှုကို နှစ်ဘက် စစ်တပ်တွေချထားတဲ့ နယ်စပ်ဒေသမှာ နောက်ဆုံး စီစဉ်ပေးခဲ့ပါတယ်။
6 years Ago
Up