ပဒုမ္မာရွှေကြာရိုးမှ အစပြုခဲ့တဲ့ ထီးရာဇဝင် (သုတကဖေး)

August 1, 2018

ပဒုမ္မာရွှေကြာရိုးမှ အစပြုခဲ့တဲ့ ထီးရာဇဝင် (သုတကဖေး)

       ‘’မိုးရွာရင် ဘာနဲ့မိုးရပါမယ်.. ပဒုမ္မာရွှေကြာရိုးကို ထီးလုပ်လို့မိုး”ဆိုတဲ့ ကျေးလက်တေးသံကို မြန်မာ တိုင်းကြားဖူး ကြပါတယ်။ ဟိုရှေးရှေးကာလတွေ၊ သမိုင်းအစကတည်းက နေ၊မိုးဒဏ်ခံနိုင်ဖို့ အမိုးအကာတွေကို သဘာဝပေးတာတွေနဲ့ အသုံးပြုခဲ့ကြတာပါ။ ပဒုမ္မာကြာဖက်၊ ပိန်းရွက်မှအစ သဘာဝအမိုးအကာအဖြစ်အသုံးပြုခဲ့တာ တွေရှိပါတယ်။ နောက်ပိုင်းတော့ ထီးဆိုတဲ့ ဝေါဟာရပေါ်လာတယ်။ “ထီး”ကိုတော့မြန်မာပညာရှိတွေက၊ “အရိုး တချောင်တည်းဖြင့် ပြုအပ်သည်ကိုအကြောင်းပြုလို့ “အထီး၊ထီး”ဟု၊ ဤနေရာမျိုးတွင်အဓိပ္ပါယ်ကောက်ယူ အပ်၏” လို့ဖွင့်ဆိုခဲ့ကြတယ်။ မြန်မာအဘိဓာန်ကတော့ “နေ၊မိုးဒဏ်ကာကွယ်ရန် အရိုးတပ်ဆောင်းစရာ”လို့ ဖွင့်ဆို တယ်။ သမိုင်းမှာတော့ ထီး”ကို ဘယ်အချိန်ကာလကတည်းပေါ်လာသလဲဆိုတာ ပြောဖို့တော့ မလွယ်လှဘူး။ ဘီစီ ၄၀၀လောက်ကစပြီး၊ အီဂျစ်၊ တရုတ်၊ အိန္ဒိယ၊ ဂရိနဲ့ မြေထဲပင်လယ်ဒေသတဝိုက်တို့မှာ ပေါ်နေပြီလို့ဆိုကြပါတယ်။ အချို့မှတ်တမ်းတွေကတော့…။ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၅၀၀ ကျော်လောက်က“Luban လုဘန်”ဆိုတဲ့ အမျိုးသမီးက၊ ကလေးတွေပိန်းရွက်နဲ့ ဆော့ကစားနေတာကိုကြည့်ပြီး ပိတ်စနဲ့“ထီး”ကို စတင်ပြုလုပ်ခဲ့တယ်လို့ ပါးစပ်ရာဇဝင်မှတ် တမ်းရှိခဲ့တယ်။ Wei Dynasty ကာလတွေမှာတော့ ထီးကို အုပ်ချုပ်သူမင်းနဲ့ အစိုးရအရာရှိတွေပဲ အသုံးပြုခွင့်ရှိ တယ်လို့ဆိုပါတယ်။ မြန်မာမှာတော့ “ထီး”ကို လူအသုံးအဆောင်ပစ္စည်းအဖြစ် သာမက၊ တန်ခိုးအာဏာနဲ့ ပူဇော်ရာ အထိန်းအမှတ်ပစ္စည်းအဖြစ်လည်း အသုံးပြုခဲ့တာကိုတွေ့ရပါတယ်။ ပုထိုးစေတီရဲ့အထွဋ်မှာတင်တဲ့ “ထီး”တော်၊ မင်းသုံးနန်းသုံး၊ မူးကြီးမတ်ရာ သေနာပတိတို့ အသုံးအဆောင်“ထီး”၊ ဘုန်းတော်ကြီးတွေအတွက်ထီးနဲ့ သာမန်အရပ်သူ/သား တို့အသုံးအဆောင်ဆိုပြီး(၄)မျိုးရှိခဲ့တယ်။ အခုနောက်ပိုင်း၊ အပန်းဖြေစခန်းတွေနဲ့ဈေးသည်တို့ အသုံးပြုတဲ့ထီး အဖြစ် လိုသလိုကြံဆ အသုံးပြုလာတာကိုတွေ့နိုင်တယ်။ မြန်မာမှာတော့ ထီး ကို ပုဂံခေတ် “ဂူပြောက်ကြီးဘုရားရဲ့ နံရံဆေးရည်ပန်းချီ”မှာ ဘုရင်တိုင်းခန်းလှည့်လည်ရာမှာ ထီးဆောင်းထားတဲ့ပုံကိုမြင်တွေ့ရတာကြောင့် ပုဂံခေတ် ဘုရင်တွေဟာ ထီးဆောင်းမင်းအဖြစ် “တန်ခိုးအာဏာ”အဆောင်အရောင်ကို အသုံးပြုပြီဖြစ်ကြောင်း ယူ ဆလို့ရနေပါပြီလို့ဆိုနိုင်တယ်။ ဒါပေမယ့် သာမန်အရပ်သားတွေတော့ ထီးကို အသုံးပြုကြဟန်မရှိသေးဘူးလို့ဆို နိုင်ပါတယ်။ ဘုရင်တွေထီးဆောင်းတယ်ဆိုတာ အဏာအထိန်းအမတ်တခုဖြစ်တာကြောင့် “ထီးနန်း”ရယ်လို့ အထွတ်အမြတ်ထား အမည်သမုတ်ခဲ့ဟန်ရှိပါတယ်။ မြန်မာမှ မဟုတ်ဘူး။ တကမ္ဘာလုံးမှာပါ ထီးကို ဦးစွာပထမအနေနဲ့ ဘုရင်နဲ့မင်းညီမင်းသားတွေသာ အသုံးပြုခဲ့ကြတာပါ။ နောက်မှ လူအများသုံးဖြစ်ခဲ့ရတာ။ မှတ်တမ်းမှတ်ရာတွေအရ ထီးကို အစောဆုံးအသုံးပြုခဲ့တာတရုတ်ဖြစ်တယ်။ Wei မင်းဆက်ကာလတွေမှာ ထီးကို သာမန်လူတွေ ဆောင်း ခွင့်မရခဲ့ပေမယ့် Tang Dynasty လက်ထက်တွေမှာတော့ တရုတ်ရဲ့ ထီးဟာ ဂျပန်အထိပျံ့နှံ့ နေပါပြီ။ ပြင်သစ် ကတော့ ၁၆ရာစုထဲမှာ ထီးကိုစတင်ပြုလုပ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အင်္ဂလန်နိုင်ကတော့ ၁၇၅၀ ထဲမှာ Jonas  Hanway ကတီထွင်ခဲ့တယ်ဆိုပါတယ်။ ဒါပေမယ့် နေဒဏ်အတွက်အဆင်ပြေပေမယ့် မိုးဒဏ်မခံနိုင်သေးဘူး။ တချို့မှတ်တမ်းတွေကတော့ ၁၉ရာစုထဲရောက်မှ ဗြိတိသျှကုန်သယ်တွေဆီကတဆင့် အင်္ဂလန်ကို ရောက်တယ်ဆိုပါတယ်။ အမှန်တကယ်ထီးကိုလူအများသုံးနိုင်အောင် စတင်ထုတ်လုပ်ခဲ့တာက ၁၉ရာစုရောက်မှ ဖြစ်တယ်လို့ဆိုကြပါတယ်။ သမိုင်ပညာရှင် Louis Uzanne ပြောတာကတော့ ၁၈၀၈ခုနှစ်ထဲမှာ ထီးမူပိုင်ခွင့်(၁၀၃)ခု တင်ထားတယ်လို့ဆိုပါတယ်။ ဒီနေ့ကမ္ဘာအနှံ့အပြားအသုံးပြုနေတဲ့ အလိုလျောက်ပွင့်တဲ့ (Automatic)ထီးတွေက Uzanne တီထွင်ခဲ့တာပဲဖြစ်တယ်။ အများအသုံးပြုနေတဲ့ ခေါက်ထီးကတော့ ၁၉၂၈ခုနှစ်ထဲမှာစတင်တီထွင်ခဲ့ တာပါ။ မြန်မာပြည်ကတော့ ဘုရင်နဲ့ မင်းညီမင်းသား၊မူးမတ်တွေနဲ့ ဘုန်းတော်ကြီးတွေဟာ ပုဂံခေတ်ကအစပြုခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အင်းဝခေတ်မှာတော့ အတော်လေးအသုံးပြုလာတယ်။ သူဋ္ဌေးသူကြွယ်တွေအထိ အသုံး ပြုလာတယ်။ သာမန်ဆင်းရဲသားတွေမသုံးဆောင်နိုင်ခဲ့ပါဘူး။ သာမန်ဆင်းရဲသားတွေကတော့ ခမောက်ကိုပဲ နေ၊ မိုးကာဖို့အသုံးပြုနေရဆဲပါ။ ရတနာပုံနေပြည်တော်ခေတ်ရောက်တော့ အိမ်တော်ရာအရပ်မှာ ထီးလုပ်ငန်းတွေရှိ နေပြီ။ အိမ်တော်ရာထီးဟာ ဘုန်းကြီးရဟန်းတော်တွေအတွက်သာမက လူချမ်းသာတွေရဲ့ မရှိမဖြစ် အသုံးအ ဆောင်အဖြစ် ရောက်ရှိနေပါပြီ။ သူနဲ့အတူအပြိုင်နာမည်ကြီးတာကတော့ ပုသိမ်ထီးလုပ်ငန်းပါပဲ။ မြန်မာတို့ရဲ့ပုသိမ်ထီးဟာ ချင်းမိုင်ကတဆင့် ထိုင်းနိုင်ငံကိုပျံ့နှံ့လာခဲ့တယ်။ ဒီနေ့ ထိုင်းနိုင်ငံထုတ် ပုသိမ်ထီးဟာ မြန်မာတို့ရဲ့မူပိုင်ပုသိမ်ထီးသာဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်က ထိုင်းဘုန်းတော်ကြီး “ဖရာအင် သာ” ဟာ ချင်းမိုင်ကနေတဆင့် မြန်မာနိုင်ငံကို ဘုရားဖူးရောက်လာတဲ့အခါ မြန်မာပြည်က တကာ တယောက် က ပုသိမ်ထီးတချောင်းကို လှူခဲ့ပါတယ်။ ဘုန်းတော်ကြီး ဖရာအင်သာက ပုသိမ်ထီးပြုလုပ်ပုံအဆင့်ဆင့်ကို ရက် အတန်ကြာသည် အထိလေ့လာပြီး ထိုင်းတွေကို သင်ကြားပေးခဲ့တယ်လို့ ပညာရှင်ရဲ့ အကဲဖြတ်သုံးသပ်ချက် လည်းရှိခဲ့ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ တနှစ်တကြိမ်ပြုလုပ်လေ့ရှိတဲ့ Bo Sang Umbrella Festival မှာ Bo Sang ဆိုတာ မြန်မာလို ပုသိမ်ဆိုတဲ့ အသံထွက်ရှိတယ်လို့ဆိုပါတယ်။ ဗြိတိသျှတွေက ပုသိမ်ကို   Bassein လို့ ခေါ်ခဲ့ကြ ဖူးပါတယ်။ ဒီလိုနဲ့ ပဒုမ္မာရွှေကြာရိုးတို့ ပိန်းရွက်တို့၊ထန်းလက်တို့နဲ့အစပြုခဲ့တဲ့ နေ၊မိုးအတွက် အကာကွယ်တွေဟာ ဒီနေ့ ဆိုရင် လူအများသုံးတဲ့ ခေါက်ထီးအော်တို မက်တစ်ထီးအဖြစ်အဆင့်ဆင့်တိုးတက် ရောက်ရှိလာခဲ့ပါတော့တယ်။ ဆရာဌေး ဓာတ်ပုံ-NetGazete/ Pinterest
3 years Ago
Up