ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆၊ ကော့ကရိတ် (ဒူးပလာယာ) ခရိုင်မှာ ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်တဲ့ ခရိုင်အရေးပေါ်အစည်းအဝေးအတွင်း ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းဟာ တာဝန်ကနေ နုတ်ထွက် ခွင့်တောင်းခံခဲ့တယ်လို့ ဗဟိုကော်မတီတာဝန်ရှိသူဆီက သိရပါတယ်။
တပ်မဟာ ၆ ခရိုင်ဥက္ကဋ္ဌ တာဝန်ကို ဗဟိုကွန်ဂရက်ကနေအတည်ပြုခဲ့ပြီး တာဝန်ထမ်းဆောင်နေရာ က ခရိုင်အရေးပေါ်အစည်းအဝေးမှာ တရားဝင်တင်ပြခဲ့တဲ့အတွက် ဗဟိုကွန်ဂရက် မကျင်းပ ချိန်အထိ နုတ်ထွက်အနားယူခွင့် ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
ကေအန်ယူဗဟိုကော်မတီဝင် (ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ) ပဒိုသမိန်ထောက “အစည်းအဝေး ကနေပဲ သူကို နုတ်ထွက်ခွင့်ပေးလိုက်တယ်။ ဒီအပေါ်မှာတော့ ကျနော်ဘာမှ မှတ်ချက် မပေးချင်ပါဘူး။ သူထွက်သွားတာလည်း တမျိုးတော့ အေးတာပေါ့။ သူစိတ်ဆန္ဒမပါဘဲ ခရိုင်ဥက္ကဋ္ဌ တက်လုပ်နေရတာ မဖြစ်ဘူးလေ။ မနှောင့်ယှက်ဖို့ပဲ လိုတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ခရိုင်အရေးပေါ် အစည်းအဝေးပြုလုပ်နေဆဲဖြစ်ပြီး ခရိုင်ဥက္ကဋ္ဌတာဝန်ကို ခရိုင်ဒုဥက္ကဋ္ဌ ဖြစ်သူ တပ်မဟာ ၆ တပ်မဟာမှူးက ဆက်လက်တာဝန်ယူသွားမှာဖြစ်ပြီး ကေအန်ယူဖွဲ့စည်းပုံအရ ဗဟိုနဲ့ ခရိုင်အဆင့် ရွေးချယ်ခံရတဲ့ ခေါင်းဆောင်တွေဟာ ၄ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်
တပ်မဟာ ၆ နယ်မြေအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ NUG၊ PDF၊ CDM တွေကို စစ်ကောင်စီရဲ့ တပ်တွေ နယ်မြေကျော်ဝင်ရောက်ပြီး ရှာဖွေဖမ်းဆီမှုတွေ ပြုလုပ်နေတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပေါ် ခရိုင်ဥက္ကဋ္ဌဖြစ်သူ ပဒိုစောရွှေမောင်းနဲ့ ခရိုင်အဆင့်တာဝန်ရှိသူတွေအကြား သဘောထားကွဲလွဲတာတွေရှိတယ်လို့ ကေအန်ယူတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ခရိုင်ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ပဒိုစောရွှေမောင်းဟာ ကရင်ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေး ကော်မတီမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၄ ဖွဲ့မှာ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ပါဝင်ပြီး တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။
ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီရဲ့တပ်တွေဟာ နယ်မြေကျော်ဝင်ရောက်လာပြီး စစ်ရေးလှုပ်ရှားတာ၊ အင်အားတိုးချဲ့တာ၊ လက်နက်ခဲယမ်း ဖြည့်တင်းတာ၊ စခန်းတိုးချဲ့တည်ဆောက်တာ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးပြီး အတင်းအဓမ္မ ခိုင်းစေတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေအပြင် လူ့အခွင့်အရေးချိုးဖောက်တာတွေကြောင့် နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်နေတာပါ။
အခုလို နှစ်ဖက်တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ နေအိမ်တွေ၊ လုပ်ငန်းခွင်တွေကို စွန့်ခွာပြီး နီးစပ်ရာဆွေမျိုးတွေဆီနဲ့ တောတောင်တွေထဲ ထွက်ပြေးခဲ့ရတဲ့အတွက် နေထိုင်စား သောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို ရေရှည်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် နေထိုင်စားသောက်ရေးအတွက် အခက်အခဲတွေ ပိုမိုရင်ဆိုင်ရနိုင်တယ်လို့ စစ်ပြေးရှောင်တွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ရင်း ၂၈၃ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သာဝင်းထွန်းနဲ့ အတူ အရာရှိ အရာခံ စစ်သည် ၇ ဦး ပစ်ခတ်တိုက်ခံရပြီး ကျဆုံး သွားကြောင်း သိရှိရတဲ့အတွက် လွန်စွာ စိတ်မချမ်းမြေ့ဖြစ်ရတဲ့အကြောင်း ကေအန်ယူ ဒူးပလာယခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက ပြောပါတယ်။
အောက်တိုဘာ ၂၅ ရက်နေ့ရက်စွဲနဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ထုတ်ပြန်ခဲ့တာဖြစ်ဖြစ်ပြီး အဆိုပါ ဒုဗိုလ်မှူးကြီး ပစ်ခတ်ခံရတဲ့နေရာဟာ ကေအန်ယူနဲ့ တပ်မတော်နှစ်ဖက်တွေ သွားလာလှုပ်ရှားတဲ့နေရာ ဖြစ်ကြောင်း ကေအန်ယူနဲ့ အစိုးရတပ်တို့ဟာ ပစ်ခတ်တိုက်မှုမပြုဖို့ အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်း ဖြစ်ကြောင်း ပါရှိပါတယ်။
ဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မဖြစ်သင့်ဘဲ ဖြစ်ပေါ်လာရပြီး သေကျေသွားတဲ့အခါ လွန်စွာ ဝမ်းနည်းကြေကွဲဖွယ်ရာတွေဖြစ်ကြောင်းလည်း အဆိုပါ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်စွန်းကျေးရွာမှာ အောက်တိုဘာ ၂၀ ရက် နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့တပ်ကို KNLA က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့တာလို့ ကေအန်ယူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဆိုပါနေ့မှာပဲ ကေအန်ယူ ထိန်းချုပ်နယ်မြေ ဝင်းရေးမြို့နယ် ခုံခံကျေးရွာအနီးမှာ ခလရ-၂၈၃ တပ်ရင်းက နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့အတွက် KNLA တပ်ရင်း ၁၆ တပ်ခွဲ ၂ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ ၆ က သတင်းထုတ်ပြန်ထားပါတယ်။
ပဒိုစောရွှေမောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ သူ့ရဲ့နယ်မြေထဲမှာ မလှုပ်ရှားကြဖို့ စာထုတ်ထားသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေနဲ့ စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်တဲ့ အရေးပေါ်ထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းဖို့လည်း တောင်းဆိုခဲ့သူလည်း ဖြစ်ပါတယ်။