ပထမဆုံး အာရှနွယ်ဖွားလူမည်းအမျိုးသမီး

November 8, 2020

အမေရိကန်သမိုင်းတွင် ပထမဆုံး အာရှနွယ်ဖွားလူမည်းအမျိုးသမီးတဦး ဒုသမ္မတဖြစ်လာ

ကမ်မလာဟဲရစ်ဟာ အမေရိကန်နိုင်ငံသမိုင်းမှာ ဒုသမ္မတနေရာကို ရရှိတဲ့ ပထမဆုံး အာရှနွယ်ဖွား လူမည်းအမျိုးသမီးတဦးအနေနဲ့ နိုဝင်ဘာ ၇ ရက်မှာ သမိုင်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။  ရွေးကောက်ခံ ဒုသမ္မတ ကမ်မလာဟဲရစ်က သူဟာ ဒီနေရာကိုရတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်ပေမယ့် နောက်ဆုံးတော့ မဟုတ်ဘူးလို့ ဂုဏ်ပြုနေတဲ့ လူအုပ်ကြီးကို ပြောလိုက်တာပါ။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ဟာ အလားအလာတွေရှိတဲ့ နိုင်ငံတခုဆိုတာ အခုညအခမ်းအနားကို  ကြည့်နေတဲ့ မိန်းကလေးငယ်တိုင်း မြင်တွေ့ရတာကြောင့် ဖြစ်တယ်လို့ ဟဲရစ်က ပြောခဲ့ပါတယ်။  ဟဲရစ်ဟာ အမေရိကကို ပြောင်းရွှေ့လာတဲ့ ဂျမေကာနွယ်ဖွားဖခင်နဲ့ အိန္ဒိယနွယ်ဖွား မိခင်တို့က မွေးဖွားလာသူ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားအထက်လွှတ်တော်အမတ်ဖြစ်သူ ဟဲရစ်ဟာ အတားအဆီးတွေ ဖြတ်ကျော်ပြီး အောင်ပွဲဝင်ထားသူပါ။  ဟဲရစ်ဟာ ဆန်ဖရန်စစ္စကိုရဲ့ ပထမဆုံးအမျိုးသမီး ခရိုင်ရှေ့နေဖြစ်သလို ကယ်လီဖိုးနီးယားရဲ့ ပထမဆုံးသော လူဖြူမဟုတ်တဲ့ ရှေ့နေချုပ်အဖြစ် ရွေးကောက်ခံခဲ့ ရပါ တယ်။  သမ္မတ ရာထူးလက်ခံမယ့် ဇန်နဝါရီမှာ အသက် ၇၈ နှစ် ပြည့်မယ့် ဂျိုးဘိုင်ဒင်အနေနဲ့ ဒုတိယသက်တမ်း အရွေးမခံဘူးလို့ ဆုံးဖြတ်ရင် အသက် ၅၆ နှစ်ပဲရှိတဲ့ ဟဲရစ်ဟာ လာမယ့် ၂၀၂၄ မှာ ဒီမိုကရက်ပါတီသမ္မတလောင်း ဖြစ်နိုင်တယ်လို့ အများက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားပါတယ်။  ဒါပေမဲ့လည်း ဟဲရစ်ကတော့ အဲဒီ မှန်းဆချက်အပေါ် လူသိရှင်ကြား တုံ့ပြန်မထားဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up