ပထမဆုံး သတိပေး

February 7, 2020

ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပထမဆုံးသတိပေးခဲ့သည့် တရုတ်ဆရာဝန် သေဆုံး

ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပထမဆုံး သတိပေးခဲ့တဲ့  အသက် ၃၄ နှစ်အရွယ် ဆရာဝန် လီဝမ်လျန်ဟာ ဒီနေ့မနက်အစောပိုင်းက သေဆုံးခဲ့တယ်လို့ သူ့ကိုကုသပေးနေတဲ့ ဝူဟန်ဆေးရုံက သတင်းထုတ်ပြန်ခဲ့ပါတယ်။  ဝူဟန်ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေချိန် ဒေါက်တာလီဟာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာပါ။  ဒီဇင်ဘာ ၃၀ ရက်က သူဟာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို လုပ်ဖော်ကိုင်ဖက် ဆေးဝန်ထမ်းတွေကို သတိပေးခဲ့ပါတယ်။ ဒါပေမဲ့  ရဲတပ်ဖွဲ့ဝင်တွေက သူ့ကို သတင်းမှားတွေ မလွှင့်ဖို့ တားမြစ်ခဲ့ပါတယ်။  မျက်စိအထူးကု ဆရာဝန်တဦးဖြစ်သူ ဒေါက်တာ လီဟာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်အကြောင်း သတိပေးပြီး တလအကြာမှာ ဆေးရုံကုတင်ပေါ်ကနေ သူ့အကြောင်းကို လူမှုကွန်ရက် ဝေဘိုပေါ်မှာ တင်ခဲ့ပါတယ်။  သူရဲ့ ဝေဘိုပို့စ်မှာ ဒေါက်တာ လီက  ဇန်နဝါရီ ၁၀ ရက်ကစလို့ သူဟာ ချောင်းတွေဆိုးပြီး နောက်နေ့မှာ အဖျားတက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်နှစ်ရက်အကြာမှာတော့ သူ့ကို  ဆေးရုံတင်ခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာ သိရတယ်လို့ ဖော်ပြခဲ့ပါတယ်။    ဒေါက်တာလီ သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး သတင်းအမျိုးမျိုး ထွက်နေပေမယ့် People's Daily သတင်းစာက သူဟာ ဒီနေ့မနက် ၃ နာရီဝန်းကျင်မှာ သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။   နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၆၃၆ ယောက်နဲ့ ကူးစက်ခံရသူ ၃၁၀၀၀ ကျော်ရှိပြီး ဖေဖော်ဝါရီ ၆ ရက် တရက်တည်းမှာတင် ထပ်မံသေဆုံးသူ ၇၃ ယောက် ရှိတယ်လို့ သိရပါတယ်။   
1 year Ago
Up