ပထမဆုံး ခရီးသည်တင် ရထား

A d v e r t i s e m e n t With Us

April 8, 2020

ကန့်သတ်ကာလအပြီး ဝူဟန်မြို့မှ ပထမဆုံး ခရီးသည်တင် ရထား ထွက်ခွာ

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ကန့်သတ်ကာလအပြီး ဟန်ခို့ဘူတာကနေ ပထမဆုံး ရထားဟာ ခရီးသည်တွေ တင်ဆောင်ရင်း ဧပြီ ၈ ရက် ညသန်းခေါင်ကျော်မှာ စတင်ထွက်လာပါတယ်။ လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်မြို့ကစပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားခဲ့လို့ တမြို့လုံး အဝင်အထွက် အသွားအလာ ကန့်သတ်ပိတ်ပင်ခဲ့တာ တရားဝင် အဆုံးသတ်အပြီးမှာ ပြန်ဖွင့်ပေးလိုက်တာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်ဖို့ ဝူဟန်မြို့ကို ၇၆ ရက်ကြာ ရောဂါခြေချုပ်နဲ့ ပိတ်ထားအပြီး ပြန်ဖွင့်တာလည်း ဖြစ်ပါတယ်။ ကန့်သတ်ချက်တွေ ဖြေလျှော့တာ စောလွန်းရင် ကူးစက်မှု ဒုတိယလှိုင်း ပေါ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ နေ့တိုင်း ဘယ်အချိန် အိမ်ပြန်နိုင်မလဲဆိုတာ မိသားစုက မေးနေခဲ့တယ်လို့ ခရီးသည် တယောက်က ပြောပါတယ်။ သူဟာ မိသားစုနဲ့ ပြန်ဆုံစည်းဖို့ အင်မတန် မျှော်လင့်နေခဲ့တာပါ။ ဝူဟန်မှာ ရောဂါခြေချုပ် ကန့်သတ်ချက် ဖယ်ရှားလိုက်ပြီဆိုတဲ့ သတင်းဟာ တရုတ်ရဲ့ တွစ်တာလို့ တင်စားကြတဲ့ ဝေဘို လူမှုကွန်ရက်ပေါ်မှာ ထိပ်တန်း ရေပန်းစားတဲ့သတင်း ဖြစ်နေပါတယ်။ “ကြိုဆိုပါတယ် ဝူဟန်” ဆိုတဲ့ မှတ်ချက်တွေလည်း ပလူပျံနေတာပါ။ ရထားလက်မှတ် အရောင်းစာရင်းအရ ဗုဒ္ဓဟူးနေ့က ဝူဟန်ကနေ ခရီးသည် အယောက် ၅၅၀၀၀ ထွက်ခွာသွားတယ်လို့ ရထားအာဏာပိုင်တွေကို ကိုးကားပြီး တရုတ်အစိုးရ ရုပ်သံ CCTV က ထုတ်လွှင့်သွားပါတယ်။ တရုတ်အာဏာပိုင်တွေက ဝူဟန်မြို့ထဲက လူတွေကို အဝေးပြေးလမ်းမတွေကနေတဆင့် မြို့ပြင်ကို ထွက်ခွင့်လည်း ပြုခဲ့ပါတယ်။
11 months Ago
Up