ပထမဆုရထီ

March 19, 2020

ဘတ် ၆ သန်းတန် ထီလက်မှတ်ကို ကောက်ရထားသူက ပြန်အပ်ထားသဖြင့် ပိုင်ရှင်ကို ရှာဖွေနေ

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဥဒွန်းဌာနီခရိုင်မှာ  ပြည်သူ ၃ ဦးက ထိုင်းဘတ်ငွေ ၆ သန်းတန် ပထမဆုရထီလက်မှတ်တစောင် ကောက်ရထားပြီး ရဲစခန်းက ပိုင်ရှင်အမှန်ကို ရှာဖွေနေပါတယ်။‌ ဥဒွန်းဌာနီမြို့ခံ သားအမိ ၂ ဦးဟာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်က မဲ့ယွန့်ဈေးအနီးရှိ ဆဲဗဲင်း အလဲဗဲင်းကုန်စုံဆိုင်ရှေ့မှာ ထီလက်မှတ် ၁ စောင် ကောက်ရလို့  အဆိုပါကုန်စုံဆိုင်ထံသွား ရောက်အပ်နှံခဲ့ပါတယ်။  မတ်လ ၁၆ ရက်နေ့ ထီပေါက်စဉ်ထွက်လာတော့ ဆိုင်မန်နေဂျာက တိုက်ကြည့်ရာမှာ အဆိုပါ ထီလက်မှတ်ရှိ ဂဏန်းနံပါတ် ၅၀၃၄၄၆ မှာ ဘတ် ၆ သန်း တန်ဘိုးရှိ ပထမဆုရဂဏန်း ဖြစ်နေတာကြောင့် မန်နေဂျာက ရိုးသားစွာနဲ့ နားခါးနယ်မြေရဲစခန်းကို သွားရောက်အပ်နှံ ထားခဲ့ပါတယ်။  ရဲစခန်းတာဝန်ရှိသူတွေကလည်း ထီပေါက်စဉ်ကောက်ရတဲ့နေရာတဝိုက်သွား ရောက်စစ်ဆေးပြီး ထီလက်မှတ်ပိုင်ရှင်အနေနဲ့ ခိုင်လုံတဲ့သက်သေနဲ့အတူ လာရောက်ဆက်သွယ်ဖို့ ကြေညာထားပါတယ် ။  အဲဒီနောက် ထီလက်မှတ်ပိုင်ရှင်လို့ ပြောတဲ့သူတွေ ရဲစခန်းကို ရောက်လာကြကြောင်း ၊ ဒါပေမယ့် ရဲတပ်ဖွဲ့က ဈေးဆိုင်အနီးရှိ စီစီကင်မရာတွေနဲ့ရော ထီလက်မှတ်က လက်ရာကို ဒီအန်အေနဲ့ပါ ထပ်မံတိုက်ဆိုင် စစ်ဆေးမယ် ၊ မမှန်ကန်ဘူးဆိုရင် တာဝန်ရှိသူတွေကို လိမ်လည်မှုနဲ့ ပြန်ပြီးတရားစွဲခံရမယ်လို့ ပြောတာကြောင့် ထီလက်မှတ်ပိုင်ရှင်လို့ လာပြောတဲ့သူတွေဟာ နောက်တွန့်ကုန်ကြပါတယ်။  ရဲတပ်ဖွဲ့ဟာ မတ်လ ၁၇ ရက်က ကနဦးထီလက်မှတ်ကောက်ရတဲ့ သားအမိ ၂ ဦးကို စခန်းမှာ ခေါ် ယူမေးမြန်းရာမှာတော့  အသက် ၁၀ နှစ်ရွယ် သမီးလေးက ပလပ်စတိတ်အိတ်ထဲထည့်ထားတဲ့ အဲဒီထီလက်မှတ်ကို အေတီအမ်ငွေထုတ်စက်နားမှာ ကောက်ရကြောင်း ၊ သမီးက မိခင်လက်ထဲ အပ်လိုက်ပြီး မိခင်ကလည်း မိမိကိုယ်ပိုင် အရာမဟုတ်ရင် ဘာမှမလိုချင်ဘဲ ပိုင်ရှင်အမှန်ကိုလည်း ကိုယ်ချင်းစာတာကြောင့်  ဈေးဆိုင်ကောင်တာမှာ အပ်နှံခဲ့တာ လို့ ပြောပါတယ် ။  အလားတူ ဆိုင်မန်နေဂျာကလည်း သူတပါးဥစ္စာကို အချောင်မလိုချင်ကြောင်း ၊ ပိုင်ရှင်အ စစ်ပေါ်လာက ပြဿနာဖြစ်နိုင်ကြောင်း တွေးမိပြီး ရဲစခန်းမှာ သွားအပ်ခဲ့တာလို့ ဆိုပါတယ်။  သူတို့ ၃ ဦးရဲ့ ရိုးသားမှုကို နားခါးနယ်မြေရဲစခန်း စခန်းမှူး နန်ထချိုင်း ဆူဖမုန်းခုံး ကိုယ်တိုင် ချီးကျူးကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။  တရားမဥပဒေအရ အဆိုပါ ထီလက်မှတ်ပိုင်ရှင် အစစ်အမှန်ကို တနှစ်အတွင်း စောင့်ဆိုင်းရမှာဖြစ်ကြောင်း၊ တနှစ်ပြည့်လို့မှ ပိုင်ရှင် မပေါ်ရင် ကောက်ရသူအနေနဲ့ အဆိုပါထီ လက်မှတ်ကို ပိုင်ဆိုင်ခွင့်ရှိပြီး  ၂ နှစ်ကျော်လို့မှ လာထုတ်တဲ့သူမရှိဘူး ဆိုရင်တော့ ထီဗဟိုဌာနထံ ပြန်လည်အပ်နှံသွားမယ်လို့ စခန်းမှူး နန်ထချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။  ကိုးကား - Thairath / MCOT / Amarin TV 
2 years Ago
Up