ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့

June 6, 2020

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ယင်းမာပင်တွင် သစ်ပင်ပေါင်း ၂၅၀၀ စိုက်ပျိုး

ဇွန် ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေနဲ့ ယင်းမာပင်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ဦးဆောင်ကာ ကံစုကျေးရွာမှာ သစ်ပင်ပေါင်း ၂၅၀၀ စိုက်ပျိုးခဲ့ပါတယ်။  ယင်းမာပင်မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန တောအုပ် ဦးကျော်စွာအောင်က “ဘန့်ဘွေးအုပ်စု၊ ကံစုကျေးရွာမှာ ထင်းအစား အခြားလောင်စာသုံးစံပြကျေးရွာမှာ စိုက်ပျိုးခဲ့တာပါ။ ၁ ရွာ ၁ ဧက ကျေးရွာသုံး ထင်းစိုက်ခင်းအတွက် အပင် ၆၀၀။ တအိမ်ထောင်ကို သစ်မာပင် ၂၀ နဲ့ ကျွန်း ၃ ပင်အတွက်လည်း အပင် ၂၀၀၀ ကျော် ဖြန့်ဝေပေးပြီး စိုက်ပျိုးခဲ့ပါတယ်။ အပင်တွေကို အခမဲ့ ဖြန့်ဝေပေးတာ” လို့  ပြောပါတယ်။ ကံစုကျေးရွာမှာ ၁ ရွာ ၁ ဧကအနေနဲ့ အပင်ပေါင်း ၆၀၀၊ တအိမ်ထောင်ကို သစ်မာပင် ၂၀ နဲ့ ကျွန်း ၃ ပင်အတွက် အပင်ပေါင်း ၃၅၀၀ နီးပါး စိုက်ပျိုးရမှာဖြစ်ပါတယ်။ ကျန်တဲ့အပင်တွေကို ဆက်လက်စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။ ဒီသစ်ပင်စိုက်ပွဲကို Save Monywa အဖွဲ့ကလည်း လူအား၊ လုပ်အားနဲ့ သွားရောက်ကူညီစိုက်ပျိုးပေးခဲ့ကြပါတယ်။  “ကမ္ဘာကြီးက ပူလာပြီး သဘာဝဘေးအန္တရာယ်တွေလည်း တိုးပြီးဖြစ်လာနေတဲ့အတွက် ကိုယ့်ပတ်ဝန်းကျင်မှာ သစ်ပင်စိုက်ပျိုးဖို့ လိုလာပြီဆိုတဲ့ အသိနဲ့ သွားရောက်ပူးပေါင်း ဆောင်ရွက်ဖြစ်ခဲ့တာ” လို့ Save Monywa အဖွဲ့ ဦးဆောင်သူ ဦးအောင်နေမျိုးက ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေနဲ့ သတ္တုတူးဖော်ပြီး သစ်ပင် ပြန်မပေါက်နိုင်တော့တဲ့ နေရာစုစုပေါင်း ၁၈၄၅ ဧကမှာ သစ်တောဦးစီးဌာနကနေ သစ်စေ့မြေလုံး ၆ သိန်းကို ကြဲပက်စိုက်ပျိုးနေပါတယ်။ မိုးရာသီ ရောက်လာပြီဖြစ်တဲ့အတွက် လူတစ်ယောက် သစ်တစ်ပင်၊ တစ်ပင်စိုက် တစ်ပင်ရှင် အွန်လိုင်းကမ်ပိန်းတွေကိုလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက လုပ်ဆောင်နေပါတယ်။  ဒါ့အပြင် ပျိုးပင်တွေကိုလည်း သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ကနေ အစိုအဖွဲ့အလိုက် သို့မဟုတ် တစ်ယောက်ချင်းစီကို အခမဲ့ ဖြန့်ဝေပေးနေပါတယ်။
1 year Ago
Up