ပတ်ဂွမ်ဟေး

August 24, 2018

တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွမ်ဟေး ထောင်ဒဏ် တိုးမြှင့်ချမှတ်ခံရ

လာဘ်စားမှုနဲ့ ထောင်ဒဏ် ၂၄ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ တောင်ကိုရီးယား အမျိုးသမီး သမ္မတဟောင်း ပတ်ဂွမ်ဟေးကို နောက်ထပ်တနှစ်ထပ်တိုးပြီး ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ သမ္မတဟောင်း ပတ်ဂွမ်ဟေးရဲ့ လူယုံမိတ်ဆွေဖြစ်သူဟာ စီးပွားရေး လုပ်ငန်းကြီးတွေကနေ ငွေကြေးရယူခဲ့ရာမှာ ပတ်ဂွမ်ဟေးနဲ့ ပတ်သက်မှုရှိတယ်လို့ တောင်ကိုရီးယား အဆင့်မြင့်တရားရုံးက အမိန့်ချမှတ်လိုက်တာပါ။ ဒါ့အပြင် ပတ်ဂွမ်ဟေးကို ကိုရီယားဝမ်ငွေ ၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၈၆ သန်း) ဒဏ်ငွေပေးဆောင်ဖို့လည်း တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ အခုနှစ် ဧပြီလက တောင်ကိုရီးယား အောက်တရားရုံးက သမ္မတဟောင်း ပတ်ဂွမ်ဟေးကို လာဘ်စားမှုနဲ့ ထောင်ဒဏ် ၂၄ နှစ် ချမှတ်ထားခဲ့တာပါ။ ဒါပေမယ့် အစိုးရရှေ့နေတွေက ပိုပြီးပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ အထက်ရုံးကို အယူခံဝင်ခဲ့တာကြောင့် အခုလို ထောင်ဒဏ် ၂၅ နှစ်ထိ တိုးမြှင့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အခုနှစ် ဇူလိုင်လကလည်း သမ္မတဟောင်း ပတ်ဂွမ်ဟေးကို တောင်ကိုရီးယား တရားရုံးတရုံးက အစိုးရရန်ပုံငွေ ဆုံးရှုံးအောင် ပြုလုပ်မှု၊ ၂၀၁၆ ပါလီမန်ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ ထောင်ဒဏ် ၈ နှစ် ထပ်မံချမှတ်ခဲ့ပါသေးတယ်။ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့ကတည်းက ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ အသက် ၆၆ နှစ်အရွယ် ပတ်ဂွမ်ဟေးဟာ သူ့ပေါ်စွဲဆိုထားတဲ့ ပြစ်မှုတွေကို ငြင်းဆိုထားပြီး တရားရုံးကို လာရောက်ခဲ့ခြင်း မရှိပါဘူး။ တောင်ကိုရီးယားနိုင်ငံမှာ သမ္မတတာဝန်ယူအပြီး ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ သမ္မတဟောင်း ၃ ဦးထိ ရှိသွားပြီဖြစ်ပါတယ်။ သမ္မတဟောင်း ချန်ဒူးဝမ်နဲ့ ရိုတေဟွန်းတို့ဟာ ၁၉၉၀ ပြည့်နှစ်လွန် ကာလတွေက နိုင်ငံတော်သစ္စာဖောက်မှု၊ လာဘ်စားမှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့လည်း တောင်ကိုရီးယား ယွန်ဟပ်သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။
3 years Ago

May 25, 2017

တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွမ်ဟေး ဒုတိယအကြိမ် စစ်ဆေးခံရန် တရားရုံးရောက်ရှိ

တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွမ်ဟေးဟာ ဒုတိယအကြိမ် ရုံးတင်စစ်ဆေးမှုခံယူဖို့ မေလ ၂၅ ရက်နေ့က ဆိုးလ်ဗဟိုခရိုင်တရားရုံးကို ရောက်ရှိလာပါတယ်။ ပတ်ဂွမ်ဟေးဟာ လာဘ်ပေးလ်ာယူမှုနဲ့ တရားရင်ဆိုင်ဖို့ ရောက်ရှိလာတာဖြစ်ပြီး အဲဒီအမှုကြောင့် သူဟာ သမ္မတရာထူးက ဖြုတ်ချခံရတာ ဖြစ်ပါတယ်။ သမ္မတဟောင်း ပတ်နဲ့ ဆမ်ဆောင်းအကြီးအကဲ ဂျေးဝိုင်လီတို့ဟာ အဲဒီအရှုပ်တော်ပုံနဲ့ပတ်သက်ပြီး သီးခြားစီ တရားရင်ဆိုင်ခဲ့ပါတယ်။ ပထမအကြိမ် ရုံးတင်စစ်ဆေးချိန်မှာ အစိုးရရှေ့နေက ပတ်အနေနဲ့ သူငယ်ချင်းဖြစ်သူ ချွိုင်ဆွန်ဆေးနဲ့ ပေါင်းပြီး ကုမ္ပဏီတွေကို ဒေါ်လာသန်းပေါင်းများစွာ ပေးဖို့ ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။ ပတ်ဂွမ်ဟေးက သူ့အနေနဲ့ ဘာအမှားမှ မလုပ်ခဲ့ကြောင်းနဲ့ အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပါတယ်။ ဂျေးဝိုင်လီကလည်း သူ့အနေနဲ့ ဆမ်ဆောင်းကော်ပိုရေးရှင်းကို မျက်နှာသာပေးဖို့ သမ္မတဟောင်းပတ်ကို လာဘ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ ပတ်ဂွမ်ဟေးထောက်ခံသူတွေကတော့ တရားရုံးအနီးမှာ စုဝေးပြီး သမ္မတဟောင်း ပတ်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up