ပညာရေးဌာနကိုဝေဖန်သည့် လွှတ်တော်အမတ်ကိုဖမ်းဆီးရန်ကြိုးပမ်းမှု ရခိုင်လွှတ်တော် ခွင့်မပြု

June 5, 2018

ပညာရေးဌာနကိုဝေဖန်သည့် လွှတ်တော်အမတ်ကိုဖမ်းဆီးရန်ကြိုးပမ်းမှု ရခိုင်လွှတ်တော် ခွင့်မပြု

  ပညာရေးဌာနကိုဝေဖန်တဲ့ လွှတ်တော်အမတ်တဦးကို ဖမ်းဆီးဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တင်ပြထားပေမယ့် လွှတ်တော် အစည်းအဝေးရှိနေတာကြောင့် ခွင့်ပြုပေးမှာ မဟုတ်ဘူးလို့ ရခိုင်ပြည်နယ် လွှတ်တော်ဒု-ဥက္ကဋ္ဌက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက သူရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်ကနေ ရခိုင်ပြည်နယ်ပညာရေးနဲ့ပတ်သက်လို့ ဝေဖန်ထောက်ပြ ခဲ့တာကြောင့် ပြည်နယ်ပညာရေးဌာနက စစ်တွေအမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဦးသန်းမောင်ဦးကို ဖမ်းဆီးဖို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က လွှတ်တော်ဥက္ကဋ္ဌ ဆီက တင်ပြထားတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြသန်းက မီဒီယာတွေကို ပြောပါတယ်။ စစ်တွေမြို့ ရဲစခန်းကနေပြီးတော့ ရမ်းဗြဲလွှတ်တော်အမတ် ဦးသန်းမောင်ဦးကို တရားစွဲဆိုထားတဲ့အပေါ်မှာ ဖမ်းဆီးစစ်ဆေးဖို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လွှတ်တော် ဥက္ကဋ္ဌဆီမှာ ခွင့်ပြုမိတောင်းခံထားပါတယ်။ ပြည်နယ်လွှတ်တော်ကတော့ လွှတ်တော်အစည်းအဝေးကျင်းပနေတာကြောင့် ဖမ်းဆီးစစ်ဆေးဖို့ ခွင့်မပြုပါဘူးလို့ ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ သန်းမောင်ဦး Facebook အကောင့်အမည်နဲ့ ငါတို့ ရခိုင်ပြည်နယ် တိုင်းနဲ့ပြည်နယ် ၁၄ ခုထဲမှာ ပညာရေး အနိမ့်ကျဆုံး၊ စီပွားရေးအနိမ့်ကျဆုံး၊ ကျန်းမာရေးဝန်ဆောင်မှုအနိမ့်ကျဆုံး စတဲ့ အချက်တွေကိုဝေဖန် ထောက် ပြခဲ့ပါတယ်။ အခုလိုဝေဖန်ထောက်ပြမှုအပေါ် အာဏာရှင်ဆန်ဆန်လုပ်ရင် ရဲရဲဝံဝံရင်ဆိုင်ဖြေရှင်းသွား မယ်လို့ အမှုဖွင့်ခံရတဲ့ ရမ်းဗြဲမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန်းမောင်ဦးက ဒီဗွီဘီကိုပြောပါတယ်။ “ရခိုင်ပြည်နယ်အစိုးရဆိုတာ ဝေဖန်ခံနိုင်ရမယ်လေ။ ပြည်သူက ဝေဖန်တာကိုလည်း ခံနိုင်ရမယ်၊ ကျနော်တို့ လွှတ်တော်ပိုင်းကဝေဖန်မယ်၊ထောက်ပြမယ်။ ဒါကိုလည်းခံနိုင်ရမယ်၊ ကျနော်တို့လည်းပြည်သူဝေဖန်တာပဲ၊ online ထဲမှာ ကျနော်တို့ ဝေဖန်နေတာပဲ၊ ကျနော်တို့ ခံနိုင်ရမယ်။ သူတို့က အကြံပြုတာပဲ၊ တဖက်ထောက်ပြတာတို့ အကြံပြုတာတွေကို လက်မခံဘူး ဆိုရင် အာဏာရှင်ဆန်သွားမှာပေါ့။ အာဏာရှင် ဆန်ဆန်လုပ် လာတာတော့ ကျနော်တို့ ဘက်က ရဲရဲဝံ့ဝံရင်ဆိုင်သွားမယ်။ ဒါက သမိုင်းပဲ”လို့ပြောပါတယ်။ ဒီလိုဝေဖန်ထောက်ပြခဲ့ရာမှာ စာမေးပွဲအောင်စာရင်းနဲ့ပတ်သက်ပြီး ကိန်းဂဏန်းတချို့မှား ခဲ့တယ်၊ ဒါပေမယ့် နာရီပိုင်းအတွင်းမှာပဲ Edit လုပ်ခဲ့ပြီး အမှားပြင်ဆင်ချက်နဲ့ တောင်းပန်ခဲ့တယ်လို့လည်း  ဦးသန်းမောင်ဦးက ဆိုပါတယ်။ ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ပြည်နယ်ပညာရေးဌာန ဒုတိယညွန်ကြားရေးမှူး ဦးစိန်ထွန်းလှက တရားလို လုပ်ပြီး စစ်တွေ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။ ဒုညွန်ကြားရေးမှူး ဦးစိန်ထွန်းလှကို ဒီဗွီဘီက ဆက်သွယ်ခဲ့မယ့် အခုကိစ္စကို ပြည်နယ်ပညာရေးမှူးထံမေးဖို့ ပြောဆိုတာကြောင့် ပြည်နယ်ပညာရေးမှူးကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။ ဒါ့အပြင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တာဝန်ရှိသူတွေကို  ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ- ဝဏ္ဏခွာညို
3 years Ago
Up