ပညာရေးစနစ်

May 28, 2019

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ အခြေခံပြဿနာ ပညာရေးအဆင့် မတူညီမှုကြောင့်ဖြစ်ဟု ဟွာဝေးဥက္ကဋ္ဌ ပြော

တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးစစ်ပွဲရဲ့ အခြေခံပြဿနာက ပညာရေးအဆင့် မတူညီမှုကြောင့်လို့ ဟွာဝေး နည်းပညာကုမ္ပဏီရဲ့ ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ ဟွာဝေး နည်းပညာလုပ်ငန်း တည်ထောင်သူနဲ့ ဥက္ကဋ္ဌ ရန်ကျန်းဖေးက တရုတ်အစိုးရ မီဒီယာ စီစီတီဗွီနဲ့ လူတွေ့မေးမြန်းခန်းမှာ မေလ ၂၇ ရက်က အခုလို ပြောလိုက်တာပါ။ နိုင်ငံတနိုင်ငံဟာ အခြေခံအဆောက်အဦ တည်ဆောက်ရေးမှာသာ အားစိုက်နေသင့်တာ မဟုတ်ဘဲ ပညာရေးရဲ့ အရေးကြီးမှုကိုပါ ပူးတွဲ လုပ်ဆောင်သင့်တယ်လို့ ရန်က ပြောပါတယ်။ "တကယ်လို့ ကျနော်တို့ ပညာရေးကို အာရုံမစိုက်ထားခဲ့ရင် ကျေန်ာတို့ တနေ့နေ့မှာ ဆင်းရဲတွင်းထဲ ပြန်ကျသွားလိမ့်မယ်" လို့ ရန်က ပြောပါတယ်။ နိုင်ငံတနိုင်ငံရဲ့ ဝိညာဉ်နဲ့ ကြွယ်ဝမှုကို ရုပ်ဝတ္ထုပိုင်းပံ့ပိုးမှု အင်္ဂါရပ်တွေနဲ့ပဲ မဆုံးဖြတ်သင့်ဘဲ ယဉ်ကျေးမှု၊ အတွေးအခေါ်နဲ့ ပညာရေးတို့လို ကိုင်တွယ်ထိတွေ့လို့မရတဲ့ အစိတ်အပိုင်းတွေနဲ့လည်း ဆုံးဖြတ်သင့်တယ်လို့ ရန်က ဆက်ပြောပါတယ်။ "ကျေးလက်ဒေသတွေမှာ အခြေခံပညာရေးကို မစခဲ့ရင်၊ အခြေခံပညာရေးကို တဆင့်ပြီး တဆင့် မလုပ်ဆောင်ခဲ့ရင် ကျနော်တို့နိုင်ငံဟာ ကမ္ဘာမှာ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး" လို့လည်း ရန်က ပြောပါတယ်။ နိုင်ငံတနိုင်ငံဟာ လုံလောက်အောင် တံခါးဖွင့်ထားသင့်တယ်၊ ဒါမှသာ တောက်ပတဲ့ အနာဂတ်ရှိမယ်၊ ဒါပေမယ့် ဖွင့်ပေးတဲ့ ပရိဝုဏ်က ယဉ်ကျေးမှုနဲ့ ပညာရေးပင်စည် ခိုင်မာ အားကောင်းရမယ်လို့လည်း ရန်က ဆက်ပြောပါတယ်။ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ်ပွဲရဲ့ အစိတ်အပိုင်းအနေနဲ့ အမေရိကန် အစိုးရက တရုတ်အခြေစိုက် ဟွာဝေးနဲ့ မိတ်ဘက်လုပ်ငန်း ၇၀ ကို အရင်အပတ်က နာမည်ပျက်စာရင်း သွင်းခဲ့တာပါ။ ဒါကြောင့် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေဟာ ဟွာဝေးနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို အဆက်ဖြတ်လိုက်ကြပါတယ်။ ဂျပန်နဲ့ ဗြိတိန်တို့က အွန်လိုင်းဈေးရောင်းတဲ့ လုပ်ငန်းတချို့ကလည်း ဟွာဝေး ထုတ်ကုန်တွေကို သူတို့ရဲ့စာမျက်နှာပေါ်မှာ တင်ရောင်းမပေးတော့ဘဲ ဖြုတ်ချခဲ့ကြပါတယ်။ အမေရိကန်ရဲ့ ဗိုလ်ကျမှုကို အကောင်းဆုံး တုံ့ပြန်နည်းဟာ တရုတ်လုပ်ငန်းတွေ ပိုအားကောင်းကောင်းနဲ့ ဆက်တိုးတက်နေဖို့ပဲလို့ တရုတ် စီးပွားရေးဝန်ကြီးဌာန ပြောခွင့်ရက ဆိုပါတယ်။
2 years Ago

May 22, 2019

ပညာရေးစနစ် မှန်ကန်ပါက အခြားနိုင်ငံများကို ရင်ပေါင်တန်းနိုင်မည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ပညာရေးစနစ် ကောင်းမွန်မှန်ကန်ရင် တခြားနိုင်ငံတွေကို ရင်ပေါင်တန်းပြီး အချိန်တိုအတွင်း အမီလိုက်နိုင်မယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မေ ၂၁ ရက်က ပျဉ်းမနားမြို့ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းမှာ ဖွင့်လှစ်သင်ကြား ပို့ချနေတဲ့ အလယ်တန်းအဆင့် (သင်ရိုးသစ်) Grade-6 ခရိုင်အဆင့် သင်တန်းကို သွားရောက်ကြည့်ရှုရင်း ပြောခဲ့တာ ဖြစ်ပါတယ်။ “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ အဓိကက ပညာရေးစနစ်ဖြစ်ပါတယ်၊ ပညာရေးစနစ် မှန်ကန်ရင် အခြားနိုင်ငံများကို ရင်ပေါင်တန်းပြီး အချိန်တိုအတွင်း အမီလိုက်နိုင်မှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကို အခြားနိုင်ငံတွေက ကျောင်းသား၊ ကျောင်းသူတွေထက် တမူထူးပြီး တော်စေချင်ပါတယ်။ ကျောင်းစာသာမက စာရိတ္တပိုင်းနဲ့  ပူးပေါင်းဆောင်ရွက်မှု အပိုင်းမှာ တော်စေချင်ပါတယ်။ နိုင်ငံသားတွေ အတူပူးပေါင်းပြီး အစုအဖွဲ့အလိုက် ဆောင်ရွက်ရာမှာ တော်စေချင်ပါတယ်။ မိမိတို့ လူမှုအသိုင်းအဝိုင်း ပျော်ရွှင်ဖို့၊ တိုးတက်ဖို့ လုပ်ဆောင်ပေးနိုင်တဲ့ ကလေးငယ်တွေကို မွေးထုတ်ချင်ပါတယ်။” ပညာရေးဝန်ကြီးဌာနက တနိုင်ငံလုံးမှာ သင်ရိုးသစ် Grade-3 နဲ့ အလယ်တန်းအဆင့် သင်ရိုးသစ် Grade-6 တို့ကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ စတင် သင်ကြားပို့ချနေတာ ဖြစ်ပါတယ်။ အရင် သင်ရိုးဟောင်းမှာ သင်ရိုးဘာသာဖြစ်တဲ့ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ်တို့ကို သင်ရိုးအဖြစ် သတ်မှတ်သင်ကြားပြီး ကာယ၊ ပန်းချီ၊ ဂီတ၊ သက်မွေး၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်တွေကို တွဲဖက်သင်ရိုးအဖြစ် သင်ကြားပေးခဲ့တာပါ။ အခုသင်ရိုးသစ်မှာတော့ ကာယ၊ ပန်းချီ၊ ဂီတ၊ စာရိတ္တနဲ့ ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်တွေကိုပါ သင်ရိုးအဖြစ် သတ်မှတ်သင်ကြားနေတာ ဖြစ်ပါတယ်။ အခုသင်တန်းတွေမှာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းအုပ်တွေကို သင်ရိုးသစ်တွေအပြင် ခေါင်းဆောင်မှု အတတ်ပညာကိုလည်း ထည့်သွင်း သင်ကြားပေးနေပါတယ်။
2 years Ago
Up