ပညာရေး

June 3, 2019

ပန်းကလေးများ စနစ်တကျပွင့်ပါစေ (အယ်ဒီတာအာဘော်)

“ပန်းကလေးများပွင့်တော့မည် ဖူးတန်ဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း” ကဗျာဆရာ ပျဉ်းမနားမောင်နီသင်း၏ မရိုးနိုင်သည့် ကလေး ကဗျာလေးတပုဒ် ဖြစ်သည်။ ယနေ့ ဇွန် ၃ ရက်နေ့သည် နိုင်ငံတဝန်း အခြေခံပညာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်နေ့ ဖြစ်သည့်အလျောက် ရန်ကုန်မြို့ နံနက်ခင်းသည် ကျောင်းသားကျောင်းသူများ ဆရာဆရာမများနှင့် စည်ကား သက်ဝင်နေပြီး နှစ်လိုဘွယ် မြင်ကွင်းတရပ် ဖြစ်သည်။ ရန်ကုန်တိုင်းအစိုးရက ဝယ်ယူထားသည်ဆိုသည့် ကျောင်းကားဝါဝါလေးများဖြင့် ကျောင်းသားကျောင်းသူများကို သယ်ဆောင်မောင်းနှင်လာသည့် မြင်ကွင်းသစ်လည်း မြင်တွေ့ရသည်။ ယခုနှစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်သစ် ကျောင်းသားအပ်နှံရာတွင် ငွေကြေးတစုံတရာ မပေးရသည့်အပြင် ကျောင်းစာအုပ်များပါ အခမဲ့ ရရှိကြသည်ဆိုသည့် သတင်းများလည်း ကျောင်းသားမိဘများထံမှ ကြားသိခဲ့ရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခြေခံပညာ ကျောင်းများအတွက် လမ်းညွှန်ချက် ၇ ချက် ချမှတ်ပေးထားသည်ဟု ပညာရေးဌာနက ထုတ်ပြန်ထားသည်။ ကျောင်းများတွင် မူးယစ်ဆေးအန္တရာယ် ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ အရက်အလွန်အကျွံ သောက်သုံးခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ လျှော့ချရေးတို့ ပါဝင်သည်။ ထို့အပြင် ကျန်းမာရေးနှင့် ညီညွတ်သည့် လူမှုဘဝပုံစံများ လိုက်နာကျင့်သုံး ဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျှော့ချရေး၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများကို ထည့်သွင်းသင်ကြားပေးနိုင်ရေး၊ ကျောင်းသားကျောင်းသူများ ဂိမ်းအလွန်အကျွံ စွဲလမ်းမှု ပပျောက်ရေးအတွက် ကျန်းမာရေး အသိပညာပေးရေး စသည့်အချက်များလည်း ပါဝင်သည်။ အခြေခံပညာဦးစီးဌာနသည် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး အခြေခံပညာကျောင်းများတွင် ပညာပေးဟောပြောပွဲများ လုပ်ဆောင်သွားရန် စိုင်းပြင်းနေသည့် သတင်းလည်း တဆက်တည်း ကြားရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျောင်းများတွင် လုပ်ဆောင်ရန် လမ်းညွှန်ချက်များကို ကြည့်လျှင် ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်ထားသည်ကို တွေ့မြင်ရသည်။ အခြေခံပညာကျောင်းများက အစပြုပြီး မူးယစ်ဆေးအန္တရာယ်ကို အသိပေးမည်၊ မျိုးဆက်ပွား ကျန်းမာရေး အသိပေးမည်ဆိုသည့် သတင်းစကားများသည် အင်မတန် ကြိုဆိုရမည့် ကိစ္စရပ်များ ဖြစ်သည်။ ကျောင်းကျန်းမာရေးကော်မတီများ စနစ်တကျဖွဲ့စည်းပြီး လမ်းညွှန်ချက်များကို အကောင်အထည် ဖော်မည်ဆိုလျှင် အောင်မြင်နိုင်သည်။ ပန်းကလေးများကို စနစ်တကျပျိုးထောင်ပြီး နေခြည်မှာ ရွှေရည်လောင်းကြရင်ဖြင့် မျိုးဆက်သစ်များနောင်ရေး စိတ်အေးရမည်ဖြစ်သလို တိုင်းပြည်၏ အနာဂတ်လည်း ဧကန်အမှန် လှပမည်ဖြစ်သည်။
2 years Ago

March 22, 2019

မြန်မာနိုင်ငံ ပညာရေးကဏ္ဍအတွက် ယူရိုငွေ ၂၂၁ သန်း အီးယူကူညီ

မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက် အီးယူ ဥရောပသမဂ္ဂက  ယူရိုငွေ ၂၂၁ သန်းဖိုး အကူအညီအထောက်အပံ့တွေ ပေးအပ်ဖို့ မြန်မာအစိုးရနဲ့ အီးယူသံတမန် တွေ သဘောတူစာချုပ်ချုပ်ဆိုလိုက်ပါတယ်။ အီးယူရဲ့ အကူအညီနဲ့ ဆောင်ရွက်မယ့် ပညာရေးနဲ့ ကျွမ်းကျင်မှုအခြေခံတွေ မြှင့်တင်ရေး စီမံချက်နဲ့ ပတ်သက်တဲ့ ငွေကြေးထောက်ပံ့မှုဆိုင်ရာ သဘောတူစာချုပ်ကို  မတ်လ ၂၁ ရက် မနက်က နေပြည်တော်မှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နဲ့ ဥရောပသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာသံရုံးက သံအမတ်ကြီး ခရစ္စတင်း ရှမစ်တို့  လက်မှတ်ရေးထိုးခဲ့ကြတာပါ။ အဆိုပါငွေကြေးအထောက်အပံ့ ယူရို ၂၂၁ သန်းထဲမှာ ဘတ်ဂျက်အထောက်အပံ့ ယူရို ၁၇၅ သန်းနဲ့ ဖြည့်စွက်အထောက်အပံ့ ယူရို ၄၆ သန်း ပါဝင်တယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒီအကူငွေတွေနဲ့ အခြေခံပညာအလယ်တန်းနဲ့ အထက်တန်းပညာရေး ပြုပြင်ပြောင်းလဲတဲ့ လုပ်ငန်း၊ နည်းပညာနဲ့ သက်မွေးပညာ ကဏ္ဍပြုပြင်ပြောင်းလဲတဲ့လုပ်ငန်း၊   အလုပ်ရုံနဲ့ ကျောင်းသားအဆောင်တွေဆောက်လုပ်တဲ့ လုပ်ငန်းတွေအပြင် ဆရာလမ်းညွှန်နဲ့ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေရိုက်နှိပ်တာ၊ ဆရာ၊ဆရာမတွေကို အရည်အသွေးပြည့်ဝရေး သင်တန်းတွေ ပေးတာနဲ့  ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ADB ၊ World Bank ၊ I-IDEA တို့နဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ သဘောတူစာချုပ် လဲလှယ်ပွဲအခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်ထောင်စုဝန်ကြီးတွေ ဥရောပသမဂ္ဂ နိုင်ငံတွေက သံအမတ်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ- အတိုင်ပင်ခံရုံး
2 years Ago
More News
Up