အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရသစ်အနေနဲ့ အမျိုးသမီးတွေကို ပညာသင်ပိုင်ခွင့်၊ အလုပ်လုပ်ပိုင်ခွင့် စတဲ့ အခွင့်အရေးတွေကိုပေးဖို့ ကဘူးလ်မြို့ခံတွေက မျှော်လင့်နေကြပါတယ်။
တာလီဘန်တွေဟာ သြဂုတ် ၁၅ ရက်မှာ အာဏာသိမ်းပြီးကတည်းက အမျိုးသမီးတွေ ဦးဆောင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့ပြီး လူတွေကိုလည်း ဖမ်းဆီး ရိုက်နှက်ခဲ့ပါတယ်။
တာလီဘန်တွေကတော့ ဒီအဖြစ်အပျက်တွေကို စုံစမ်းစစ်ဆေးမယ်လို့ ကတိပေးထားပေမဲ့ အခုချိန်ထိတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှအရေးမယူသေးပါဘူး။
အမျိုးသမီးအားလုံးဟာ ပညာတတ်ပိုင်ခွင့်၊ စာသင်ကြားခွင့် ရှိတဲ့အပြင် အစ္စလာမ်နဲ့ ခေါင်းမြီးခြုံဖို့ ကန့်သတ်ချက်အတွင်းမှာတောင် အစိုးရအလုပ်ကိုလည်း ဝင်လုပ်ခွင့်ရှိတယ်လို့ ဒေသခံ အဂျ်မဲလ် ဂျဘာခဲလ်က ပြောပါတယ်။
အမျိုးသမီးတွေကို ပညာသင်ခွင့်၊ အလုပ်လုပ်ခွင့်တွေ တားမြစ်ထားတာ အစ္စလာမ်ဘာသာမှာ မရှိတာကြောင့် တာလီဘန်တွေဟာ အစ္စလာမ်ဘာသာအရကို အမျိုးသမီးတွေကို သူတို့အခွင့်အရေးတွေ ပေးအပ်သင့်တယ်လို့လည်း ဆိုပါတယ်။
၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အထိ တာလီဘန်တွေ အာဏာရခဲ့စဉ်တုန်းက တင်းကျပ်တဲ့ အစ္စလာမ့်ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး လူရှေ့သူရှေ့ ရိုက်နှက်အပြစ်ပေးခြင်း၊ ခြေလက်ဖြတ်ခြင်းနဲ့ သေဒဏ်စီရင်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
အလုပ်လုပ်ခြင်း၊ ပညာသင်ခြင်းလို အမျိုးသမီးလှုပ်ရှားမှုတွေကိုလည်း ပြင်းပြင်းထန်ထန် တားမြစ်ခဲ့ပါတယ်။
အခု အာဏာပြန်သိမ်းယူလိုက်ချိန်ကစပြီး တာလီဘန်တွေဟာ ကျေအေးလွှာ ကြေညာချက်တွေ ထုတ်ပြန်ဖို့ ကြိုးစားနေပေမယ့်လည်း လူပေါင်းများစွာအတွက် အနာဂတ်တွေက မရေမရာ ဖြစ်နေဆဲပါ။