ပညာရေးရန်ပုံငွေ

September 21, 2020

အမေရိကန်တွင် TikTok ကုမ္ပဏီက ဒေါ်လာ ၅ ဘီလီယံတန် ပညာရေးရန်ပုံငွေ  ထူထောင်

TikTok အပလီကေးရှင်းပိုင်ရှင် ဘိုက်ဒန့်စ်ကုမ္ပဏ်ဟာ အမေရိကန်နိုင်ငံထဲမှာ ဒေါ်လာ ၅ ဘီလီယံတန် ပညာရေးရန်ပုံငွေ ပထမဆုံးအကြိမ် ထူထောင်လိုက်တယ်လို့ သမ္မတထရမ့်က စက်တင်ဘာ ၂၀ ရက်မှာ လူမှုကွန်ရက် မီဒီယာပေါ်ကနေ ပြောလိုက်ပါတယ်။ အမေရိကန်နိုင်ငံထဲမှာ TikTok က ဆက်ပြီး လုပ်ငန်းလည်ပတ်ဖို့ ခွင့်ပြုရေး အမေရိကန်ဒေါ်လာ ၅ ဘီလီယံတန် ပညာရေးရန်ပုံငွေပါဝင်တဲ့ သဘောတူညီချက်ကို သူ အတည်ပြုပြီးပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့တာပါ။  ကမ္ဘာတလွှားက ကျောင်းသားတွေအတွက် မှတ်ဉာဏ်တုနဲ့ ရုပ်သံနည်းပညာကို အခြေခံတဲ့ အွန်လိုင်းစာသင်ခန်းစီမံကိန်းတွေကို စတင်ဖို့၊ ကမ္ဘာတလွှားက ရှယ်ယာရှင်တွေနဲ့ မိတ်ဖက်တွေနဲ့ အတူအလုပ်လုပ်ဖို့၊ စီမံကိန်းတွေနဲ့ ပညာရေးနယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံဖို့  ကုမ္ပဏီက ကတိပြုခဲ့ပြီးပြီလို့ ဘိုက်ဒန့်စ်ရဲ့ တရားဝင်အကောင့် ထို့ထျောင်က ဆိုပါတယ်။ TikTok Global ဆိုတဲ့နာမည်နဲ့ TikTok ရဲ့ အမေရိကန်နိုင်ငံအတွင်း လုပ်ငန်းလည်ပတ်မှု ပြန်စနိုင်စေမယ့် ကုမ္ပဏီအသစ်ကို ဘိုက်ဒန့်စ်၊ အိုရာကယ်နဲ့ ဝေါလ်မတ်ကုမ္ပဏီကြီး ၃ ခု သဘောတူညီချက်ချတာကို သူက ထောက်ခံတယ်လို့ သမ္မတထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန် စီးပွားရေးဝန်ကြီးဌာနက တရုတ်ပိုင် စာတိုပေးပို့နိုင်တဲ့ အပလီကေးရှင်း ဝီချတ်နဲ့ ရုပ်သံအတိုလေးတွေ မျှဝေနိုင်တဲ့ TikTok အပလီကေးရှင်းတို့ကို အမေရိကန်နိုင်ငံထဲမှာ ဒေါင်းလုတ်လုပ်ပြီးသုံးလို့ မရအောင် စက်တင်ဘာ ၂၀ ရက်ကစပြီး ပိတ်ဆို့မယ့် တားမြစ် ပိတ်ပင်ချက်ကို အစောပိုင်းက ကြေညာခဲ့တာပါ။  ခုတော့ TikTok ပိတ်ပင်မယ့်အရေးကို စက်တင်ဘာ ၂၇ ရက်ထိ ရွှေ့ဆိုင်းထားမှာ ဖြစ်ပါတယ်။
8 months Ago
Up