ပညာရေးမှူးရုံး

June 29, 2021

ပုသိမ်မြို့နယ်ပညာရေးမှူးရုံးဝင်းထဲ ဗုံးပေါက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက် ရုံးပေါင်းစုံထဲ မြို့နယ်ပညာရေးမှူးရုံးဝင်းထဲမှာ ဇွန်လ ၂၉ ရက်နေ့ ဒီကနေ့ညပိုင်း ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ည ၇ နာရီ ၁၅ မိနစ်လောက်မှာ ပုသိမ်မြို့နယ်ပညာရေးမှူးရုံးဝင်းထဲ ဗုံးပေါက်ကွဲတဲ့ အသံကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "ခုနလေးတင်ပေါက်တာ ရုံးဝင်းထဲလား အပြင်လား မပြောတက်သေးဘူးဗျ။ ပုသိမ်မှာ မပေါက်တာကြာပြီ၊ ဒီနေ့မှ ပြန်ပေါက်တာ” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ မြို့နယ်ပညာရေးမှူးရုံးထဲကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်ရှိစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိ မရှိ ဆိုတာကိုတော့ အတည်ကျမသိရသေးပါဘူး။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မေလပိုင်းကစတင်ကာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး ဒီနေ့ထိဆိုရင် ၈ ကြိမ်လောက်ရှိပြီလို့ ဒေသခံတွေက ပြောဆိုပါတယ်။

5 months Ago

ကျိုက်လတ်မြို့ ပညာရေးမှူးရုံးအနီး ဗုံး ၃ လုံး ဆက်တိုက်ပေါက်၊ လူ ၄ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့ ပညာရေးမှူးရုံးနဲ့ ကျောင်းတွေအနားမှာ  ဇွန်လ ၂၉ ရက် မနက်က ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး လူ  ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ 

အမှတ် ၁ အထက်တန်းကျောင်းရှေ့မှာ ဗုံး ၁ လုံး၊ ကျောင်းအနောက်ဘက်မှာ ဗုံး ၁ လုံး ပေါက်ကွဲပြီး ပညာရေးမှူရုံးအနီးမှာ ဗုံး ၁ လုံး စုစုပေါင်း ဗုံး ၃ လုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

မြို့ခံတစ်ဦးက “အမှတ် ၁ အထက်တန်းကျောင်းအတွင်းနဲ့ မြို့နယ်ပညာရေးမှူးရုံးနားမှာ မနက် ၁၀ နာရီ ၄၅ မိနစ် လောက်က ဗုံးက ၃ လုံးပေါက်တယ်။ ကျောင်းသားတွေ ပြန်လွှတ်နေတယ်။ စာသင်ကျောင်းရှေ့နဲ့ စားသောက်ဆိုင်ရှေ့ ကင်းရုံနားမှာ ပေါက်တဲ့အလုံးမှာ ထိတာ ပြည်သူ ၄ ဦး ထိခိုက်တယ်”လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက်  ကျိုက်လတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးတင်းကျပ်ချထားပြီး စစ်ဆေးနေပါတယ်။

5 months Ago

June 13, 2021

တောင်တွင်းကြီးမြို့နယ် ပညာရေးမှူးရုံးတွင် ရာထူးတိုး၊ ပြောင်းရွှေ့လျှောက်ထားသူများပြား

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ပညာရေးမှူးရုံးမှာ ရာထူးတိုး၊ ရာထူးပြောင်းရွှေ့ နေရာ ခေါ်ယူနေတဲ့အတွက် လျှောက်ထားသူများပြားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကဆိုရင် ဒီဇင်ဘာလမှ အလုပ်ခေါ်လေ့ရှိတာဖြစ်ပြီး အခုနှစ်မှာတော့  CDM မှာပါလို့ အလုပ်ထုတ်ခံရတဲ့သူတွေနေရာမှာ အစားထိုးခန့်ဖို့ စစ်ကောင်စီက ကြိုးစားနေတာပါ။ 

အလုပ်ထုတ်ခံရတဲ့ ကျောင်းဆရာတစ်ဦးက “လျှောက်တဲ့သူတွေကလည်း အငမ်းမရ လျှောက်ကြတာ တော်တော်များတယ်။ စစ်အာဏာရှင်ရဲ့စနစ်အောက်မှာ အလုပ်မလုပ်ချင်လို့ CDM မှာပါပြီး အလုပ်ထုတ်ခံရတဲ့သူတွေကိုမှ အားမနာဗျာ။ ရှက်ဖို့ကောင်းတယ်” လို့ ပြောပါတယ်။

CDM မှာပါဝင်တဲ့ ဆရာမတစ်ဦးကလည်း “'ငကန်းသေ ငစွေပေါ်လိမ့်မယ်လို့ ပညာရေးမှူးက ပြောလို့များ ငမ်းငမ်းတက်လျှောက်နေကြတာလား မသိဘူး။ အဲဒီလိုလူမျိုးတွေရှိလို့လည်း စစ်ကျွန်သက်ရှည်နေတာ” လို့ ပြောပါတယ်။

မြို့နယ်ပညာရေးမှူးရုံးရဲ့က ထုတ်ပြန်တဲ့ စာရင်းတွေအရ တောင်တွင်းကြီးမြို့မှာ စာသင်ကျောင်းပေါင်း ၂၅၂ ကျောင်းနဲ့ ပညာရေးဝန်ထမ်းပေါင်း ၂၄၀၀ ကျော်ရှိပြီး အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်တဲ့အတွက် အလုပ်ထုတ်ခံရသူ ၃၉၅ ဦးရှိတယ်လို့ သိရပါတယ်။

6 months Ago
More News
Up