ပညာရေး

A d v e r t i s e m e n t With Us

September 9, 2020

ကိုဗစ်-၁၉ ကြောင့် ပညာရေးအနှောင့်အယှက်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး ကျဆင်းနိုင်ဟု OECD ခန့်မှန်း

ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကြောင့် ကျောင်းနေပညာရေး အနှောင့်အယှက် ဖြစ်ရတဲ့အတွက် ကျွမ်းကျင်မှု ဆုံးရှုံးစေနိုင်ပြီး ဒီရာစုနှစ်ကုန်ပိုင်းမှာ ကမ္ဘာ့စီးပွားရေး ထုတ်လုပ်မှု ပမာဏ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ကြီး (OECD) က ခန့်မှန်းချက် ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်နိုင်ငံ တနိုင်ငံတည်းမှာ စီးပွားရေး ဆုံးရှုံးမှုက ဒေါ်လာ ၁၅ ဒသမ ၃ ထရီလီယံ ရှိမယ်လို့လည်း (OECD) က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပြောပါတယ်။ တကယ်လို့ ပညာရေးအနှောင့်အယှက်တွေက လာမယ့်ပညာသင်နှစ်ထိ ဆက်ပြီး သက်တမ်း တိုးခဲ့ရင် ဆုံးရှုံးမှု ပိုမြင့်မယ်လို့လည်း ဆိုပါတယ်။ သင်ကြားမှု ဆုံးရှုံးတာဟာ ကျွမ်းကျင်မှု ဆုံးရှုံးတာပဲ။ ကျွမ်းကျင်သူတွေဟာ သူတို့ရဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ ပတ်သက်နေတယ်လို့ အစီရင်ခံစာက ပြောပါတယ်။ OECD အတွင်းရေးမှူးချုပ်က “စီးပွားရေးအတွက် ကဏ္ဍအားလုံးက အရေးပါတယ်။ ပြန်စဖို့အတွက်နဲ့ နိုင်ငံတွေရဲ့ အနာဂတ် အတွက် ကျောင်းတွေဟာ ရှုပ်ထွေးတဲ့ ဘက်ပေါင်းစုံ ထည့်တွက်ဆင်ခြင်ရမယ့် ပြဿနာကို ဖြေရှင်းပေးရလိမ့်မယ်။ လူတိုင်း ဘေးကင်းဖို့ အာမခံရတာနဲ့ တပြိုင်တည်းမှာ လူတိုင်းကို ကြိုဆိုနေရတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကမ္ဘာနိုင်ငံတွေက အစိုးရတွေဟာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ကျောင်းတွေကို သီတင်းပတ် ဆယ်ပတ်ကနေ စာသင်နှစ် သုံးပုံတပုံထိ ပိတ်ထားခဲ့ကြတာပါ။ ကိုဗစ်-၁၉ ပထမလှိုင်းကြောင့် စီးပွားရေးတိုးတက်နှုန်း ၆ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး တကယ်လို့ ဒုတိယလှိုင်းပါ ဖြစ်ခဲ့ရင် ကမ္ဘာ့စုစုပေါင်း ထုတ်ကုန်ဟာ ၇ ဒသမ ၅ ရာခိုင်နှုန်းအထိ ပိုဆိုးဆိုးရွားရွား ကျဆင်းနိုင်တယ်လို့ OECD က ဟောကိန်းထုတ်ထားပါတယ်။
6 months Ago

August 21, 2020

ကျောင်းများကို ကိုဗစ်-၁၉ ကာကွယ်ရေး စစ်ဆေးသည့်အချက်များ လျှော့ချပြုပြင်ရန် ဝန်ကြီးပြော

ကျောင်းတွေကို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် စစ်ဆေးအကဲဖြတ်တဲ့ အချက်တွေကိုလျှော့ချဖို့ ကျန်းမာရေးနဲ့ အားကစားပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ မနေ့က နေပြည်တော်မှာလုပ်တဲ့ ပြုလုပ်ခဲ့တဲ့ ကျောင်းတွေပြန်လည်ဖွင့်လှစ်ချိန်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး နည်းပညာ ပံ့ပိုးမှုကော်မတီအစည်းအဝေးမှာ ပြောခဲ့တာပါ။ အချက် ၈၀ ပါဝင်တဲ့ ဆန်းစစ်အကဲဖြတ်တဲ့ပုံစံတွေကို ပြန်သုံးသပ် အရေအတွက်လျှော့ချပြီး အရေးကြီးတဲ့အချက်တွေပဲပါဝင်တဲ့ ပုံစံသစ်ကို ပြုပြင်စေလိုတယ်လို့ ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။ အခြေခံပညာအထက်တန်းကျောင်းတွေ ပြန်ဖွင့်လှစ်တဲ့ ၁ လ ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်တာ မတွေ့ရသေးပေမယ့် ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းပြုစုထားတဲ့ ဆန်းစစ်အကဲဖြတ်မှုပုံစံ (checklist) ကို အသုံးပြုပြီး စောင့်ကြည့်ဆန်းစစ်တာကို အရှိန်အဟုန်မပျက် ဆက်လုပ်ရမယ်လို့ လည်း ပြောပါတယ်။ စောင့်ကြည့်ဆန်းစစ်တာကို ပိုင်ပိုင်နိုင်နိုင်သေသေချာချာလုပ်နိုင်မှပဲ ရောဂါလက္ခဏာရှိတဲ့ ကျောင်းသားကျောင်းသူတွေကို စောစောစီးစီး ရှာဖွေဖော်ထုတ်နိုင်မှာဖြစ်ပြီး ဒီအချိန်မှာ စောင့်ကြည့်ဆန်းစစ်တာဟာ အဓိက လုပ်ငန်းဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ အထွေထွေအုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသအာဏာပိုင်တွေ၊ အခြေခံပညာဦးစီးဌာနဲ့ မိဘဆရာအသင်းတွေပါတဲ့ ပူးပေါင်းအဖွဲ့တွေက အထက်တန်းကျောင်းတွေ ကို အကဲဖြတ်ဆန်းစစ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကစလို့  ကိုဗစ်-၁၉ ကာကွယ်ရေး အချက်အလက်ပြည့်စုံတဲ့ အထက်တန်းကျောင်း ၃၉၉၉ ကျောင်းကို စတင်ဖွင့်လှစ်ခဲ့တာပါ။ စစ်ဆေးပြီးတဲ့အခါ အဆင်သင့်ဖြစ်တဲ့ အေအဆင့်ကျောင်း၊ ဖြည့်ဆည်းဖို့လိုတဲ့ ဘီအဆင့် ကျောင်းနဲ့ ဖြည့်ဆည်းဖို့ အထူးလိုအပ်တဲ့ စီအဆင့်ကျောင်းလို့ ခွဲခြားပြီး ကျန်းမာရေး၊ ပညာရေးနဲ့ အထွေထွေ အုပ်ချုပ်ရေးတို့က တာဝန်ယူလက်မှတ်ရေးထိုးပြီး တိုင်းနဲ့ပြည်နယ်အလိုက် ဗဟိုအဆင့်ကို ပေးပို့နေတာဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးလို လူဦးရေထူထပ်တဲ့နေရာတွေက ကျောင်းတွေ ရောဂါကူးစက်မှု အန္တရာယ် ပိုများနိုင်တယ်ဆိုတာကို သတိပြုဖို့ လိုသလို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာလည်း ကူးစက်တာများနေတဲ့အချိန်ဖြစ်လို့ နီးစပ်တဲ့ တိုင်းနဲ့ပြည်နယ်က ကျောင်းတွေမှာ အထူး ပိုပြီး ဂရုစိုက်ဖို့ လိုတယ်လို့လည်း ဝန်ကြီးက သတိပေးပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လေ့လာချက်အရ ကိုရိုနာဗိုင်းရပ်စ် နမူနာတွေရဲ့ သုံးပုံတပုံလောက်မှာ ကူးစက်နှုန်းမြန်တဲ့ မျိုးဗီဇပြောင်းလဲတာကိုတွေ့ထားရပြီး မြန်မာနိုင်ငံမှာ လည်း စစ်ဆေးတဲ့ နမူနာ ၁၀ ခုမှာ ၆ ခုဟာ D614G ဗီဇပြောင်းလဲတာတွေ့ရလို့ ဒုတိယလှိုင်းအသွင်ဖြစ်ပွားဖို့ အလားအလာရှိတာကြောင့် လုံးဝ ပေါ့ဆလို့မရဘူးလို့လည်း ပြောပါတယ်။ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကလည်း ဖွင့်လှစ်ဖို့ကျန်နေတဲ့ အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၆၁၀ ကို စစ်ဆေးနေသလို ကြီးကြပ်ဆန်းစစ်တွေ့ရှိချက်တွေအရ လိုအပ်ချက်တွေကို ပညာရေးဝန်ကြီးဌာနမှ အမြန် ဖြည့်ဆည်းပေးမှာဖြစ်ပြီး ရောဂါကူးစက်မှု အခြေအနေပေါ်မူတည်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုအတိုင်း တချို့ကျောင်းများဖွင့်လှစ်တာကို ခဏဆိုင်းငံ့သွားမယ်လို့ ပြောပါတယ်။ ပြီးတော့ ပညာရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ်တွေ ပါဝင်တဲ့အဖွဲ့ ၃ ဖွဲ့နဲ့ တိုင်းနဲ့ ပြည်နယ်က ကျောင်းတွေမှာ နေ့တိုင်း စောင့်ကြည့် စစ်ဆေးနေသလို ရန်ကုန်နဲ့ နေပြည်တော်က ကျောင်းတွေမှာ ရိုက်ကူးရေးအဖွဲ့တွေနဲ့ နေ့စဉ်မှတ်တမ်းတင်ထားတယ်လို့လည်း ပြောပါတယ်။
6 months Ago
More News
Up